အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ အပြီးသတ်သိမ်းပိုက်

၈ လကြာတိုက်ခိုက်ခဲ့ရသည့် ကချင်နှင့် စစ်ကိုင်းတိုင်းနယ်စပ်ရှိ အင်းတော်မြို့ကို သိမ်းပြီးနောက် စစ်ကိုင်းတိုင်းတွင် NUG သိမ်းထားသည့် တစ်မြို့တိုးလာသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်များ နှင့် ABSDF ကျောင်းသားတပ်က ၈ လ နီးပါးကြာတိုက်ခိုက်ပြီးနောက် ဧပြီ ၇ ရက်နေ့ ညဦးပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ဧပြီ ၇ ရက်နေ့ ည ၈ နာရီခန့်က အင်းတော်မြို့တွင် တစ်ခုတည်းကျန်ရစ်သည့် စစ်ကောင်စီတပ်၏ ဂျပန် လှိုဏ်ဂူကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် အင်းတော်မြို့ကို ထိန်းချုပ်လိုက် သည်ဟု ရှေ့တန်းသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ဧပြီ ၇ ရက်နေ့ ညက ပြောသည်။

“အခုည သိမ်းနိုင်တာ ဟုတ်တယ်၊ စစ်သုံ့ပန်းတွေအများကြီးမိတယ်ပေါ့နော်၊ သူတို့တွေ လက်နက်ချ အညံ့ခံတယ်။ ပြီးရင် ဒီနေ့တစ်ရက်လုံးကတော့ လေယာဉ်တွေနဲ့ ကြဲနေတာပေါ့နော်၊ နှစ်ဖက်အကျအဆုံး ကတော့ ရှိတာပေါ့” ဟု အဆိုပါ ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်တစ်လျှောက်လုံး စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယာဉ်၊ Y 12 အမျိုးအစား ထောက်ပို့လေယာဉ်များဖြင့် တနေကုန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတချို့ထံက သိရသည်။

ဧပြီ ၁ ရက်နေ့တွင်  ဂျပန်လှိုဏ်ဂူကုန်းမှ စစ်တပ်က စခန်းအပြင်ထွက်ပြီး စစ်ကြောင်းထိုးလာသည်ကို တော်လှန်ရေးပူပေါင်းတပ်များက လိုက် လံတိုက်ခိုက်ရာမှ အဆိုပါစစ်ကြောင်းကို ချေမှုန်းနိုင်သလို စခန်းကုန်းတစ်ခုလုံးကိုပါ သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

“သူတို့က စစ်ကြောင်းထိုးလာတဲ့အခါမှာ တိုက်ရင်းနဲ့ ဟိုဆုတ် ဒီဆုတ်နဲ့ ကိုယ့်ဘက်က တိုက်ရင်းနဲ့မှ မြို့မဘုန်းကြီးကျောင်းတို့၊ လျှောင်းတော်မူဘုရားကုန်းတို့ရတာပေါ့နော်၊ ရပြီးမှ နောက်တစ်ကုန်းက ဂျပန်လှိုဏ်ဂူကုန်းကို ရတာပေါ့” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဥမင်သဖွယ် အခိုင်အမာ တည်ဆောက်ထားသည့် ဂျပန်လှိုဏ်ဂူကုန်းမှာ အင်းတော်မြို့၏အရှေ့ဘက် တစ်ဆက်တည်းတွင်ရှိပြီး အရှေ့အနောက် သွယ်တန်းနေသည့် တောင်ကုန်းတစ်ခုဖြစ်ကာ အင်းတော်မြို့နှင့် ရွှေဘို-မြစ်ကြီးနားလမ်းကို ဗျူဟာအရ စိုးမိုးထားနိုင်သည့်ကုန်းတစ်ခုဖြစ်သည်။

အဆိိုပါတောင်ကုန်းပေါ်တွင် စစ်ကောင်စီတပ်စွဲရာကုန်းအပြင် ဘုန်းကြီးကျောင်းနှင့် အခြား သာသနိက အဆောက်အအုံများရှိသည့် ကုန်းတချို့ရှိနေကြသည်။

