ဆောင်းပါးသတင်း

“မန္တလာက နှစ်ထပ်ကွမ်းဒုက္ခသည်များ” ၊ စစ်ဘေးနှင့် ငလျင်ဘေးပါရင်ဆိုင်နေရသူများ

အာဏာသိမ်းပြီးနောက် ပြင်းထန်လာသည့် ပြည်တွင်းစစ်ကြောင့် နိုင်ငံအလယ်ပိုင်းသို့ ထွက်ပြေးလာကြသည့် စစ်ပြေးဒုက္ခသည်များသည် မတ်လကုန်ပိုင်းကလှုပ်ခဲ့သည့်ငလျင်ကြောင့် နှစ်ထပ်ကွမ်း ဒုက္ခသည်များ ဖြစ်လာကြသည်။

မတ်လ ၂၈ ရက်နေ့မွန့်တည်ချိန်တွင် မြန်မာပြည်အလယ်ပိုင်း ရွာလေးတစ်ရွာရှိ  အုတ်မိုး၊ အုတ်ကာအခန်းထဲ၌ ဒေါ်အိအိခိုင်ဇာမောင်သည် လဲလျောင်း အနားယူနေသည်။​ အသက်ကိုးနှစ်အရွယ် သူမ၏ သားဖြစ်သူ ကောင်းကင်ကိုကိုကမူ ဘေးနားတွင် ဖုန်းသုံးလျက်ရှိသည်။ 

မန္တလေးတိုင်း ကျောက်ဆည်မြို့၊ အရှေ့မြင်စိုင်းရွာရှိ ထရံကာနေအိမ်နဘေး ဆောက်ထားသည့် အဖီထဲတွင် အသက် ၄၂ နှစ်အရွယ် ဒေါ်အိအိခိုင်ဇာမောင် တို့သားအစ်မိနှစ်ယောက် နေထိုင်ကြသည်။ အုတ်မိုး၊ အုတ်ကာဖြင့် ခပ်မြန်မြန်ဆောက်ထားသည့်အဆောင်ဖြစ်သည်။

ရုတ်တရက် ထွက်ပေါ်လာသည့် ဝေါ..ဝေါမည်သံကြောင့် ဆက်မအိပ်နိုင်တော့ဘဲ သားဖြစ်သူ လက်ကို ဒေါ်အိအိခိုင်ဇာမောင် ဆွဲထားလိုက်သည်။ အသံက ပို၍ နီးနီးကပ်ကပ်ရှိလာရာ ဗုံးကြဲမည့်လေယာဉ်ဟု အောက်မေ့လိုက်သည်။  

သားအစ်မိနှစ်ယောက် ကုတင်အောက်ဆင်း၍ ပုန်းစရာနေရာရှာနေသည်။ စက္ကန့်ပိုင်းအကြာ သားမိနှစ်ယောက်လုံးမှာ ခြေထောက်ရပ်၍ မရတော့ဘဲ မြေကြီးပေါ်  ရမ်းခါလူးလွန့်နေတော့သည်။ လေးဘက်ထောက်လျက်လဲကျသွားစဉ်မှာပင် အချပ်လိုက် ပြိုကျလာသည့် ကွန်ကရစ်ပြားအောက် ပိတ်မိသွားခဲ့သည်။ သူမနေထိုင်ရာ အဖီတဲကို ကာရံထားသည့် အုတ်ချပ်များဖြစ်သည်။

“အမိုးရော၊ ဘေးနှစ်ဖက်နံရံတွေပါပြိုပြီး ပိတာ။ အထူကြီးတွေ ဖိချပစ်လိုက်တာပါ့ရင်း”ဟု ဒေါ်အိအိခိုင်ဇာမောင်က ပြောသည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ဆူညံနေသည်။ အိမ်နီးနားချင်းများရောက်လာ၍ အုပ်ချပ်များ အကြားက ဒေါ်အိအိခိုင်ဇာမောင်ကို ဆွဲထုတ်ပေးကြသည်။ သွေးအလူးလူးဖြစ်နေသော သားငယ်လေးကို ဘေးနားလာချမှသာ ဒေါ်အိအိခိုင်ဇာမောင် သတိပြန်လည်လာခဲ့သည်။

“ကျောက်ပြားကြီးတွေက တအားလေးတာ။ ကိုယ်တောင် ဘယ်လိုအပြင်ရောက်ခဲ့မှန်းမသိဘူး။ ကလေးကလည်း ပါးစပ်ကလည်း သွေးတွေအန်နေတာ။ နဖူးကလည်း ဆောင့်ထားတော့ တော်တော်ကိုပေါက်သွားတာ”ဟု သူမက ပြောသည်။

ပြိုကျသွားသည့် အဖီတဲ အောက် သေဆုံးသွားခဲ့ရသည့် ၉နှစ်အရွယ် ကောင်းကင်ကိုကို
(ဓာတ်ပုံ – ပေးပို့)

ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိ ငလျင် လှုပ်ခတ်ခဲ့သည့် ပြီးခဲ့သည့် မတ် ၂၈ က အတွေ့အကြုံများကို ဒေါ်အိအိခိုင်ဇာမောင်က ပြန်လည်ပြောပြနေခြင်းဖြစ်သည်။  

၎င်းမှာ ကချင်ပြည်နယ်မှ ကျောက်ဆည်သို့ စစ်ဘေးရှောင်လာသူဖြစ်ပြီး၊ ယခင်က ကချင်ပြည်နယ် ဗန်းမော်မြို့ ဟန်တဲရပ်ကွက်တွင် နေထိုင်ခဲ့သူဖြစ်သည်။ 

