
စစ်ကိုင်းငလျင်အလွန် စစ်ကောင်စီတပ်က ယာယီအပစ်ရပ်ကြေညာထားသော်လည်း အရပ်သားပစ်မှတ် များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေရာ ငလျင်တစ်လပြည့်ချိန အစုလိုက်အပြုံလိုက် သေဆုံးမှု ၃ ခုထက်မနည်းဖြစ်ပေါ်ခဲ့ပြီး ဒါဇင်နှင့်ချီ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လူ ၄၀၀၀ နီးပါး သေဆုံးပြီး ထောင်နှင့်ချီသည့် အိုးအိမ်များပျက်စီးခဲ့ရသည့် စစ်ကိုင်းငလျင် နောက်ဆက် တွဲ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအတွက် စစ်တပ်က ဧပြီ ၂ ရက်နေ့မှ လကုန်အထိ အပစ်ရပ် ထားသည်။
အပစ်ရပ်သည်ဟု ဆိုသော်လည်း လေကြောင်းတိုက်ခိုက်မှုများမှာ ရပ်တန့်သွားခြင်းမရှိဘဲ စဉ့်ကူး၊ သပိတ် ကျင်း စသည့် ငလျင်သင့်မြို့နယ်များအပါအဝင် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း၊ ချင်း၊ ကချင်၊ ကရင် နှင့် ရခိုင်ပြည်နယ် စသည့်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှု ဆယ်နှင့်ချီပြုလုပ်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။
ဧပြီ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများ လေကြောင်းမှတိုက်ခိုက်ခံရပြီး အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ထံက သိရသည်။
ကလေး – ဂန့်ဂေါ ကားလမ်းပေါ်မှ စစ်တပ် လက်လွှတ်ခဲ့ရသည့် စခန်းများအနက် ကြံသာစခန်းကို ပြန်လည် ရရှိရန် ယင်းနေ့ နံနက်က စစ်ကြောင်းနှစ်ခုခွဲပြီး ထိုးစစ်ဆင်လာချိန် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲတွင် အထိနာသည့် စစ်တပ်က နတ်ချောင်း၊ နတ်မြောင်း၊ အောင်ချမ်း သာ၊ သံဖိုနှင့် ငါးဖ ကျေးရွာ တို့ကို တိုက်ခိုက်ရေးနှင့်သယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း C NA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
ထို့ပြင် ဧပြီ ၂၆ ရက်နေ့ကလည်း မြေပြင်တိုက်ပွဲမရှိသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်ကို ၂ ကြိမ် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ သက်ကြီးရွယ်အို အပါအဝင် ၃ ဦး သေဆုံးခဲ့သည်။
ယင်းနေ့ နံနက်တွင် လေသာရွာဆေးခန်း၊ ညပိုင်းတွင် ကုန်းဘောင်ရွာ စာသင်ကျောင်းအနီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
“ အသက် ၇၀ အရွယ် အမျိုးသား ဝမ်းဗိုက်ကို ကျည်ဆန် (ဗုံးစ) ဖောက်ဝင်သွားတာ။ ကျန်းမာရေး မကောင်းလို့ ဆေးခန်းပြနေတဲ့ လူနာ။ လေယာဉ်လာတော့ ပြေးတော့ ပြေးလိုက်တယ်၊ မလွတ်လိုက်တာ။ ရရှိတဲ့ ဒဏ်ရာနဲ့ ဆေးကုသမှုခံယူရင်းနဲ့ ညဦးပိုင်းအချိန်မှာကွယ်လွန်သွားတယ်” ဟု မြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်က ပြောသည်။
ကုန်းဘောင်ရွာစာသင်ကျောင်းမှ စာသင်ဆောင်များ ပျက်စီးခဲ့သလို ကျောင်းဝင်းအနီးနေအိမ်မှ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၁၀ နှစ် အရွယ် ကလေးတစ်ဦးတို့ သေဆုံးခဲ့သည်။

လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသည့် ဧရာဝတီမြစ်ကမ်းဘေးရှိ ထီးချိုင့်မြို့ပေါ်တွင်သာ စစ်တပ်က အင်အားရာဂဏန်းဖြင့် နေရာယူထားပြီး ကျေးရွာအများစုကို တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုး ထားသည်။
ရှစ်လကျော်ကြာထိုးစစ်တိုက်ခိုက်ခဲ့သည့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်ရှိ အင်းတော်မြို့ကို ယခုလဆန်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက အပြီးသတ် သိမ်းပိုက်ပြီးနောက်တွင် အနီးဝန်းကျင်ရှိ ဝန်းသို၊ ထီးချိုင့်၊ ကောလင်းမြို့နယ်မှ အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်လာခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ထားသည်။
