
အင်အားပြင်းမြေငလျင်ကြောင့် စစ်ဗိုလ်ချုပ်များ ရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေတွင် ထိခိုက် ပျက်စီးမှု အများအပြားရှိခဲ့ရာ ငလျင်အပြီး တစ်လပြည့်သည်အထိ နေထိုင်ရေး၊ လုံခြုံရေး စသည့် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြရဆဲဖြစ်သည်ဟု စစ်ကောင်စီဝန်ထမ်းများအပါအဝင် ဒေသခံများထံက သိရသည်။
နေပြည်တော် ၈ မြို့နယ်ရှိ ငလျင်ဒဏ်သင့်ပြည်သူများသည် နေအိမ်ဖြိုဖျက်ရှင်းလင်းခြင်းအတွက် ပရဟိတအဖွဲ့များ၏အကူအညီပေးမှုများအပါအဝင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေရသည်။
ပြိုလဲခဲ့သည့် ရာနှင့်ချီသော ဝန်ထမ်းအိမ်ရာများ၊ အဆောက်အအုံများကို ယနေ့အချိန်ထိ စစ်ကောင်စီက ဖြိုဖျက်ရှင်းလင်းနိုင်ခြင်းမရှိသေးပေ။
အိမ်မရှိတော့သည့် စစ်ကောင်စီဝန်ထမ်းများက ဌာနအဆောက်အအုံတချို့၊ ရွက်ဖျင်တဲများနှင့် ယာယီအဆောက်အအုံများတွင် နေထိုင်ကြသည်။
အရပ်သား များက ဆွေမျိုးအိမ်များနှင့် ဘုန်းကြီးကျောင်းတချို့တွင် ခိုလှုံကြသလို တချို့က အိမ်ငှားရမ်း နေထိုင်ကြသည်။
ဘောလုံးကွင်းများတွင် စစ်ကောင်စီက ပေးထားသော ယာယီရွက်ဖျင်တဲဖြင့် နေထိုင်သူ အနည်းအကျဉ်း သာရှိသည်ကို တွေ့မြင်ရသည်၊ ရာသီဥတု ပူပြင်းခြင်း၊ မိုးသည်းထန်စွာရွာသောနေ့များတွင် ရွက်ဖျင်တဲများထဲ ရေဝင်ခြင်း စသည့် အခြေအနေတို့ကိုလည်း ရင်ဆိုင်နေကြရသည်။
အချိန်တစ်လကြာမြင့်လာပြီဖြစ်၍ လာရောက်လှူဒါန်းမှု နည်းလာပြီး နေထိုင်ရေးအပြင် စားသောက်ရေးပါ ခက်ခဲနေသည်ဟု နေပြည်တော်ဒေသခံများက ဆိုကြသည်။
နေပြည်တော်တွင် လွှတ်တော် အဆောက် အဦအပါအဝင် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြန်ကြားရေး၊ စက်မှုဝန်ကြီးဌာန၊ စွမ်းအင်၊ အလုပ်သမား စသည့် ဝန်ကြီးဌာနများ၏ အဆောက်အဦများစွာ ပျက်စီးသွားကြသည်။
စစ်ကောင်စီဝန်ထမ်း အိုးမဲ့အိမ်မဲ့ဖြစ်နေ
အင်အားပြင်းသည့် ငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာပေါင်း ၆၁၀ လုံး ပြိုလဲပျက်စီးခဲ့ ကြောင်း လူမှုကွန်ရက်ပေါ် ပေါက်ကြားလာသည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ပြိုကျပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာများကို ပြန်လည်တည်ဆောက်ပါက အခန်း ၂၄ ခန်းပါ ၄ ထပ်တိုက် အဆောက်အဦတစ်လုံးလျှင် ၆ လနှင့် တစ်နှစ်အတွင်း ကြာမြင့်နိုင်ကြောင်း၊ ကျပ်သိန်းပေါင်း သောင်းနှင့် ချီကုန်ကျနိုင်ကြောင်း ဝန်ထမ်းအိမ်ရာများကို ဆောက်လုပ်နေသည့်၊ လုပ်သက် ၁၅ နှစ်ကျော်ရှိသည့် အင်ဂျင်နီယာတစ်ဦးက ဆိုသည်။
