
ရန်ကုန် – တောင်ဒဂုံမြို့နယ် ၁၈ ရပ်ကွက်မှာနေထိုင်နေတဲ့ အသက် ၅၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဦးလှခင်တစ်ယောက် တစ်ခါမှမတွေ့ကြုံဖူးတဲ့ တရားစွဲဆိုမှုကို ခံလိုက်ရတဲ့အတွက် ရပ်ကွက်အတွင်းမှာတော့ အနည်းငယ်ရှက်စိတ် ဝင်ခဲ့ပါတယ်။ သူဟာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ရပ်ကွက်အောင်နိုင်ရေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သလို ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနဲ့လည်း ရွေးကောက်ပွဲကျင်းပတုန်းမှာ အတူတူပူးပေါင်း ကူညီခဲ့တဲ့သူပါ။
ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာ ၈ ရက်နေ့က မဲရုံမှူးခွင့်ပြုချက် မရှိဘဲနဲ့ မဲရုံထဲကိုဝင်၊ ကြိုတင်မဲပုံးရဲ့ မဲလက်မှတ်ထည့်တဲ့ အပေါက်ကို တိပ်နဲ့လိုက်ပိတ်တဲ့အတွက် အကြီးဆုံးပြိုင်ဘက်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပါတီရဲ့ မဲရုံကိုယ်စားလှယ်က အမှုဖွင့်တိုင်ကြားခြင်းကို ခံလိုက်ရတဲ့သူပါ။
“ကျနော်က အဲဒီနေ့က ကျနော်တို့ရပ်ကွက်ထဲက မဲရုံ ၁၂ ရုံမှာ စောင့်နေတဲ့ ပါတီရဲ့ မဲရုံကိုယ်စားလှယ်တွေက ကြိုတင်မဲပုံးတွေရဲ့အပေါက်ကို ပိတ်ထားတာ မတွေ့ရဘူးလို့ ပြောတော့ ရပ်ကွက်ကော်မရှင် အတွင်းရေးမှူးနဲ့ တိုင်ပင်ပြီး ကျနော် တာဝန်ယူလိုက်ပိတ်တာ” “ပိတ်တဲ့ဆီမှာလဲ မဲရုံမှူးဆရာတွေကို ခွင့်တောင်းတယ်။ သူတို့သဘောတူမှ ပိတ်တာ။ ၄ ရုံလောက် ပိတ်ပြီးတော့မှ တခြားမဲရုံမှူးဆရာမတွေက မပိတ်ခိုင်းတာကြောင့် ကျနော်ဆက်မပိတ်ခဲ့တာ” လို့ သူကဆိုတယ်။
သူ့အနေနဲ့ မဲရုံမှူးခွင့်ပြုချက်နဲ့အတူ ရပ်ကျေးကော်မရှင်က တာဝန်ရှိသူတွေရဲ့ သဘောတူညီချက်နဲ့ လုပ်ခဲ့တယ်ဆိုတာကို ထင်ထင်ရှားရှား သက်သေပြသွားမှာ ဖြစ်ပြီးတော့ ယခုလို တိုင်ကြားလာမှုကြောင့် တိုင်ကြားသူကိုလည်း လိမ်လည်တိုင်တဲ့ အမှုနဲ့ မိမိရဲ့ဂုဏ်သိက္ခာထိခိုက်တဲ့ အမှုတို့နဲ့ ပြန်လည်တရားစွဲထားတယ်လို့ သူက ဆက်ပြောပြတယ်။
ရွေးကောက်ပွဲပြီးနောက် အပြန်အလှန်အမှုဖွင့် တရားစွဲမှုတွေ ရှိလာနေ
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရရှိထားသည့် သတင်းအချက်အလက်များအရ ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ သက်ဆိုင်ရာရဲစခန်းမှာ လာရောက်တိုင်ကြားထားသည့် အမှုပေါင်း ၄၂၂ မှု ရှိသည်။