လွန်ခဲ့သည့် သုံးလခန့်ကမှ အသိမိတ်ဆွေရှိရာ ကျောက်ဆည် အရှေ့မြင်စိုင်းရွာကို ၎င်း၏ အသက် ၉နှစ်အရွယ် သားဖြစ်သူ ကောင်းကင်ကိုကို၊ အသက် ၂၀ ကျော် သားနှစ်ဦးတို့နှင့်အတူ ပြောင်းရွှေ့ခိုလှုံနေသူဖြစ်သည်။ 

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ စစ်ကောင်စီတပ်အပေါ် ခုခံစစ်မှာ ဗန်းမော်မြို့အတွင်း ယမန်နှစ် ဒီဇင်ဘာလဆန်းတွင် ရောက်ရှိလာစဉ် စစ်တပ်ကလည်း လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် တုန့်ပြန်နေသောကြောင့် စစ်ဘေးရှောင်နေကြရသည့် ရာနှင့်ချီသည့် ဗန်းမော်မြို့ခံများထဲတွင် ဒေါ်အိအိခိုင်ဇာမောင်တို့ သားအစ်မိလေးဦးလည်း အပါဝင်ဖြစ်သည်။

ဧရာဝတီမြစ်အရှေ့ဖက်ကမ်းတွင် တည်ရှိပြီး စီးပွားရေးနှင့် ရေကြောင်းသွားလာရေးတွင် အချက်အချာကျသော ဗန်းမော်မြို့၌ လက်ရှိမြန်မာပြည်၏ အပြင်းထန်ဆုံးသော စစ်ပွဲများဖြစ်ပွားနေသည်။ 

 NASA Earthမှ ထုတ်ပြန်ထားသော စစ်ကိုင်းငလျင် မြေပြင်ရွေ့လျားမှုမှတ်တမ်း 

စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံအလယ်ပိုင်းက စစ်ကိုင်း၊ မကွေးဒေသများအပါဝင် နေရာအနှံ့အပြားမှာ ခုခံတွန်းလှန်မှုများ နိုင်ငံအဝှမ်းတွင် ပေါ်ပေါက်လာခဲ့သကဲ့သို့ စစ်တပ်ကလည်း လက်နက်ကြီး၊ တိုက်ခိုက်ရေးလေယာဉ်များပါ အသုံးပြု၍ ပြန်လည်တုန့် ပြန်လျက်ရှိသည်။ မန္တလေးမြို့အနီး  မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များတွင်လည်း ကာကွယ်ရေးတပ်များက နယ်မြေစိုးမိုးလာသဖြင့်  စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်နေသည်။ 

ငလျင်လှုပ်ခတ်ပြီးတစ်လမပြည့်ခင်မှာပင် မန္တလေးတိုင်းအတွင်းမှာပင် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး အကြိမ် ၂၀ ခန့်ရှိကာ လူပေါင်း ၄၀ နီးပါးသေဆုံးခဲ့ရသည်။ 

ထိုအခြေနေကြောင့် စစ်ကိုင်း၊ ရှမ်းမြောက်၊ ကချင်အပါဝင် တိုက်ပွဲဖြစ်ပွားရာဒေသရှိ နယ်ခံတို့သည် ရန်ကုန်၊ မန္တလေးအပါဝင် စစ်ဘေးလွတ်ရာ အလယ်ပိုင်းဒေသအချို့၌ သွားရောက်ခိုလှုံနေကြရသည်။ အဆိုပါစစ်ဘေးရှောင်များသည် ယခုအခါ ငလျင်ကြီးဒဏ်ကိုပါ ထပ်မံကြုံတွေ့လိုက်ရခြင်းဖြစ်သည်။

“အစ်မတို့က ဗန်းမော်မှ နေမရတော့မှ ထွက်လာတာ။ ဘာမှ မပါ၊ မယူခဲ့ရဘူး။ ဒုက္ခရောက်ပါတယ်ဆိုမှ ဒီမှာ ဘဝက ပြန်ပျက်ပြန်ရော”ဟု ဒေါ်အိအိခိုင်ဇာမောင်က ညည်းတွားသည်။  

တိုက်ပွဲဖြစ်ပွားနေသည့် မန္တလေးတိုင်းအတွင်း စစ်ရေးတင်းမာနေသည့် မြို့နယ်များမြေပုံ

 အင်အားပြင်းငလျင်ဒဏ်ကို စစ်တပ်ထိန်းချုပ်ရာ နေပြည်တော်အပါဝင် မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ မင်းကွန်း၊ နေပြည်တော်၊ ကျောက်ဆည်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိမြို့နယ်အချို့တွင် သေဆုံးသူများပြားရှိခဲ့သည်။ စစ်ကိုင်းငလျင်ကြီးကြောင့် လူပေါင်း ၃၇၃၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူဦးရေ ၅၁၀၈ ခန့်ရှိကြောင်း၊ ထို့အပြင် လူပေါင်း ၁၂၀ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု စစ်ကောင်စီက ဧပြီ ၂၀ တွင် ထုတ်ပြန်ထားသည်။

