အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုသည့် BIMSTEC အဖွဲ့ ‌ဝေဖန်ခံရ

ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (BIMSTEC) အဖွဲ့၏ ၂၄ နှစ်ပြည့်အခမ်းအနားသို့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နှုတ်ခွန်းဆက်စကား ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်၍ BIMSTEC အပေါ် ဝေဖန်မှုမြင့်တက်နေသည်။ 

တောင်အာရှနှင့် အရှေ့တောင်အာရှရှိ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်း စုစုပေါင်း ၇ နိုင်ငံပါဝင်ကာ ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် BIMSTEC အဖွဲ့သည် ဇွန် ၆ တွင် သက်တမ်း ၂၄ နှစ်ပြည့်ခဲ့ခြင်း ဖြစ်သည်။ 

၂၄ နှစ်ပြည့်အထိမ်းအမှတ်အတွက် အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၏ နှုတ်ခွန်းဆက်စကားများကို အဖွဲ့အစည်း၏ တရားဝင်ဝက်ဆိုက်တွင် ဖော်ပြထားရာ မြန်မာနိုင်ငံကိုယ်စားပြုခေါင်းဆောင်အဖြစ် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၏ စာလည်း ပါဝင်နေခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို “ဂုဏ်သရေရှိ” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် အခြားအဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်များနည်းတူ ရည်ညွှန်းထားရာ အာဏာသိမ်းစစ်ကောင်စီကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရာရောက်သဖြင့် ဝေဖန်မှုများရှိနေခြင်းဖြစ်သည်။ 

နိုင်ငံတကာအသိုင်းအဝိုင်းတွင် အာဏာသိမ်းစစ်ခေါင်းဆောင်ကို မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုရန် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်သူ မြန်မာပြည်သူအများစုက တောက်လျှောက်တောင်းဆိုနေသည်။

CRPH က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းပြီးသည့်အခါ အာဏာသိမ်းစစ်ကောင်စီအစား NUG အစိုးရအဖွဲ့ဝင်များကို  မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးရန်လည်း တောင်းဆိုထားသည်။ 

နိုင်ငံတကာအဖွဲ့အစည်းများ၏ အစည်းအဝေးများတွင်လည်း မြန်မာနိုင်ငံကိုယ်စားပြုပုဂ္ဂိုလ်အဖြစ် NUG အစိုးရအဖွဲ့ဝင်များကိုသာ ဖိတ်ကြားလက်ခံပေးရန် အစဉ်တစိုက် တောင်းဆိုနေခဲ့ကြသည်။

NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကမူ ‘တရားမဝင်’ အာဏာသိမ်းစစ်ခေါင်းဆောင်ကို နိုင်ငံကိုယ်စားပြုအဖြစ် ဖိတ်ခေါ်ခြင်း၊ ဖော်ပြခြင်းကို မည်သည့်နိုင်ငံ၊ မည်သည့်နိုင်ငံတကာအဖွဲ့အစည်းက လုပ်သည်ဖြစ်စေ ကန့်ကွက်သွားမည်ဟု Myanmar Now ကို ပြောသည်။

“[စစ်ခေါင်းဆောင်က] နိုင်ငံကိုလည်း တကယ်ကိုယ်စားပြုနေတာ မဟုတ်ပါဘူး။ အာဏာသိမ်းစစ်‌ခေါင်းဆောင်က အမှန်တကယ်တော့ စစ်တပ်တစ်တပ်လုံးကိုတောင် ကိုယ်စားပြုတယ် မဆိုနိုင်ပါဘူး။ အာဏာသိမ်းထားတဲ့ အစုအဖွဲ့တစ်ဖွဲ့ကိုပဲ ကိုယ်စားပြုနိုင်ပါလိမ့်မယ်။ အဲဒီတော့ နိုင်ငံကို ကိုယ်စားပြုဆိုတာ အင်မတန်မှားယွင်းတဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

BIMSTEC သည် အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ပြီးလျှင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးကို အသိအမှတ်ပြုသည့် ဒုတိယမြောက် ဒေသတွင်းအဖွဲ့အစည်းဖြစ်လာသည်။ 