အင်အားကြီး ပါတီ ၂ ခုဖြစ်သည့် NLD နှင့် USDP တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များက ၎င်းတို့ မဲဆွယ်စည်းရုံးရာတွင် နှောင့်ယှက်ခြင်း၊ သြဇာအာဏာသုံး၍ မဲဆွယ်ခြင်း၊ အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခြင်း၊ ရန်စနှောင့်ယှက်ခြင်း၊ တားဆီးပိတ်ပင်ခြင်း စတဲ့ ခေါင်းစဉ်တွေနဲ့ သက်ဆိုင်ရာ နယ်မြေခံရဲစခန်းများတွင် အပြန်အလှန် တိုင်ကြားထားကြခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ ရဲအရေးပိုင်သည့် ရွေးကောက်ပွဲဆိုင်ရာ အမှုဖွင့်တရားစွဲမှုတွေဟာ ရန်ကုန်တိုင်းဒေသကြီးမှာက ၅၈ မှုနဲ့ ဧရာဝတီ တိုင်းဒေသကြီးမှာက ဒုတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ အနိုင်ရကိုယ်စားလှယ်ကို ဖြုတ်ချနိုင်တဲ့အထိ ဆောင်ရွက်လို့ရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့၊ ရွေးကောက်ပွဲဆိုင်ရာခုံရုံးဆီကိုတော့ ကော်မရှင်ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ လာရောက်တိုင်ကြားတဲ့အမှု လက်ရှိအချိန်ထိတော့ မရှိသေးဘူးလို့ ရွေးကောက်ပွဲဆိုင်ရာခုံရုံးက ညွှန်ကြားရေးမှူး ဦးညွန့်တင်က ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ အခန်း (၁၄) တရားမဲ့ပြုကျင့်မှုအရ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဦးကပဲဖြစ်ဖြစ်၊ သူ့ရဲ့ ကိုယ်စားလှယ်ကဖြစ်ဖြစ် လာဘ်ပေးလာဘ်ယူလုပ်တာ၊ ရွေးကောက်ပွဲကို အနှောင့်အယှက်ပေးတာ၊ သူတို့ရဲ့ တိုက်တွန်းချက်တွေနဲ့ မဲဆန္ဒရှင်တစ်ဦးဦးက ကိုယ့်မဲလက်မှတ်ကို မဲရုံပြင်ပကို ယူဆောင်သွားတာ၊ မိမိ မဲရရေးအတွက် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြပြီးတော့ မဲပေးဖို့၊ မဲမပေးဖို့ စည်းရုံးတာတွေဟာ တရားမဲ့ပြုကျင့်မှု မြောက်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် ပုံနှိပ်သူ၊ ထုတ်ဝေသူတွေရဲ့ အမည်၊ နေရပ်လိပ်စာတွေမပါဘဲနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်တွေ၊ စာရွက်စာတမ်းတွေ၊ ပိုစတာတွေ ထုတ်ဝေပြီးတော့ မိမိလိုလားတဲ့ ကိုယ်စားလှယ် အနိုင်ရအောင် ပြုလုပ်တာ၊ မမှန်မကန် ပြုလုပ်ထားတဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို တင်ပြတာ၊ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်ကို တင်ပြဖို့ ပျက်ကွက်တာတွေလည်း