မတ်လကုန်ပိုင်းက ငလျင်ဒဏ်ကြောင့်  မင်းကွန်းဒေသရှိ ရှေးဟောင်းသမိုင်းဝင် မြသိန်းတန်စေတီမှာလည်း ပြိုကျပျက်စီးသွားခဲ့သည်။ (ဓာတ်ပုံ – မိုးဦး)

ငလျင်ဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရသည့် စစ်ကိုင်း၊ မန္တလေးတဝိုက်ကို တိမ်းရှောင်လာကြသည့် ဗန်းမော်၊ မိုးကုတ်၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းမြောက်ဒေသရှိစစ်ဘေးရှောင်များမှာလည်း မြို့ခံများနည်းတူ ငလျင်ဒဏ်ကြောင့် ထပ်ဆင့် အိုးအိမ်စွန့်ခွာရမှုများရှိနေသည်ဟု မန္တလေးမြို့အခြေစိုက် ပရဟိတကူညီနေသူတစ်ဦးကလည်းဆိုသည်။ ၎င်းသည် မကြာသေးခင်က မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် မိုင်းထိခြင်း၊ ဗုံးစဒဏ်ရာများဖြင့် ဆေးကုသခံနေရသူ စစ်ရှောင်များကို သွားရောက်ကူညီခဲ့သူဖြစ်သည်။

စစ်ပွဲကြောင့် အပြင်းအထန်ဒဏ်ရာများရထားသော်လည်း မည်သို့မည်ပုံဒဏ်ရာရသည်ကို အမှန်အတိုင်းပြောလျှင် အန္တယ်ရယ်ကြုံမည်ကို  စစ်ရှောင်များက ကြောက်ရွံ့နေကြောင်း၊ ထို့ကြောင့် ဆေးကုသမှုများတွင် အမှန်အတိုင်းမပြောရဲမဆိုရဲဘဲ ဒဏ်ရာရသည့်အခြေအနေများကို လှီးလွှဲပြောဆိုနေရကြောင်းလည်း ၎င်းကဆိုသည်။ 

“ စစ်ဘေးရှောင်လာကြတဲ့သူတွေက ဒီမှာ နေကြထိုင်ကြတာ အိမ်ငှားခ စျေးကြီးတာတို့ အခက်အခဲတွေနဲ့။ ငလျင်လှုပ်တော့ သူတို့နေတဲ့နေရာတွေပါ ပျောက်သွားတယ်။ ဝယ်ပြီးနေတဲ့သူတွေဆိုရင်လည်း သူတို့ စစ်ရှောင် အိမ်တွေက ပြိုပျက်သွားတော့ နေစရာပါ မရှိတော့ဘူး။ ဒဏ်ရာရတဲ့သူတွေဆိုရင် ဆေးရုံတက်ဘာတက်နဲ့ တော်တော်ကို အခြေနေဆိုးနေကြတာ”ဟု အထက်ပါ မန္တလေးမြို့ခံ ပရဟိတသမားက ပြောသည်။ 

ငလျင်လှုပ်ခတ်စဉ် ဒေါ်အိအိခိုင်ဇာမောင်၏ အသက် ၂၀ ကျော်အရွယ် သားနှစ်ဦးမှာ အလုပ်သွားနေကြသည်။ အဖီတဲအတွင်းမှာ ဒေါ်အိအိခိုင်ဇာမောင်နှင့် သား ငယ်ဖြစ်သူ ကောင်းကင်ကိုကိုသာ ရှိနေခြင်းဖြစ်သည်။ ငလျင်ဒဏ်ကြောင့် အဖီတဲပြိုကျမှုအတွင်း ဒေါ်အိအိခိုင်ဇာမောင်မှာ လက်၊ ခြေထောက်နှင့် နံရိုးများ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့သည်။ သားဖြစ်သူမှာ အုတ်ပျက်များကျမှ ထုတ်ယူနိုင်ခဲ့သည့်တိုင်း သွေးတလူးလူး ထွက်နေပြီဖြစ်သည်။ 

အသံပင်မထွက်တော့ သားငယ်ကိုပင် ဒဏ်ရာကြောင့် ဒေါ်အိအိခိုင်ဇာမောင် မချီနိုင်သဖြင့် လမ်းသွားလမ်းလာများကို အကူညီတောင်း၍ ဆေးရုံပို့ခဲ့သည်။ သို့သော် ကလေးငယ်ဆုံးသွားပြီ ဖြစ်ကြောင်း ဆရာဝန်အတည်ပြုချက် ကြားလိုက်ရသည်။

“ကလေးက ဆွဲထုတ်ပြီးကတည်းက သတိကိုလည်မလာတော့တာ။  အမကိုတောင်မှ အမေလို့တောင် နောက်ဘိတ်ဆုံးခေါ်မသွားနိုင်ဘူး”ဟု ဒေါ်အိအိခိုင်ဇာမောင်က ပြန်ပြောပြသည်။

“သူ့အကိုတွေကလည်း ကလေးကို ပါးစပ်ကနေလည်း လေတွေမှုတ်တယ်။ အမေ ညီလေးက မရတော့ဘူးထင်တယ်။ နဖူးကနေ လေတွေ ပြန်ထွက်နေတယ်တဲ့​”

မြင်စိုင်းရွာသို့ ရောက်စဉ်က ဒေါ်အိအိခိုင်ဇာမောင်တို့ ကြုံရသည့် အခက်အခဲမှာ နေစရာဖြစ်သည်။ 

ဘုန်းကြီးကျောင်းများတွင်လည်း ဧည့်သည်လက်မခံသည့်အပြင် ငှားရမ်းနေထိုင်ရန် အိမ်ပင် ရှာရန် အခက်အခဲကြုံရသည်။