 သိမ်းပိုက်ပြီးနောက် တွေ့ရသည့် ဂျပန်လှိုဏ်ဂူကုန်း။ (ဓာတ်ပုံ-Padang Nsen)

ဂျပန်လှိုဏ်ဂူကုန်းမှ ဟောင်ဝှစ်ဇာအမြောက်ကြီးတစ်လက်အပါအဝင် ၁၂၀၊ ၁၂၂ မမ စိန်ပြောင်းများနှင့် လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ဆက် ပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံများနှင့်ဓာတ်ပုံများအရ ဟောင်ဝှစ်ဇာအမြောက်၊ စိန်ပြောင်း တို့အပြင် လက်နက်ငယ်အမြောက်အများ၊ စနိုက်ပါများ၊ ဗုံးသီးများ၊ လက်ပစ်ဗုံးများနှင့် မိုင်းမျိုးစုံတို့ကို တွေ့ရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် လက်နက်ချကြောင်း၊  သုံ့ပန်းများကို စိစစ်နေဆဲဖြစ်သည့် အတွက် အရေအတွက်နှင့် ရာထူးများကို အတည်မပြုနိုင်သေးကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။ တော်လှန်ရေးပူးပေါင်းတပ်များဘက်ရှိ   ထိခိုက် ကျဆုံးမှုများကို စိစစ်နေဆဲဖြစ်သည်ဟု သိရသည်။ 

ဂျပန်လှိုဏ်ဂူကုန်းတွင် စစ်ကောင်စီ ခြေမြန်တပ်မ(၇၇)၏ ရှေ့တန်းတပ်မဌာနချုပ်အဖြစ် တည်ဆောက် ထား သည်ကို လူမှုကွန်ရက် ရုပ်သံဖိုင်များတွင်တွေ့ရပြီး တပ်မမှူးကို ဖမ်းဆီးရမိခြင်း ရှိမရှိ မသိရသေးပေ။

အင်းတော်မြို့ကို ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၁၆ ရက်နေ့မှ စတင်ကာ တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး နှစ်လနီးပါးခန့်အကြာ မြို့ပေါ်ရပ်ကွက်အားလုံး သိမ်းပိုက်နိုင်ခဲ့ရာမှ စစ်ကောင်စီတပ်၏ ဂျပန်လှိုဏ်ဂူကုန်းစခန်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။

အဆိုပါစခန်းကို ABSDF အပြင် စစ်ကိုင်းအထူးတပ်ရင်း(၁) SR-1 နှင့် NUG အစိုးရ၏ အမှတ်(၁) စစ်ဒေသ လက်အောက်ခံတပ်များ ပူးပေါင်းသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် ဝင်ပေါက်တစ်ခုဖြစ်သည့် နန့်စီးအောင်မြို့နှင့် ၂၇ မိုင်ခန့်သာ ဝေးပြီး ဗျူဟာအရ ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်တွင်ရှိသည့် အင်းတော်မြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ်က အပြင်းအထန် ခုခံခဲ့သော်လည်း လက်လွှတ်ခဲ့ရသည်။

အင်းတော်မြို့၏မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် မော်လူးမြို့ကို ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ တွင် ABSDF နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။

အာဏာသိမ်းအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် တော်လှန်ရေးပူးပေါင်းတပ်များက KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တချို့နှင့်ပူးပေါင်းပြီး မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ တပ်များက မန္တလေးတိုင်းအတွင်း  စဉ့်ကူး၊ သပိတ်ကျင်းနှင့် တကောင်းမြို့တို့ကို သိမ်းပိုက်ထားသလို စစ်ကိုင်းတိုင်းအတွင်း ခမ်းပတ်၊ ရွှေပြည် အေး၊ ပင်လည်ဘူးစသည့် မြို့များ ကိုလည်း သိမ်းပိုက်ထားရာ အင်းတော်တစ်မြို့ ထပ်တိုးလာပြီ ဖြစ်သည်။

၂၀၂၄ အတွင်း ကချင်နှင့် စစ်ကိုင်းအစပ်မှ ABSDF တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ- Indaw Revolution)

Related Articles

Back to top button