ကံ့ကော်အိမ်ရာတွင် နေထိုင်သူ ဝန်ထမ်းအမျိုးသားတစ်ဦးက တိုက်ခန်းသို့ ပြန်လိုသည်ဟု ဆိုသည်။
“ကျွန်တော်တို့တိုက်က သိပ်အခြေနေမဆိုးတော့ နေရမယ်ထင်လို့ ခုထိ အောက်မှာပဲနေနေတာ၊ ဒီမှာက ပြိုကျတာလည်းမရှိထားတော့ အန္တရာယ်မရှိဘူး၊ ပြန်နေဆိုရင်တော့ နေဖို့စဉ်းစားထားတယ်” ဟု သူက ပြောသည်။
အဆောက်အဦအများအပြား ပြိုကျပျက်စီးခဲ့သည့် ဧက ၃၀၀၀ ဝန်ထမ်းအိမ်ရာဘက်မှ ဝန်ထမ်းတချို့ ကမူ အန္တရာယ်မရှိ၍ တိုက်ခန်းတွင် ပြန်လည်နေခိုင်းမည်ဆိုလျှင်လည်း နေဝံ့ကြမည်မဟုတ်ဟု ဝန်ထမ်းအမျိုးသမီးတစ်ဦးက ဆိုသည်။
“ခုလို အပျက်စီးတွေနဲ့ လူတွေသေထားတဲ့ကြားထဲ ဘယ်လိုနေရမလဲ၊ ပြီးတော့ ငလျင်ကလည်း ခုထိ မပြီးသေးတော့ တိုက်ပေါ်တက်နေခွင့်ပေးမယ်ဆိုရင်တောင် မနေရဲဘူး၊ တိုက်ပြိုအပျက်အစီးတွေ ရှင်းပြီးရင်တောင်၊ လူအများစုနေမှ နေရဲမှာ။ လူနည်းရင်တော့ မနေရဲသေးဘူး” ဟု သူက ပြောသည်။

ပူပြင်းသည့်ရာသီဥတုဒဏ်ကြောင့် ရွက်ဖျင်တဲနှင့် နေထိုင်သူတို့သည် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ အဆောက်အအုံများနှင့်အပင်ရိပ်အောက်တို့တွင် နေထိုင်ကြရသည်။
“ညမိုးချုပ်မှ စုရပ်ဖြစ်တာပေါ့၊ နေ့ဘက်ဆို လုံးဝမနေနိုင်ဘူး၊ တဲထဲမှာ ပြုတ်ထားသလိုပဲ၊ ပေါင်းထားသလိုကို ဖြစ်နေတာပါ” ဟု ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းထဲတွင် ယာယီရွက်ဖျင်တဲဖြင့် နေထိုင်သူ ဝန်ထမ်းမိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါဘောလုံးကွင်းတွင် ဝန်ထမ်းမိသားစုဝင် ၁၀၀ နီးပါးရှိပြီး ချက်ပြုတ်စားသောက်ရန် ဂတ်စ် မီးဖို ၄ လုံးနှင့် ဂတ်စ်အိုးများကို အာဏာပိုင်တို့က ပေးထားသည်၊ အလှည့်ကျ ချက်ပြုတ်စားသောက်ရသည်ဟု သူက ဆိုသည်။
ပလတ်စတစ်ရေကန်များတွင် သုံးရေကို ရေကားများဖြင့် ရက်ခြားထည့်ပေးသည်။ အိမ်သာ၊ ရေချိုးရသည့်နေရာတို့မှာ လုံခြုံမှု အားနည်းသည်ဟု သူက ဆက်ပြောသည်။
“အိမ်သာတက်ရတာကတော့ တိုင်အပတ်ဆုံးပဲ၊ မိန်းကလေးတွေကတော့ ပိုဆိုးတာပေါ့၊ ရေကားမရှိတာ၊ နောက်ကျတဲ့အချိန်ဆို သွားပြီပဲ၊ ကျောင်းတို့၊ ရှိတဲ့ အဆောက်အအုံတွေဆီ သွားတက်ရတာပေါ့”