“PDF (ပြည်သူ့ကာကွယ်ရေးတပ်) တွေဖြစ်နေမှာ ကြောက်လို့တဲ့။ ညီမတို့က စစ်ရှောင်တွေပါ။ စစ်ဖြစ်လို့ နေစရာမရှိလို့ အိမ်လိုက်ငှားနေ တာပါပြောလည်း မရဘူး”

ကျောက်ဆည်ရှိ ဘုန်းကြီးကျောင်းများတွင် ဧည့်သည်လက်မခံဟု ပိတ်ပင်ထားသဖြင့် နေစရာအိမ်ကို  အသိမိတ်ဆွေ၏ ကူပြောပေးမှုကြောင့်သာ ဒေါ်အိအိခိုင်ဇာမောင်တို့ ငှမ်းရမ်း၍ ရခဲ့သည်။  တစ်လလျှင် ကျပ်ငွေ  ၇၅၀၀၀ ပေးရသည်။ စဉ့်ကိုင်မြို့နယ်ရှိ အထပ်သားစက်ရုံတစ်ခုတွင် သားနှစ်ယောက်လုံး အလုပ်ရသဖြင့် တစ်လဝင်ငွေ ၃သိန်းခန့်ရှိသည်။

ဒေါ်အိအိခိုင်ဇာမောင်တို့မိသားစုလိုပင် ယမန်နှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်ဖြစ်ပွားသည့် တိုက်ပွဲကြောင့်​ ဗန်းမော်မြို့မှ မန္တလေးသို့ ထွက်ပြေးတိမ်းရှောင်ခိုလှုံနေရသူ အိမ်ထောင်စု ၁၂၀၀ ကျော်ရှိသည်ဟု ဗန်းမော်မြို့ရှိ သုညသုက္ခပရဟိတအမည်ရ ပရဟိတကူညီရေး အသင်းတာဝန်ရှိသူတစ်ဦးကဆိုသည်။  

စစ်ရှောင်များမှာ မန္တလေးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသူများသကဲ့သို့ အိမ်ငှား၍ နေထိုင်ရသူများ လည်းရှိကြောင်း၊ မန္တလေးမြို့ပေါ်အပြင် အခြားနီးစပ်ရာမြို့များတွင်လည်း ခိုလှုံနေသူများ လည်းရှိကြောင်း အဆိုပါအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဧရာဝတီမြစ် အနောက်ဘက်ကမ်း စစ်ကိုင်းမြို့နယ်အတွင်းမှ ငလျင်ဒဏ်သင့် လူနေအိမ်တစ်လုံးကို ဧပြီ ၈ တွင် တွေ့ရစဉ် (ဓာတ်ပုံ – မိုးဦး)

ငလျင်အသံကို လေယဥ်သံဟု မှတ်ထင်ခဲ့သူများ 

တိုက်ပွဲဖြစ်ပွားရာဒေသရှိ ပြည်သူများသည် မန္တလေးတိုင်းအတွင်း အသိဆွေမျိုးများနှင့် ဆက်စပ်၍ လာရောက်ခိုလှုံ၍ စစ်တပ်ရန်ကို ခေတ္တရှောင်ရှားနိုင်ခဲ့ပြီးနောက် စားဝတ်နေရေးအတွက် ပြန်လည်းရုန်းကန်နေရသည့်အခြေနေတွင် သဘာဝဘေးဒဏ်ကြောင့် နှစ်ထပ်ကွမ်းဒုက္ခကို ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။

ထိုကဲ့သို့ ခံရသူများတွင် မန္တလေးမြို့ မြောက်ဖက်ရှိ စစ်မက်ဖြစ်ပွားနေပြီး ငလျင်ဒဏ်သင့် မတ္တရာမြို့ရှိ စစ်ဘေးဒုက္ခသည် ဒေါ်အေးမြင့်ဝင်းလည်း ပါဝင်သည်။ 

ငလျင်အတွင်း ပြိုကျပျက်စီးမှုများကြောင့် သူမ၏ အမျိုးသား၊ မြေးများအပါဝင် မိသားစု ခြောက်ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ ခိုလှုံနေသည့်အိမ်မှာလည်း ပျက်စီးသွားခဲ့သည်။ 

စစ်ကိုင်းမြို့မှ ၂၀၂၃ မေလကတည်းက မန္တလေးတိုင်း၊ မတ္တရာမြို့အနောက်ဘက် ၁၀ မိုင်အကွာက အိုင့်ဒိုင်ရွာသို့ အသက် ၅၇ နှစ်အရွယ် ဒေါ်အေးမြင့်ဝင်းနှင့် မိသားစုဝင်များ စစ်ရှောင်လာခဲ့သည်။ထိုရွာမှာ မင်းကွန်းဒေသ ဧရာဝတီမြစ်ဘေး စစ်ကိုင်းနှင့် မန္တလေးတိုင်းနှစ်ခု ထိစပ်နေသည့် နေရာဖြစ်သည်။

၎င်းမှာ စစ်ကိုင်းမြို့နယ် တောင်ဘက် ၅ မိုင်အကွာ၊ ရေခါးအင်းအနီးရှိ ပဒူရွာဇာတိဖြစ်သည်။ ထိုဒေသတဝိုက်တွင် လွန်ခဲ့သည့် သုံးနှစ်အတွင်း စစ်ကောင်စီတပ်များက စစ်ကြောင်းများထိုး၍ ရွာမီးရှို့သည့် စစ်ဆင်ရေးများဆင်နွှဲခဲ့သည်။ 