အကျုံးဝင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုတွေနဲ့ တိုင်ကြားမယ်ဆိုရင်တော့ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ဆောင်ရွက်မှ အကျုံးဝင်ပြီး ခုံရုံးအနေနဲ့လည်း ဆက်လက်ဆောင်ရွက်လို့ ရမှာဖြစ်တယ်၊ ခုံရုံးကို စာနဲ့ တင်ပြနေရုံနဲ့တော့ ဥပဒေနဲ့မညီတဲ့အတွက် ဆောင်ရွက်လို့ရမှာမဟုတ်ဘူးလို့ ညွှန်ကြားရေးမှူး ဦးညွန့်တင်က ရှင်းပြပါတယ်။
“ကျနော်တို့အပိုင်းကတော့ အခန်း ၁၄ (တရားမဲ့ပြုကျင့်မှုများ) မှာ ပါတဲ့ ဥပဒေပြဋ္ဌာန်းချက်အတိုင်း အစုံအလင်နဲ့လုပ်မှ ကျနော်တို့ဘက်က ဆက်လုပ်လို့ရမှာ” လို့ သူကဆိုပါတယ်။
တိုင်းနဲ့ပြည်နယ်အနှံ့ တရားစွဲမှုတွေ
ပြည်ခိုင်ဖြိုးပါတီကနေ ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့တဲ့ မွေးမြူရေးနှင့်ရေလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြိုင်ဘက် NLD ပါတီက အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး နဲ့ ပါတီဝင်တွေဟာ USDP ပါတီ စည်းရုံးရေး လှည့်လည်ရာမှာ ကား၊ ဆိုင်ကယ်တွေနဲ့ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပြီး မတရားတားဆီး ကန့်ကွက်မှုနဲ့ တိုင်ကြားထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲဘက်က လက်ရှိအချိန်အထိ အကြောင်းကြားလာတာ မရှိသေးသလို သက်ဆိုင်ရာကော်မရှင်ကအဖွဲ့ခွဲကလည်း NLD ရဲ့ အဲဒီစည်းရုံးရေးခရီးစဉ်မှာ ကော်မရှင်ရဲ့ တရားဝင်ခွင့်ပြုချက် ပေးထားကြောင်း ဒေါ်အေးမြမြမျိုးက ပြောပါတယ်။
တိုင်ကြားခံရတဲ့အကြောင်းကို ရဲစခန်းကို စုံစမ်းတဲ့အခါ မိမိတို့သိထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မတွေနဲ့မဟုတ်ဘဲနဲ့ ရဲ အရေးပိုင်တဲ့ ရာဇဝတ်ပုဒ်မ ၃၄၁ ဖြစ်တဲ့ လမ်းပိတ်ဆို့မှုနဲ့ အမှုဖွင့်ထားတယ်လို့ပဲ သိရသေးတယ်လို့ သူက ဆက်ပြောတယ်။
“ကျမတို့ ကျောက်တန်း၊ ဆင်မဘော်ရွာကိုသွားတာမှာ ဝန်ကြီးဦးအုန်းမြင့် ရှိနေမှန်းလည်း မသိဘူး။ သူတို့လူတွေကတောင်မှ ကျမတို့လမ်းကို ပိတ်ထားလို့ ကျမတို့က ပြဿနာ မဖြစ်စေချင်တာနဲ့ အဲဒီရွာဘက်ကိုတောင် ဆက်မသွားခဲ့တာ။ ကျမတို့က မတရားအတိုင်ခံထားရတာ။ ဘာမှလာအကြောင်းမကြားသေးတော့ ဘာဆက်ဖြစ်မယ် မသိသေးဘူး။ ကျမတို့ကတော့ ရှေ့နေတွေနဲ့တော့ တိုင်ပင်ထားတယ်။ ကျမက အလုပ်ပဲလုပ်ချင်တာ။ ပဋိပက္ခတွေလည်း မဖြစ်ချင်ပါဘူး”လို့ သူက ဆိုပါတယ်။