BIMSTEC က အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံးမဟုတ်ပေ။ BIMSTEC ၏ ၁၇ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ ဧပြီ ၁ အွန်လိုင်းအစည်းအဝေးတက်ရောက်ရန် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်ကို အစည်းအဝေးကမကထပြုသည့် သီရိလင်္ကာနိုင်ငံက ဖိတ်ကြားခဲ့ရာ သီရိလင်္ကာတွင် ဆန္ဒပြရှုတ်ချမှုများပင် ပေါ်ပေါက်ခဲ့သည်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အခြားနိုင်ငံ့ခေါင်းဆောင်များနှင့်အတူ BIMSTEC ၂၄ နှစ်ပြည့်အတွက် သဝဏ်လွှာပေးပို့စေခြင်းသည် မြန်မာပြည်သူများကို အရှက်ရစေသည့် စော်ကားမှုတစ်ခုဖြစ်သည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များဘုတ်အဖွဲ့ဝင်နှင့် ထိုင်းလွှတ်တော်အမတ်ဟောင်း ကာစစ်ပီရွန်မ်ယား (Kasit Piromya) က Myanmar Now ကို ပြောသည်။

“ဒီစစ်အုပ်စုဟာ နိုင်ငံတကာစင်မြင့်ပေါ်မှာ နေရာရဖို့ မထိုက်တန်ပါဘူး။ မြန်မာပြည်သူတွေပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ထားတာဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝန်းလုံးရဲ့ ရှုတ်ချမှုအပြင် တခြား ဘာဆိုဘာမှကို မထိုက်တန်ပါဘူး” ဟု Kasit Piromya က ပြောသည်။ 

လူ ၈၀၀ ကျော် သတ်ဖြတ်ထားသည့် အာဏာသိမ်းစစ်ကောင်စီကို လုံးဝမလိုလားကြောင်း မြန်မာပြည်သူလူထုက ပြတ်သားစွာ သက်သေပြပြီးဖြစ်ရာ အဆိုပါမြန်မာစစ်တပ်ကို မည်သည့်နိုင်ငံတကာအဖွဲ့အစည်းကဖြစ်စေ မည်သည့် တရားဝင်ဖြစ်မှုမျိုးကိုမဆို မကမ်းလှမ်းသင့်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“BIMSTEC အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက လုပ်သင့်တာကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ပါပဲ။ ဒီအာဏာရူးတဲ့ ဗိုလ်ချုပ်ထက် သူတို့ [NUG] ကသာ မြန်မာပြည်သူတွေကို ကိုယ်စားပြုသူတွေဖြစ်ပြီး သူတို့ကသာ နိုင်ငံတကာအသိအမှတ်ပြုမှုကို ထိုက်တန်ပါတယ်” ဟု Kasit Piromya က ပြောသည်။ 

ဧပြီလအတွင်းက မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ၏ အစည်းအဝေးတစ်ခုတွင် စစ်ကောင်စီ၏ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်သန်းလှိုင်ကို အွန်လိုင်းမှတစ်ဆင့် တက်ရောက်စကားပြောခွင့်ပြုခဲ့သည့်အတွက် UNODC ကို နိုင်ငံတကာနှင့် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

အလားတူပင် မေလနှောင်းပိုင်းတွင် ပြုလုပ်ခဲ့သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ၏ နှစ်ပတ်လည်အစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် စစ်ကောင်စီဝင်အစား NUG အစိုးရအဖွဲ့ဝင်ကိုသာ အသိအမှတ်ပြုဖိတ်ကြားရန် NUG နှင့် အခြားအဖွဲ့အစည်းမျိုးစုံက တောင်းဆိုခဲ့သော်လည်း နောက်ဆုံးတွင် မည်သူ့ကိုမျှ မဖိတ်ကြားသဖြင့် ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ် မရှိခဲ့ပေ။ 

ထို့အတူ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ နှစ်ပတ်လည်အစည်းအဝေးတွင်လည်း WHO ကဲ့သို့ပင် မြန်မာနိုင်ငံကိုယ်စားလှယ်ရွေးချယ်မှု မပြုခဲ့ပေ။ 

Related Articles

Back to top button