ယခင်က လွှတ်တော်အမတ်များ တည်းခိုကြသည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် နေထိုင်ခွင့်ရသည့် ငလျင်ဒဏ်သင့် ဝန်ထမ်းအမျိုးသားတစ်ဦးက လေအေးစက်၊ ရေခဲသေတ္တာ၊ လျှပ်စစ်မီးဖို သုံးခွင့်မရှိဟု ဆိုသည်။
တချို့က မပြိုပျက်သေးသည့် ဝန်ထမ်းအိမ်ရာများပေါ် တက်ကာ ထိုပြဿနာကို ဖြေရှင်းကြရသည်ဟု ဆိုသည်။
“ညကျရင် တိုက်ခန်းပေါ်တွေမှာ မီးရောင်တွေတွေ့တယ်၊ ပြန်နေတာလားတော့ မသိပေမယ့် လူတွေက အောက်မှာနေပြီး တိုက်ခန်းပေါ်တက် ထမင်းတက်ချက်တာတို့၊ အဝတ်လျှော်တာတို့တော့ရှိတယ်” ဟု ကံ့ကော်အိမ်ရာတွင် နေထိုင်သူ ဝန်ထမ်းအမျိုးသားကလည်း ပြောသည်။
“အောက်မှာ နေခိုင်းပေမယ့်၊ ရဲတဲ့သူက အပေါ်ပြန်တက်တာပေါ့ဗျ”
ပြိုကျပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာအပျက်အစီးများကို မရှင်းလင်းနိုင်သေးသော်လည်း စစ်ကောင်စီ သည် ဝန်ထမ်းများကို ထောက်ပံ့ပေးနေကြောင်း၊ ဝန်ကြီးများက သွားရောက်ကြည့်ရှုကြကြောင်း ၎င်းတို့ ဝါဒဖြန့်မီဒီယာများတွင် ဝေဝေဆာဆာဖော်ပြနေကြသည်။
စစ်ကောင်စီဝန်ထမ်းများ အခြေမကျသေးသော်လည်း ယခုလကုန်တွင် စစ်ကောင်စီက ၎င်းတို့ယန္တရား ပြန်လည်ပတ်နိုင်ရန် ကြိုးပမ်းနေရပြီး ဝန်ကြီးဌာနတချို့မှဝန်ထမ်းများမှာ ယာယီဖွင့်ထားသောရုံးများမှာ တက်ရောက်နေကြရသည်။

ပျဉ်းမနားမြို့နယ်
ပျဉ်းမနားမြို့နယ်ရှိ ငလျင်ဒဏ်သင့်ဒေသခံများသည် နေအိမ်အများစုကို ဖြိုဖျက်ရှင်းလင်းပြီးသွားကြပြီ ဖြစ်သည်။
ငလျင်ဒဏ်ကြောင့် အဝီစိတွင်းများ ရေမထွက်တော့ခြင်း၊ ရေဝါများထွက်လာခြင်းတို့ကြောင့် သောက်သုံးရေခက်ခဲလာကြသည်ဟု သိရသည်။
ငလျင်ကြောင့် ထိခိုက်မှုများခဲ့သည့် ပျဉ်းမနားမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးအတွက် ကိုယ့်အားကိုယ်ကိုးနေရသည့် ဒေသခံများကို ဒေသခံပရဟိတအဖွဲ့တချို့က ကူညီနေသည်၊ ငွေကြေးအကုန်ကျခံ ဖြိုဖျက်ရှင်းလင်းပေးခဲ့သည့် နေအိမ် ရာနှင့်ချီရှိသည်ဟု ဖြိုဖျက်ရေးလုပ်ငန်းများကို ကူညီပေးနေသော အမျိုးသားတစ်ဦးက ပြောသည်။
စက်ယန္တရားကြီးများဝင်ရန် ခက်ခဲသည့်နေရာများရှိ အိမ်များ၊ ကိုယ်တိုင်ဖြိုဖျက်ရန် စီစဉ်ထားကြသော အိမ်အနည်းငယ်သာ ကျန်ရစ်တော့ကြောင်း အထက်ပါအမျိုးသားက ဆိုသည်။
“မြို့ကြီးလည်း ဟာလာဟင်းလင်းကြီး ဖြစ်သွားပြီ၊ ဘာမှလည်း သိပ်မကျန်တော့ဘူး”
နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် ငလျင်ဒဏ်ကြောင့် ပျက်စီးသည့် လမ်းပိုင်းများ၊ ဓာတ် တိုင်များ၊ ဖုန်းလိုင်းများပြုပြင်ရာတွင် ပါဝင်နေသည်၊ နေပြည်တော်မြို့နယ်အားလုံးနီးပါးတွင် ဧပြီလ ပထမပတ်ကတည်းက လျှပ်စစ်ဓာတ်အားပြန်ရနေပြီ ဖြစ်သည်။
သို့ရာတွင် အခြားဒေသများနည်းတူ ဆောက်လုပ်ရေးလုပ်သားရှားပါးခြင်း၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးပစ္စည်းတချို့ဈေးတက်ခြင်းတို့မှာ အိမ်သစ်ပြန်ဆောက်ရသူများ ကြုံရမည့်စိန်ခေါ်မှုများ ဖြစ်သည်။

မလွယ်ကူသေးသည့် ပြန်လည်ထူထောင်ရေး
နေပြည်တော်အနီး အင်အားအပြည့်နှင့် ကူညီပေးနေသည့်အလှူများသည် ၉၀ ရာခိုင်နှုန်းနီးပါးထိ နည်းပါးလာကြောင်း ကူညီနေသူများနှင့်ငလျင်ဒဏ်သင့်သူများက ပြောသည်။
အလှူရှင်များအနေဖြင့်လည်း ရေရှည်ထောက်ပံ့ရန် ခက်ခဲမည်ဖြစ်ကြောင်း ငလျင်ဒဏ်သင့် နေပြည်တော်ဒေသခံများကို ကူညီနေသူ အထက်ပါအမျိုးသားက ဆိုသည်။
“သဘာဝဘေးအန္တရာယ်ဆိုတာ အချိန်နဲ့အမျှ လိုအပ်ချက်က ပြောင်းနေတာ၊ စတုန်းက ဖြစ်ဖြစ်ချင်းတုန်း က ရေလိုတယ်၊ သိပ်မကြာတော့ဘူး။ ရေမလိုတော့ဘူး၊ အကောင်းဆုံးက ငွေကူပေးလိုက်၊ ရင်းနှီးစားသောက်ပဲ လုပ်လုပ်၊ အိမ်ပဲပြန်ဆောက်ဆောက်၊ ငှားပဲနေနေ လိုတာလုပ်ဖို့”ဟု ၎င်းက ဆိုသည်။
“ပြန်လည်ထူထောင်ရေးက ခုချိန်မှ တကယ်လိုလာတာပေါ့နော်။ ငွေကိုင်ပြီး လုပ်ရမဲ့အနေအထားပေါ့နော်၊ ရေဘေးဆိုရင် ရေပြန်ကျရင် မပြိုတဲ့အိမ်မှာပြန်နေလို့ရတယ်၊ ငလျင်က ဒီလိုမဟုတ်ဘူး။ နေစရာကို မရှိတော့တာ၊ အကုန်လုံး ဗြောင်ရှင်းကြီးဖြစ်သွားပြီဆိုတော့ ငွေကအလုံးအရင်းကြီး လိုတာပေါ့”
ဆွေမျိုးများထံတွင် ခိုလှုံနေရသော အမျိုးသမီးတစ်ဦးက အိမ်ပြန်ဆောက်ရန် အခြေအနေ မပေးသေးကြောင်း ပြောသည်။ ခင်ပွန်းနှင့် ၇ နှစ်အရွယ် ကလေးတစ်ဦးရှိသော ထိုအမျိုးသမီးက သူအလုပ်လုပ်ကိုင်သည့် ပျဉ်းမနားမြို့မှရွှေဆိုင်လည်း ငလျင်တွင် ပြိုသွားသည့်အတွက် အလုပ်ပါမဲ့သွားသည်။
“ခု အိမ်လည်း မရှိ၊ ပစ္စည်းလည်းမရှိတော့ ဘဝက အစက ပြန်စပြီး ဘယ်က ဘာစလုပ်ရမှန်းလည်း မသိဘူး” ဟု အသက် ၂၈ နှစ်အရွယ် ထိုအမျိုးသမီးက ဆိုသည်။
“နေအိမ်လည်းပျောက်၊ ဘဝလည်းပျောက်တာ၊ ဘယ်လို…..ကိုယ်ထူကိုယ်ထမလဲ”

စစ်ကောင်စီ၏ မစို့မပို့ ထောက်ပံ့မှု
စစ်ကောင်စီက ပြည်ပအကူအညီအများအပြားကို ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်အတွက် ဦးစားပေး စီစဉ်နေသည်၊ သို့သော်လည်း နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ပြည်သူများမှာ အစားသောက်တချို့မှ လွဲ၍ လုံလောက်သည့် ထောက်ပံ့မှုမရသေးကြောင်း မြေပြင်တွင်ကူညီနေသူများနှင့် ကြုံတွေ့ နေရသူ ၃ ဦးထက်မနည်းက ဆိုသည်။