အလားတူ နိုင်ငံအဝန်းမှာလည်း ဘာသာရေးအကြောင်းပြမဲဆွယ်မှု၊ ကြိုတင်မဲပေးရာမှာ ပါတီတစ်ခုကိုမဲပေးဖို့ မဲရုံဝန်ထမ်းတွေကလုပ်ဆောင်မှု၊ မဲဆန္ဒရှင်ကိုယ်စား လိမ်လည် လာရောက် မဲထည့်မှု၊ ပါတီအလံကို ယာဉ်ပေါ်မှာလွှင့်ထူပြီး မဲပေးမှု၊ ကိုယ်စားမဲပေးမှု၊ အသက်မပြည့်သေးဘဲ မဲလာပေးမှုတွေနဲ့ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ အပြန်အလှန် အမှုဖွင့်တိုင်ကြားထားကြပါတယ်။
ဥပဒေပြဋ္ဌာန်းချက်တွေက ရဲအရေးပိုင်တာနဲ့ ကော်မရှင်ဆောင်ရွက်ရမယ့်ကိစ္စဆိုပြီး ၂ ခုရှိနေ
ရွေးကောက်ပွဲ ဥပဒေတွင် ပြဋ္ဌာန်းထားတဲ့ အခန်း (၁၃) ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေက ရဲအရေးပိုင်တဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေဖြစ်ပြီး “မည်သူမဆို” ဆိုသည့် စကားရပ်ကြောင့် ရွေးချယ်ခံကိုယ်စားလှယ်၊ ရွေးကောက်ခံကိုယ်စားလှယ်ကအစ အရပ်သူ၊ အရပ်သားများ၊ မဲရုံတာဝန်ရှိသူများ အားလုံးက မည်သူ့ကိုမဆို အမှုဖွင့်တိုင်ကြားနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ရှင်းပြတယ်။
တိုင်ကြားမှုတွေကို သက်ဆိုင်ရာမြို့နယ် တရားစွဲအဖွဲ့အစည်းက စိစစ်ပြီးတော့မှ တိုင်ကြားမှုမှန်ကန်ရင် ကျူးလွန်တဲ့သူကို ထောင်ဒဏ် တစ်နှစ်သော်လည်းကောင်း၊ ငွေဒဏ် ကျပ် တစ်သိန်းသော်လည်းကောင်း အပြစ်ပေးလို့ရသလို လိမ်လည်တိုင်ကြားခဲ့တာဆိုရင်လည်း တိုင်ကြားသူကို ထောင်ဒဏ် သုံးနှစ်သော်လည်းကောင်း၊ ငွေဒဏ် ကျပ် သုံးသိန်းသော်လည်းကောင်း အပြစ်ပေးလို့ရတယ်လို့ သူက ရှင်းပြတယ်။
“ဒီရဲအရေးပိုင်တဲ့အပိုင်းက ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ မည်သူ့ကိုမဆို ဘယ်သူကဖြစ်ဖြစ် တိုင်ကြားလို့ရတယ်။ ရွေးကောက်ပွဲကျင်းပပြီးတဲ့ ရက်ကနေစပြီး ၁၅ ရက်အတွင်း သက်ဆိုင်ရာ မဲဆန္ဒနယ်က ရဲစခန်းမှာ အမှုဖွင့်ရတာ။ ဘယ်လိုကိစ္စတွေ တိုင်လို့ရသလဲလို့ အကြမ်းဖျင်း ပြောရရင် မဲ နှစ်ခါပေးတာတို့၊ အယောင်ဆောင်မဲပေးတာတို့၊ ကိုယ်စားမဲပေးတာတို့၊ မလျော်သြဇာသုံးပြီးမဲပေးတာတို့၊ မဲလာပေးတဲ့သူကို အနှောင့်အယှက်ပေးတာတို့ပေါ့” လို့ သူက ရှင်းပြတယ်။