ဒေါ်အေးမြင့်ဝင်းတို့ ပဒူရွာရှိ ရဲစခန်းကို စစ်ကောင်စီကိုဆန့်ကျင်သည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ၂၀၂၃ မေ ၁၉ နံနက်ပိုင်းတွင် စီးနင်းတိုက်ခိုက်ခဲ့ကြသည်။ အလုံးအရင်းနှင့်တိုက်ခိုက်ခံရချိန်တွင် ရွာအခြေစိုက် စခန်းမှာ ရဲများမှာ စွန့်ခွာထွက်ပြေးသွားရာတော်လှန်ရေးတပ်က အသာစီးရယူထားခဲ့သည့်အခြေနေဖြစ်သည်။ သို့သော် စစ်တပ်က ပဒူရွာထဲကို လေကြောင်းဖြင့် သုံးကြိမ်ဗုံးကြဲချတိုက်ခိုက်ခဲ့သလို အင်အားအများအပြားဖြင့် ရွာရဲစခန်းတွင် အစားထိုးနေယူခဲ့ကြသည်။ ထိုစဉ်ကတည်းက အိမ်ထောင်စု ၂၀၀၀ ကျော်နေထိုင်သည့် ပဒူရွာမှာ စစ်တပ်၏ မျက်မုန်းကျိုးမှုအောက်တွင် မကြာခဏ မီးတင်ရှို့ခံနေရခြင်းဖြစ်သည်။

“ခဏတိုင်းမီးရှို့လို့ ရွာပျက်ကြီးလိုဖြစ်နေပြီ”ဟု ပဒူရွာ နယ်ခံတစ်ဦးက ပြောသည်။

စစ်ကိုင်းငလျင်ကြောပေါ်ကျရောက်နေသည့် အင်းဝဒေသမှာလည်း  ရှေးဟောင်းလက်ယာများအပါဝင် နေအိမ် ထိခိုက်ပျက်စိမှုအများအပြားရှိခဲ့သည်။ 

ထို့နောက် ဒေါ်အေးမြင့်ဝင်းတို့သည် အိုင့်ဒိုင်ရွာရှိ ဘုန်းကြီးကျောင်းတွင် သင်္ကန်းစီးထားသည့် ဆွေမျိုး ဘုန်းကြီးထံ လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရင်း ယာစိုက်ရန် နေ့စားအငှားလိုက်ရသည့်အခါ ဝင်ငွေရသည်။

“ဘုန်းကြီးကျောင်းကြွေးတာစားရ၊ တခါတလေ အလှူရှင်ရှိတော့လည်း လာလှူတာရတာပေါ့။ ရွာဝန်းကျင်က အငှါးလိုက်စရာရှိတော့လည်း လိုက်ရတာပေါ့။ တခြားရွာသားတွေလည်း အတူတူပဲ၊ နီးရာရှောင်ကြရတာပေါ့။…ဒီဒေသကတော့ ယာစိုက်ချိန်ဆို လူငှါးခေါ်လိုက်ကြ၊ လုပ်ကြပေါ့၊ အခုလို ဘာအလုပ်မှ မရှိချိန်တော့ စားရေးသောက်တာ ခက်ခဲဆုံးအချိန်ပဲ”ဟု ဒေါ်အေးမြင့်ဝင်းက ပြောသည်။

ထိုသို့ နေသားကျသလိုဖြစ်လာသည့် ဒေါ်အေးမြင့်ဝင်းတို့မိသားစုမှာ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးအတွင်း တစစီပြိုကွဲသွားခဲ့သည်။ ငလျင်ဒဏ်ကို ရှေးဟောင်းစေတီပုထိုးများများစွာရှိသည့် မင်းကွန်းဒေသသည်  အပြင်းအထန်ခံစားခဲ့ရပြီး မင်းကွန်းဒေသ မြောက်ဘက် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာများရှိ သက်တမ်းရင့် ဘုန်းကြီးကျောင်းများ၊ စေတီပုထိုးများ ပျက်စီးပြိုကျမှုရှိခဲ့သည်။

အိုင့်ဒိုင်ရွာတွင်လည်း ငလျင်ဒဏ်ကြောင့် ဒေါ်အေးမြင့်ဝင်း၏ ခင်ပွန်းဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဦးသိန်းဌေး၊ ချွေးမဖြစ်သူ အသက် ၂၅ နှစ်အရွယ် ဒေါ်ဇာလီမြင့်နှင့် မြေးများဖြစ်သော အသက် ၁၂ အရွယ် မသဇင်၊ ၅နှစ်အရွယ် မခင်ပုလဲ၊ ၃နှစ်အရွယ် ခင်သန္တာဝင်းနှင့် ၁နှစ်အရွယ် ခင်နီလာဝင်းတို့မှာ အဆောက်အဦးပြိုကျမှုအတွင်း ပိတ်မိကာ သေဆုံးခဲ့ရသည်။ 

