သတင်း

 BIMSTEC အစည်းအဝေးတက်သည့် စစ်ခေါင်းဆောင်နှင့် ထိုင်း သဘောတူညီမှုတချို့ရ 

ကန့်ကွက်မှုများကြား BIMSTEC အစည်းအဝေးသို့တက်လာသည့် စစ်ခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ်တို့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု၊ အွန်လိုင်းလိမ်လည်မှုနှိမ်နင်းရန်စသည့် သဘောတူညီချက်အချို့ကို လက်မှတ်ထိုးခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင်ကျင်းပသည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(BIMSTEC) အစည်းအဝေးသို့ တက်လာသည့် စစ်ခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ်တို့ကြား နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှု၊ ကျားဖြန့်လိမ်လည်မှုနှိမ်နင်းရန်တို့ကို ဆွေးနွေးခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ် ပေတောင်တာန် ရှင်နာဝပ်နှင့် စစ်ခေါင်းဆောင်တို့ ဆွေးနွေးမှုတွင် နယ်စပ်ဒေသတွင် တောမီးခိုးများထိန်းချုပ်ရေး၊ သဘာဝဘေးအန္တရာယ်များနှင့် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များအပါအဝင် ဘေးအန္တရာယ် စီမံခန့်ခွဲရေးတွင်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရေး၊  မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် တရားမဝင် ကုန်သွယ်မှုများကို ကိုင်တွယ်ဖြေရှင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊သီရိလင်္ကာနှင့်ထိုင်းတို့မှ နိုင်ငံအကြီးအကဲများနှင့်အတူမြန်မာနိုင်ငံ စစ်ခေါင်းဆောင်လည်း ကန့်ကွက်မှုများကြားမှ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ (ဧပြီလ ၄ ရက်) က ကျင်းပသည့် BIMSTEC ၏ (၆) ကြိမ်မြောက်အစည်းအဝေးတွင် ဒေသတွင်း ကုန်သွယ်ရေး ချိတ်ဆက်မှုများကို မြှင့်တင်ရန် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

ထို့ပြင် ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများအကြား မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေရန် အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းအသင်းနှင့်နားလည်မှုစာချွန်လွှာ နှစ်စောင်နှင့် နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇ၀တ်မှုဆိုင်ရာရုံးနှင့် နားလည်မှုစာချွန်လွှာ တစ်စောင်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ယခုအစည်းအဝေးသို့ မြန်မာစစ်ခေါင်းဆောင်  တက်ရောက်ခြင်းကြောင့် အငြင်းပွားမှုများနှင့် ရှုတ်ချဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်သည့် အုပ်စုများက အစည်းအဝေးသို့ အာဏာသိမ်းစစ်ခေါင်းဆောင် တက်ရောက်ရန် ဖိတ်ခေါ်မှုကို  အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။

စစ်ခေါင်းဆောင်သည် မြန်မာနိုင်ငံကို ကိုယ်စားပြုရန် တရားဝင်မှု မရှိကြောင်းနှင့် ထိပ်သီးအစည်းအဝေးသို့ ၎င်းအားတက်ရောက်ခွင့်ပြုခြင်းသည် တရားမျှတမှုအတွက် စော်ကားခြင်းအဖြစ် ရှုမြင်ကြောင်း NUG က ထုတ်ပြန်ခဲ့သည်။

စစ်ခေါင်းဆောကကို အလိုမရှိကြောင်း ကန့်ကွက်မှုအချို့ရေးသားထားသည့် စားသားများချိတ်ဆွဲ၍ ဘန်ကောက်မြို့လယ်တွင် ဆန္ဒပြခဲ့ကြသည်။

ဘန်ကောက်တွင်လည်း ဆန္ဒပြသူများက  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို “လူသတ်သမား” ဟု တံဆိပ်ကပ်ထားသည့် စာတန်းများ ချိတ်ဆွဲပြီးကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် လတ်တလော ငလျင်ကြောင့် လူပေါင်း ၃,၀၀၀ ကျော် သေဆုံးပြီး အကူအညီများ များစွာလိုအပ်နေချိန်တွင် အစည်းအဝေး တက်ရောက်မှုကိုလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ၊ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လက်ရှိ စစ်ရာဇ၀တ်မှုများ အပါအဝင်ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် စွပ်စွဲခံထားရသော စစ်အစိုးရကို တရားဝင်ဖြစ်စေရန် ဗိုလ်ချုပ် မင်းအောင်လှိုင်ကိုဖိတ်ကြားသည့်   BIMSTEC ၏ ဆုံးဖြတ်ချက်ကို Justice For Myanmar အဖွဲ့က ရှုတ်ချခဲ့သလို ဒေသတွင်း အစိုးရများက စစ်အစိုးရကို ထောက်ပံ့မှုများ ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားခြင်းသည် အဖွဲ့၏စည်းမျဉ်းအရ ဝတ္တရားရှိသည်ဟူသော အချက်များကို ကိုးကား၍ ခုခံကာကွယ်ပြောခဲ့သည်။

အာဆီယံနိုင်ငံများက သဘောတူထားသည့် ငြိမ်းချမ်းရေး အစီအစဉ်များကို လိုက်နာမှုမရှိသော စစ်ကောင်စီကို အဆင့်မြင့်အစည်းအဝေးများမှ ဖယ်ထုတ်ထားသော အာဆီယံ၏ ချဉ်းကပ်မှုနှင့် ယခုဖိတ်ကြားမှုသည် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ဝေဖန်ကန့်ကွက်ထားကြသည်။

ယခု BIMSTEC အစည်းအဝေးသို့ အာဏာသိမ်းခေါင်းဆောင်ကို တက်ရောက်ခွင့် ပြုခဲ့ခြင်းကြောင့်  သံတမန်ရေးရာ ကျင့်ဝတ်များနှင့် လူ့အခွင့်အရေးကိစ္စ ထည့်သွင်းစဉ်းစားမှုများကြား တင်းမာမှုများ၊ ဒေသတွင်း နိုင်ငံများအကြား   ထိတွေ့ဆက်ဆံရေးတို့အတွက်  အငြင်းပွားစရာများ ပိုမို ဖြစ်ပေါ်လာခဲ့သည်။

စစ်ကောင်စီကလည်း အစည်းအဝေးတက်ရောက်ရန် ရက်ပိုင်းအလိုတွင် နိုင်ငံအနှံ့ ၂၁ ရက်ကြာ အပစ်ရပ်ပေးမည်ဟု သတင်းထုတ်ခဲ့သည်။ သို့သော်လည်း တိုက်ခိုက်မှုများ ဆက်ရှိနေသည်။

Related Articles

Back to top button