“ သူတို့ထိန်းချုပ်နယ်မြေလျော့လာတဲ့အတွက် အရပ်သားပြည်သူကို ပစ်မှတ်ထားလာတယ်”ဟု အထက် ပါ ထီးချိုင့် ပအဖ အဖွဲ့ဝင်က မှတ်ချက်ပြုသည်။
အင်းတော်မြို့ကို သိမ်းပြီး ရက်ပိုင်းအတွင်းမှာပင် ကပ်လျှက် ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာ ဈေးဆိုင်တန်း နှင့် ဆေးရုံအနီး လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကလေးများ၊ အမျိုးသမီးများနှင့်သက်ကြီးရွယ်အိုများ အပါ အဝင် ၂၆ ဦးသေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လမ်းသွားလမ်းလာများဖြင့် စည်ကားသည့်နေရာကို ဦးတည်ဗုံးကြဲခဲ့ရာ သေဆုံးသူများတွင် ရွာခံများ သာမက အနီးဝန်းကျင်ရွာများမှ ခရီးသွားပြည်သူများလည်း ပါဝင်ကြောင်း ဝန်းသို မြို့နယ် ပအဖ ထံက သိရသည်။
ဝန်းသို၊ နမ်းခမ်းရွာ လေကြောင်းတိုက်ခိုက်မှုနည်းတူ တော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားသည့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်း ဧပြီတတိယပတ်က နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ကြောင့် လသားအရွယ် ကလေးငယ်အပါအဝင် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရသည်။
ဧပြီ ၁၈ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာမှ အောင်မြင့်မိုရ်ဆိုင်ကယ်ဆိုင်နှင့် ဆွေမျိုး စက်မှု လက်မှုတွင်ခုံအနီးတဝိုက် ဗုံး ၂ လုံးကြဲခဲ့ရာ ကလေးများအပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့သည်။
ဗုံးကျသည့်နေရာသည် ရွာလယ်ပိုင်းရှိလူစည်ကားသည့် ဈေးဆိုင်တန်းအနီးဖြစ်ပြီး လေယာဉ်ပေါ်မှ စက်သေနတ်နှင့် ပစ်ခတ်ခဲ့သဖြင့် ထိုကဲ့သို့ အထိအခိုက်များခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
နောက်တစ်နေ့ (ဧပြီ ၁၉) တွင်လည်း လိပ်ကျရွာနှင့် မနီးမဝေးရှိ ရေထွက်ရွာကို ဗုံး ၂ လုံးကြဲချခဲ့ရာ ၃၂ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန် သည်။
ကြဲချခဲ့သော အဆိုကပါဗုံးသီး ၂ လုံးအနက် ဒုတိယမြောက်ဗုံးသီးမှာ နေအိမ်တစ်လုံးပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ရာ ထိုအိမ်ရှိ ပြည်သူ ၉ ဦး၏ အလောင်းများ ကောက်ယူနိုင်ခြင်း မရှိဘဲ သေစာရင်း သွင်းခဲ့ရကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


သပိတ်ကျင်း ရေထွက်ရွာဗုံးကြဲမှုမှ သေဆုံးသွားသူတစ်ဦးအနီးတွေ့ရသော မိသားစုဝင်တစ်ဦး။ နှင့် မီးငြိမ်းသတ်နေကြစဉ်။ (ဓာတ်ပုံ-ပေးပို့/ Han Myo Tun)
စစ်ကိုင်းငလျင်ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူညီများအတွက် ယာယီအပစ်ရပ်မည်ဟု ကြေညာ ခဲ့သည့် စစ်တပ်သည် မန္တလေးမြို့အနီးဝန်းကျင်ရှိ စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာ၊ မိုးကုတ်မြို့ တို့ကို ဧပြီ အတွင်း နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အချို့ရက်များတွင် တစ်ရက်တည်း ၄၊ ၅ ကြိမ်မထက် တိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
“အပစ်ရပ်တယ်ဆိုတာ စစ်တပ်ကတော့ အယုံသွင်းတာပဲ။ တော်လှန်ရေး သမားတွေကလည်း မယုံဘူး။ ပြည်သူတွေ ကလည်း မယုံဘူး။ အဓိကတော့ နိုင်ငံတကာကို ပြချင်တာ။ (ငလျင် အတွက်) ကူညီနေ တယ် ဆိုပြီး ပြချင်တာ။ ဒါပေမယ့် တကယ် တမ်းတော့ မဟုတ်ဘူး။ ပြည်သူတွေခံနေရတာ” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် စဉ့်ကူးမြို့အထက်တန်းကျောင်းနှင့် မဟာဝေယံဘုံသာ ဘုန်းကြီးကျောင်းတို့ကို ဧပြီ ၂၇ ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေသည်။