ဒေါ်အေးမြင့်ဝင်း၏ အထက်ပါ မိသားစုဝင် ခြောက်ဦးအပါဝင် အိုင့်ဒိုင်းရွာ၌ ငလျင်ဘေးကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးရှိခဲ့သည်။ ကျန်သုံးဦးမှာ သက်တော် ၆၃ နှစ်အရွယ် ဘုန်းတော်ကြီးဖြစ်သူ ဦးအဂ္ဂ၊ ရွာခံ အသက် ၅၀ အရွယ် ဦးညွန့်နိုင်နှင့် ၎င်း၏ တူဖြစ်သူ ၂နှစ်အရွယ် မင်းထက်နိုင်ဆိုသူတို့ ဖြစ်သည်။ 

ဧရာဝတီမြစ်အနောက်ဘက်ကြမ်းပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် မင်းကွန်းပုထိုးတော်ကြီးမှာလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ (ဓာတ်ပုံ – မိုးဦး)

ငလျင်လှုပ်သည့်နေ့က ဒေါ်အေးမြင့်ဝင်းအပါဝင် ၉ ဦးစလုံးသည် မတ် ၂၉ တွင် ကျရောက်မည့် ဥပုသ်နေ့အတွက် ဆွမ်းဆပ်ကပ်လှူဒါန်းရန် ပြင်ဆင်နေစဉ်ဖြစ်ပြီး ကျောင်းနံရံ ပြိုကျချိန် ၉ ဦးစလုံး အုပ်ချပ်များအောက် ပိတ်မိသွားခြင်းဖြစ်သည်။

“ဝုန်းဆို အသံကြားလိုက်တော့ အပေါ်ကနေ (လေယာဉ်နဲ့ ဗုံးကြဲ) ချလိုက်တယ်ထင်နေတာ။ အသံကြားတော့​ဝပ်ကြ ဝပ်ကြဆိုပြီး နံရံဘေးနား ကပ်နေကြတာ။ နံရံပြိုကျတော့ ပိသွားတာ”ဟု ဒေါ်အေးမြင့်ဝင်းက ပြောသည်။​

သူမ၏ သမီးဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်မွန်မွန်ကြည်ကလည်း “အကုန်ကို ပြားချပ်ကုန်တာ။ အူတွေထွက်တဲ့လူက ထွက်နဲ့”ဟု ပြန်ပြောပြသည်။ ဒေါ်မွန်မွန်ကြည်မှာ ငလျင်ကြောင့်သေဆုံးသွားသည့် မသဇင်၏ မိခင်လည်းဖြစ်သည်။

“ကျောက်ခဲတွေပို့သွားတော့ အော်မှ လာဖော်ကြတာ။ ဒီနားလေးတင် ကိုယ့်မိသားစုတင်ဖြစ်သွားတာ။ ဦးဇင်းတွေသာ လာမခေါ်ရင် ကိုယ်လည်း သေမှာပေ့ါ။ ခဲတွေက တကိုယ်လုံး အကုန်ပို့နေတာ”

ကမ္ဘာ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)၏ ဧပြီ ၁၈ အစီရင်ခံစာအရ ငလျင်ကြီးကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော် ပျက်စီးခဲ့ပြီး နောက်ဆက်တွဲ ငလျင်များ ကြောင့် ပြန်လည် တည်ဆောက်ရေးနှင့် ထူထောင်ရေးလုပ်ငန်းများအတွက် အခက်ကြုံနေရကြောင်း ဖော်ပြထားသည်။  ငလျင်ဒဏ်သင့် ပြည်သူ နှစ်သန်းနီးပါးသည် ခိုလှုံစရာနေရာနှင့် အခြေခံအိမ်သုံး ပစ္စည်းများ လိုအပ်နေဆဲဟုလည်း ကုလကဆိုသည်။ 

မန္တလေးမြို့ခံများမှာ နောက်ဆက်တွဲငလျင် စိုရိမ်ချက်ကြောင့် အဆောက်ဦးနှင့် ကင်းရာနေရာများတွင် ခိုလှုံနေဆဲဖြစ်သည်။

လားရှိုးမှစစ်ပြေးခဲ့ပြီး မန္တလေးကိုရှောင်လာသူ 

ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတွင် မြေထဲမြုပ်သွားသည့် တိုက်များ၊ စောင်းသွားသည့်တိုက်များအပြင် နေအိမ်များ အလုံးလိုက်ပြိုကျသွားသည် အများအပြားရှိသည်။ မြို့ပျက်ကြီးသကဲ့သိုဖြစ်နေသည်ဟု အသက် ၂၆ နှစ်အရွယ် လားရှိုးမြို့ခံ မမိုင်မိုင်*က ဆိုသည်။

“စစ်ဖြစ်ပြီး ပျက်သွားတဲ့မြို့နဲ့အတူတူပဲ။ ကျည်ပေါက်ရာပါတာနဲ့ မပါတာပဲရှိတယ်။ ဒီမှာကျတော့ ငလျင်ဘေးမလွတ်ပဲ ပိပြီးသေသွားတဲ့သူတွေရှိတယ်။ စစ်ဖြစ်တုန်းကကျ လမ်းပေါ်မှာ သေသွားတဲ့သူတွေကို မြင်ရတယ်”ဟု မမိုင်မိုင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင်လအတွင်းက စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးကို ကိုးကန့်တပ် (MNDAA) စီးနင်းတိုက်ခိုက်စဉ် အပြင်းအထန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မန္တလေးမြို့ကို မမိုင်မိုင်တိမ်းရှောင်လာခြင်းဖြစ်သည်။