ဒါပေမဲ့ အခန်း (၁၄)၊ တရားမဲ့ပြုကျင့်မှုနဲ့ ပတ်သက်ပြီး အဲဒီမဲဆန္ဒနယ်မှာရှိတဲ့ မဲဆန္ဒရှင်တစ်ဦးဖြစ်စေ၊ ယှဉ်ပြိုင်အရွေးခံတဲ့ ကိုယ်စားလှယ်လောင်းဖြစ်စေကသာ တိုင်ကြားလို့ရတယ်လို့ ဦးစိုင်းကျော်သူက ဆက်ရှင်းပြတယ်။ ဥပဒေမှာပါ တဲ့အချက်တွေနဲ့အညီ သက်ဆိုင်ရာမဲရုံ၊ မဲဆန္ဒနယ်မှာလုပ်တဲ့ရွေးကောက်ပွဲက တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်တာမို့လို့ ပယ်ဖျက်ပေးဖို့ အထောက်အထား အတိအကျ၊ အချက်အလက်အပြည့်အစုံနဲ့ တိုင်ကြားရတယ်လို့ သူက ဆိုပါတယ်။
တိုင်ကြားတာနဲ့တစ်ပြိုင်နက်တည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ငွေစာရင်းမှာ ငွေကျပ် ၅ သိန်း သွင်းရမှာဖြစ်တယ်၊ ရွေးကောက်ပွဲကျင်းပပြီးတဲ့ ရက်ကနေ ၄၅ ရက်အတွင်း တိုင်ကြားမှသာ ခုံဖွဲ့ပြီး စစ်ဆေးရမှာဖြစ်တယ်။
“ယှဉ်ပြိုင်အရွေးခံတဲ့ ကိုယ်စားလှယ်ဆိုရင်လည်း ‘အနိုင်ရတဲ့သူဟာ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြမဲဆွယ်တယ်၊ ခြိမ်းခြောက်ပြီးတော့ ဘယ်သူတွေကို မဲအတင်းထည့်ခိုင်းတယ်၊ ဒါတွေကြောင့် သူဟာ ဒီမဲတွေရသွားတာ၊ သူသာ ဒီမဲမရရင်ရင် ကျနော်သာ အရွေးခံရမှာဖြစ်တယ်’ လို့ တိုင်ရမှာ။ စာရွက်လေးတစ်ရွက်နဲ့ ဘယ်မဲရုံ၊ ဘယ်မှာ ဘယ်လိုဖြစ်သွားလို့ မဲရလဒ်တွေ ပြန်စစ်ပေးပါ၊ ကန့်ကွက်ပါတယ်လို့ ဆိုရုံလေးနဲ့မရဘူး” လို့ သူကရှင်းပြတယ်။
ရဲအရေးပိုင်တဲ့ကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းလဲ
ရဲအရေးပိုင်တဲ့ကိစ္စတွေဟာ ရွေးကောက်ပွဲဥပဒေ အခန်း ၁၃ ပါ ပုဒ်မ ၅၇ ကနေ ၆၃ အထိက ရဲစခန်းမှာ အမှုဖွင့်ပြီး မြို့ နယ်တရားရုံးမှာ တရားစွဲဆိုရတယ်၊ ရဲအရေးပိုင်တဲ့အတွက် အမှုဖွင့်ခံရသူများကို ရဲက ဖမ်းဆီးလို့ရပေမယ့် သူတို့ကို အာမခံပြန်ပေးလို့ရတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ပုဒ်မ ၆၄ အရ လိမ်လည်တိုင်ကြားမှုမြောက်ရင် အဆိုပါလိမ်လည်တိုင်ကြားသူကို ရဲက ဖမ်းဆီးထိန်းသိမ်းထားပြီး အာမခံပေးလို့မရဘူးလို့ သူက ဆက်ပြောပြတယ်။
“ရဲဘက်ကတော့ အမှုဖွင့်တာပဲ လုပ်တာ။ ကျန်တဲ့အပိုင်းက သက်ဆိုင်ရာ မြို့နယ်တရားရုံးက တရားစွဲတာ။ စီရင်တော့လည်း ရွေးကောက်ပွဲကော်မရှင်ဥပဒေပါအချက်တွေအတိုင်းပဲ လုပ်တာ” လို့ သူက ဆိုပါတယ်။
လတ်တလော အမှုဖွင့် တရားစွဲဆိုခံထားရတဲ့ တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက်က NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးလှခင်ကတော့ သူ့ဘက်က အမှန်အတိုင်း စေတနာသန့်သန့်နဲ့ ဆောင်ရွက်ခဲ့တဲ့အတွက် တရားရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။