ထိုတိုက်ခိုက်မှုအတွင်း အဆောက်အဦတချို့ပျက်စီးသော်လည်း လူ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်များကစတင်ကာ မြေပြင်စစ်ကြောင်းထိုးနိုင်မှုသိသိသာသာ နည်းပါးသွားသည့် စစ်တပ် သည် ငလျင်အပြီးတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးဖိအားပေးမှုများ လုပ်ဆောင်လာပြီး လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်နေသည်ဟု CDM ဗိုလ်ကြီးဇင်ယော် က သုံးသပ်သည်။
“လက်လွှတ်ပြီးသားမြို့တွေကို ပြန်ယူမယ့်အစီအမံလည်း ရှိသလို ထပ်ပြီးတော့ ကာကွယ်ရေး အဖွဲ့တွေ အောင်မြေချဲ့လာမှာကိုလည်း ကာနေတဲ့သဘောပဲ။ သူတို့အတွက်က ငလျင်မှာ ကယ်ဆယ်ရေးလုပ်ငန်း လည်းလုပ်စရာမလိုဘူး။ ကိုးကန့်နဲ့လည်း အပစ်ဆိုင်းထားတာဆိုတော့ သူတို့အတွက် အခြေအနေအခွင့် အလမ်းသာသွားတဲ့ အနေအထားမျိုးထိကို တွေ့ရပါတယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။
ငလျင်အပြီး လေကြောင်းတိုက်ခိုက်မှုများမှာ နိုင်ငံအလယ်ပိုင်းသာမက ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့်ချင်းပြည်နယ်တွင်လည်း အကြိမ်ရေ ဆယ်နှင့်ချီ ပြုလုပ်ခဲ့သည်။
နယ်မြေ သုံးပုံနှစ်ပုံကျော်လက်လွှတ်ထားရသည့် ရခိုင်ပြည်နယ်တွင် စစ်တပ်က ဧပြီ ၂ ရက်နေ့ ယာယီ အပစ်ရပ်ကြေညာပြီးနောက်ပိုင်း လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုအကြိမ် ရေ ၄၀၉ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား ၁ ဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA ၏ လူသားချင်း စာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဧပြီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ကရင်ပြည်နယ် အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေအုပ်ချုပ်မှု နယ်မြေ တွင် စစ်တပ်၏ ယာယီအပစ်ရပ်ကာလအတွင်း တိုက်ခိုက်မှုများကြောင့် အရပ်သား ၂၀ ဦး သေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန်သည်။
နိုင်ငံအနောက်တောင်ပိုင်း ချင်းတောင်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဧပြီ ၉ ရက် နေ့ တစ်ညတည်းမှာပင် ကလေးငယ် ၆ ဦးအပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့ရသည်။
ဖလမ်းမြို့ မကျစေရန် စစ်တပ်က အပြင်းအထန် ခုခံခဲ့သော်လည်း လက်လွှတ်ခဲ့ရပြီး နောက်တစ်ရက်တွင် တီးတိန်နှင့်မင်းတပ်မြို့နယ်တို့ကို ဆက်တိုက် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ငလျင်ဘေးနောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးလုပ်ငန်း များအတွက် ငလျင်ဒဏ်ခံရသည့် ဆက်စပ်ဒေသများတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်နားထားမည်ဟု ထုတ်ပြန်ကြေညာထားသည်။
တော်လှန်ရေးအင်အားစုများက အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း စခန်းများကို တိုက်ခိုက်ခံရ မှုများရှိနေသည်ဟု စစ်တပ်က စွပ်စွဲထားသည်။
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်များတွင်မူ တအာင်းတပ် (TNLA) နယ်မြေစိုးမိုးသော ရှမ်းပြည်နယ်မြောက် ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များက ထိုးစစ်ဆင်မှုများ လုပ်နေကြောင်း၊ စခန်းတချို့ သိမ်းမိကြောင်း ဖော်ပြနေကြသည်။