လားရှိုးမြို့ကို ကိုးကန့်တပ်က တစ်လအတွင်းမှာပင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော်လည်း မမိုင်မိုင် မပြန်ဖြစ်ခဲ့ပေ။ ကားခမှာ အနည်းဆုံး ကျပ် ၆သိန်းအထိ စျေးမြှင့်တက်နေသောကြောင့်ဖြစ်သည်။ မန္တလေး မြို့ ချမ်းမြသာစည်မြို့နယ်အတွင်း၌ အိမ်ငှားနေထိုင်၍ အရောင်းအဝယ်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ရင်း ဆက်လက်ခိုလှုံနေသူဖြစ်သည်။

ချမ်းမြသာစည်မြို့နယ်အတွင်း စစ်ရှောင်အချို့နှင့်အတူ အိမ်ငှားနေထိုင်သော်လည်း ငလျင်ဒဏ်ကြောင့် ၎င်းတို့အိမ်မှာ အက်ကွဲသွားခဲ့သည်။ ယခုအခါ အခြားမန္တလေးမြို့ခံများကဲ့သို့ပင် ဘုန်းကြီးကျောင်းတစ်ခုတွင် ထပ်မံပြောင်းရွှေ့ခိုလှုံနေရပြီဖြစ်သည်။

“အိမ်နားက ဘုန်းကြီးကျောင်းဝန်းထဲမှာ ဖျားခင်း၊ အိပ်တာ။ မိုးရွာတော့ နောက်တစ်နေရာကို ပြန်ပြောင်းရတယ်။ ကွင်းပြင်ကြီးမှာ ဖျာတွေခင်း၊ ခြင်ထောင်ထောင်၊ တန်းစီပြီးအိပ်ကြတာပဲ”ဟု မမိုင်မိုင်က ပြောသည်။

နောက်ဆက်တွဲ လှုပ်ခတ်နေသည့် ငလျင်များကြောင့်လည်း မန္တလေးမြို့ခံ များမှာ လမ်းပေါ် ၊ ကွင်းပြင်များတွင် ထွက်၍ နေထိုင်နေရဆဲဖြစ်သည်။ ငလျင်ကြီးကြောင့် ပြိုကျမှုမရှိသော်လည်း ထိခိုက်ကုန်သည့် အထပ်မြင့်အဆောက်ဦးများမှာလည်း ငလျင်ငယ်တို့ ဆက်လက်လှုပ်ခတ်နေမှုကြောင့် ထိုအဆောက်အအုံတို့အနီးနေထိုင်သူများမှာ မြေကွင်းပြင်ကျယ်ရှိရာ ဘုန်းကြီးကျောင်းများသို့ လာရောက်ခိုလှုံနေကြသည်ဟု မဟာအောင်မြေမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ခု၌ ခိုလှုံနေသူ မဖြိုးဖြိုး* က ဆိုသည်။

 အသက် ၂၈ နှစ်အရွယ် မဖြိုးဖြိုးသည် ဗန်းမော်မြို့ ဟန်တဲရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းက မန္တလေးမြို့သို့ တိမ်းရှောင်နေခဲ့သူဖြစ်သည်။ ထိုရပ်ကွက်မှာ စစ်တပ် ခြေလျင်တပ်ရင်း အမှတ် (၄၇) နောက်ကြောအနီးတွင်လည်းဖြစ်ရာ တိုက်ပွဲစခါစက ဗန်းမော်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွင် ခေတ္တခိုလှုံခဲ့သည်။ 

ဖျက်အားပြင် ငလျင်ဗဟိုပြုလုပ်ခတ်ခဲ့ခံသည့် မန္တလေးမြို့ကို ဧပြီ ၁၇ တွင် တွေ့ရသည်။

တိုက်ပွဲကာလတစ်လနီးပါးဖြစ်လာချိန် ဗန်းမော် မြို့အတွင်း၌ စစ်သားများကို မမြင်ရတော့သော်လည်း လေကြောင်းမှ နေ့စဉ် ဗုံးကြဲချတိုက်ခိုက်မှုများကြောင့် ဒီဇင်ဘာလကုန်ပိုင်းတွင် မဖြိုးဖြိုးသည် သူမ၏ မောင်၊ ညီမတို့နှင့်အတူ မြို့မှ ထွက်ရန် ဆုံးဖြတ်ခဲ့သည်။

ထို့နောက် မန္တလေး၊ မဟာအောင်မြေရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ခိုလှုံခဲ့ကာ အလုပ်လိုက်ရှာနေခဲ့သူဖြစ်သည်။ အိမ်ထောင်ပရိဘောဂဆိုင်တစ်ခုအတွင် အရောင်းဝန်ထမ်းနေရာအတွက် မတ် ၂၆ တွင် အင်တာဗျူးဖြေရာ အလုပ်ရခဲ့သည်။ ဧပြီလဆန်းတွင် အလုပ်စဝင်ရမည်ဖြစ်သည်။

“အလုပ်သစ်က ခန့်ပြီးမှ ငလျင်နဲ့ ကြုံသွားတာ။ အသစ်ရတဲ့အလုပ်က တစ်အိမ်လုံးတော့ မပြိုဘူး။ အဆောင်တွေပြိုတာ။ ပြန်ပြီးပြုပြင်ဦးမယ်တဲ့။ ညီမတို့လည်း အဲဒီအလုပ်ကို စောင့်နေတာ”ဟု မဖြိုးဖြိုးက ပြောသည်။