“လက်ရှိအချိန်ထိ လူတွေဆီ ဝင်တာမရှိသေးဘူးပဲ ပြောရမှာပဲ၊ အခြားအကူအညီရော၊ အကုန်လုံး၊ စားရေး သောက်ရေးရော၊ ငွေကြေးရော ဝင်လာတာ မတွေ့ရသလောက်ပဲ” ဟု ငလျင်ဒဏ်သင့်သူများကို ကူညီပေးနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ငလျင်ဒုက္ခသည်စခန်းများသို့ ပြည်ထောင်စုအဆင့်ဝန်ကြီးများကိုယ်တိုင် လာရောက်ကြည့်ရှုချိန်မှ ခိုလှုံနေသူများသို့ အစားသောက်အချို့ ဝေငှပေးသည်ကို မြင်တွေ့ဖူးကြောင်း ၎င်းက ဆက်ပြောသည်။
နေပြည်တော်ကောင်စီမှ တာဝန်ရှိသူအချို့သည် ပရဟိတသမားများထံမှ ငလျင်ဒဏ်သင့်ပြည်သူတို့၏ ပျက်စီးမှုအချက်အလက်များ တောင်းတတ်ကြောင်း၊ ကူညီရန် စီစဉ်ပေးနေသည်ဟု ဆိုကြကြောင်း ၎င်းက ပြောသည်။
ဌာနအလိုက် ငါးသေတ္တာ၊ ခေါက်ဆွဲခြောက် စသည့် ရိက္ခာ အကူအညီများ ရရှိကြောင်း၊ ပေးမည်ဟု ဆိုထားသော အိမ်ငှားစရိတ်နှင့်ရွှေ့ပြောင်းစရိတ်များ မရရှိသေးကြောင်း ဝန်ထမ်းတချို့က ပြောကြသည်။
ကြီးမားသည့်အထောက်ပံ့မျိုးမရရှိသေးကြောင်း နေပြည်တော်ဝန်ထမ်းမိသားစုဝင်တစ်ဦးက ဆိုသည်။
“ပါ..ပါလာတယ်ဗျ၊ အပြင်ကလာလှူတဲ့ ဆန်တွေဘာတွေတော့ ပါလာတယ်၊ တကိုယ်ရည်အသုံးဆောင် တွေ၊ မုန့်တွေ၊ ရေသန့်တွေ လာလှူတယ်” ဟု သူက ဆိုသည်။
စစ်ကောင်စီ၏ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ငလျင်ဘေးအတွက် ပြည်တွင်းပြည်ပ အလှူငွေ ကျပ် ၁၁၅,၈၇၆ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၇၃သန်းကျော်၊ ကိုးရီးယားငွေ ဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် ၂ သန်းနှင့် စင်ကာပူဒေါ်လာ ၃၁၅၀ လက်ခံရရှိထားကြောင်း ဧပြီ ၂၆ ရက်က ပြောထားသည်။
ယင်းအလှူငွေများကို ငလျင်ဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုမည်ဟုလည်း ဆိုသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှတဆင့် စစ်ကိုင်းတိုင်းအတွက် ငွေကျပ် ၅၀ ဘီလီယံ၊ မန္တလေးတိုင်းအတွက် ငွေကျပ် ၆၀ ဘီလီယံ၊ နေပြည်တော်ကောင်စီနယ်မြေအတွက် ၁၀ ဘီလီယံ နှင့် ရှမ်းပြည်နယ်အတွက် ၅ ဘီလီယံ ပေးထားကြောင်း ၎င်းက ပြောသည်။
ဧပြီ ၂၈ ရက်နေ့ ညနေပိုင်း စစ်ကောင်စီ၏စာရင်းအရ ငလျင်ကြောင့် သေဆုံးသူ ၃၇၇၀ ဦး၊ ထိခိုက် ဒဏ်ရာရရှိသူ ၅၁၀၆ ဦး၊ ပျောက်ဆုံးသူ ၁၀၆ ဦးရှိသည်။