သို့သော် မဖြိုးဖြိုးတစ်ယောက် ငလျင်အပြီးတွင် သုံးလနီးပါးခိုလှုံခဲ့သည့် မန္တလေးမြို့ကနေ စွန့်ခွာရန်ဖြစ်လာတော့သည်။ အလုပ်ရလို့ရငြား မျှော်လင့်ချက်ဖြင့် မန္တလေးတောင်ဘက် မိုင် ၂၀ခန့်ရှိ စဉ့်ကိုင်မြို့နယ်သို့  ငလျင်အပြီး နှစ်ပတ်အကြာတွင် ထပ်မံပြောင်းရွှေ့ခဲ့သည်။ စဉ့်ကိုင်မြို့တွင် စက်ရုံအများအပြားရှိသည်ဟု ဆိုသောကြောင့်ဖြစ်သည်ဟု မဖြိုးဖြိုးက ဆိုသည်။

“(ထွက်ပြေးလာတုန်းက)ပါတဲ့ ပိုက်ဆံလေးတွေနဲ့ထိုင်စာရင်း အလုပ်လိုက်ရှာတာ။

ငလျင်ဖြစ်တော့ လူတွေလည်း ဘုန်းကြီးကျောင်းမှာ ထပ်များလာတယ်လေ။ နေတာလည်းကြာတော့ အားနာတာနဲ့ ထပ်ပြောင်းလိုက်တာ”ဟု ၎င်းက ပြောသည်။

မန္တလေးမြို့ပေါ်ရှိ ငလျင်ဒဏ်သင့် အဆောက်အဦးတစ်လုံးကို ဧပြီ ၉ တွင် တွေ့ရစဉ်

စဉ့်ကိုင်မြို့တွင် စက်မှုဇုံမရှိသော်လည်း စက်ရုံ ပေါင်း ၄၈ ရုံရှိသည်။ အဆိုပါစက်ရုံများမှာ စစ်တပ်လုပ်ငန်းစုတစ်ခုဖြစ်သည့် ဦးပိုင်၏ ပလက်စတစ်စက်ရုံနှင့် အမွှေတိုင်စက်ရုံနှစ်ခုပါဝင်ပြီး ကျန်စက်ရုံများမှာ ပုဂ္ဂလိကပိုင်စက်ရုံများဖြစ်သည်။ ထို့အပြင် ဆန်၊ ဆီ၊ ပဲ၊ မုန့်၊ မြေသြဇာ၊ ကွန်ကရစ်၊ နို့ချက်အလုပ်ရုံ ၃၇ ရုံလည်ပတ်လျက်ရှိသည်။

အထပ်သားစက်ရုံတွင် အလုပ်ဝင်နေသည့် သားနှစ်ဦးရှိရာ စဉ့်ကိုင်မြို့ကို မတ္တာရာရှိ စစ်ဘေးနှင့် ငလျင်ဘေးဒုက္ခသည် ဒေါ်အိအိခိုင်ဇာမောင်လည်း ထပ်မံပြောင်းရွှေ့နေထိုင်လျက်ရှိသည်။ ကျောက်ဆည်၊ အရှေ့မြင်စိုင်းရွာတွင် တစ်လ ကျပ်ငွေ ၇၅၀၀၀ ကျပ်ဖြင့် ငှားရမ်းနေထိုင်သည့် အိမ်မှာ ပြိုကျသွားပြီဖြစ်သည်။

“အိမ်ရှင်ကတော့ ဆက်နေမလားတော့ မေးတယ်။ ကိုယ့်သားတစ်ယောက်လုံးဆုံးရှုံးသွားတဲ့အိမ်မှာ ဘယ်လိုလုပ်နေနိုင်တော့မလဲ”ဟု ဒေါ်အိအိခိုင်ဇာမောင်က ပြောသည်။

ထို့အပြင် အိမ်ငှားရခက်ခဲ့မှုကြောင့်လည်းပါသည်။ ဘုန်းကြီးကျောင်းမှာလည်း ဧည့်သည်လက်မခံဟု ပြောထားပြီဖြစ်ရာ ယာယီခိုလှုံခွင့်ပြုရေး ရွာအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ရယူ၍  ဒေါ်အိအိခိုင်ဇာမောင်တို့သားအစ်မိ တစ်ပတ်ခန့်တည်းခိုခွင့်ရခဲ့သည်။ 

ထိုစဉ်က ဒေါ်အိအိခိုင်ဇာမောင်တစ်ယောက် လမ်းပင်လျှောက်၍ မရသေးသဖြင့် သားနှစ်ယောက် ပွေ့ချီ၍ သွားရလာရသည်။ တစ်ပတ်ခန့်အကြာ၌ သားနှစ်ဦးက ၎င်းတို့စက်ရုံအနီးနားကို ခေါ်လာခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဒေါ်အိအိခိုင်ဇာမောင်ထိုင်နိုင်၊ ထနိုင်လာပြီဖြစ်သော်လည်း နံရိုးနေရာများရောင်ကိုင်းနေဆဲဖြစ်သလို လက်မှာ ကွေး၍၊ ဆန့်၍ပင်မရသေးပေ။

“ဆေးလည်း မကုနိုင်ဘူး။ တောင်ဆိပ်ဆီလိမ်ပြီးနေ, နေတာ။… စကြာမင်း အရိုးအကြောဆေးကို သောက်တယ်။ ပြီးရင် ရေနွေးအိုးတယ်ပြီး ခါးကြပ်ထုပ်ထိုးလိုက်တယ်”

Related Articles

Back to top button