ငလျင်ကြောင့် သေဆုံးသူ ၂၁၅၂ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းစီဖြင့် မန္တလေးမြို့တွင် ထောက်ပံ့ပေးခဲ့ကြောင်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားပြီး ကျပ်သန်း ၃၈၀၀ ကျော် (ပြင်ပပေါက်ဈေး အမေရိကန်ဒေါ်လာတစ်သန်းကျော်ဝန်းကျင်) ပေးအပ်ခဲ့သည်ဟု ဆိုသည်။ သေဆုံးသူများအတွက် ပေးအပ်ထောက်ပံ့မှု ပထမဆုံးအကြိမ်ဖြစ်သည်။
ထိုပမာဏသည် စစ်ကောင်စီက လက်ခံရရှိထားသော အလှူငွေပမာဏနှင့်ယှဉ်လျှင် နည်းပါးသော ပမာဏဖြစ်သည်။
မန္တလေးတိုင်းအတွင်း ငလျင်ဘေးသင့်သူ တစ်သိန်းသုံးသောင်းကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ တစ်လစာအတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ်သန်း ၇၀၀၀ ကျော် ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ငလျင်ကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခုတွင် ဧပြီလ ၂၄ ရက် ကနဦးစာရင်းများအရ လူနေအိမ် ၆၃၈၅၄ လုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ ဆူ၊ အခြားဘာသာရေးအဆောက်အဦ ၆၁၃ လုံး ၊ ဆေးရုံဆေးခန်း ၅၇၆ လုံး၊ ရထားလမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်း၊ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထား သည်။
ငလျင်ဘေးတစ်လပြည့်ခဲ့သည့်အချိန်ထိ မိသားစုအများအပြားသည် လုံခြုံမှုမရှိသည့်ယာယီတဲများမှာ ဆက်လက်နေထိုင်နေရပြီး သန့်ရှင်းသည့် သောက်သုံးရေ၊ ကျန်းမာရေး စောင့် ရှောက်မှု၊ ကာကွယ်စောင့်ရှောက်ပေးမှုများ အလုံအလောက်မရရှိနိုင်ကြသေးကြောင်း ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က ယနေ့ ထုတ်ပြန်ထားသည်။
၎င်းတို့၏ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းများက ငလျင်ဘေးတုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း လူထုအသိုင်းအဝိုင်း ပြန်လည်ထူထောင်နိုင်ရန် အကူအညီအများအပြား လိုအပ်လျက်ရှိနေကြောင်း UNOCHA က ပြောထားသည်။
ထိုသို့ ငလျင်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ထိရောက်စွာမလုပ်နိုင်သေးသော်လည်း စစ်ကောင်စီသည် အပစ်ရပ်ကာလအတွင်းမှာပင် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ခဲ့၍ လူအစုလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။