ဆောင်းပါးရွေးကောက်ပွဲ

ပြည်ခိုင်ဖြိုး အောင်ပွဲခံသွားသော မိတ္ထီလာ

မိတ္ထီလာ – ရွေးကောက်ပွဲညဉ့်သန်းခေါင်ယံတွင် မိတ္ထီလာမြို့ ကိုလိုနီခေတ်လက်ကျန် အဆောက်အအုံတစ်ခု၏ အပေါ်ထပ်အခန်းငယ်ထဲတွင် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ အကဲခတ်များက မဲလက်မှတ် စစ်ဆေးရေတွက်နေသော မဲရုံအရာရှိတစ်ဦး၏ လှုပ်ရှားမှုများကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

မဲရုံအရာရှိက အဝါရောင်မဲလက်မှတ်များကို တစ်ခုပြီးတစ်ခု ကောက်ယူကာ “ဒေါက်တာ မောင်သင်း၊ ဒေါက်တာ မောင်သင်း” ဟူသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး၏ အမည်ကို စက္ကန့်မလပ် ကြေညာသံက ခပ်ကျဉ်းကျဉ်း အခန်းငယ်ထဲတွင် အချက်ကျကျ ပေါ်ထွက်နေသည်။

အခန်းတွင်း ရောက်ရှိနေသူများထဲတွင် မိတ္ထီလာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း၏ အဓိကပြိုင်ဘက် ဒေါက်တာ ဝင်းစိုးဦးလည်း ပါဝင်သည်။

“ ဒီရလဒ်က ကျွန်တော့်ကို လုံးဝ မှင်တက်မိစေတယ်ဗျာ။ လုံးဝထင်မထားဘူး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒေါက်တာဝင်းစိုးဦးက မျှော်လင့်မထားသော ရှုံးနိမ့်မှုကြောင့် မခံမရပ်နိုင်ဖြစ်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။

ဒေါက်တာမောင်သင်း ရရှိသော ခိုင်လုံမဲ ပမာဏက ၉၆,၃၁၄။

NLD ဒေါက်တာဝင်းစိုးဦး ရသော ပမာဏက ၅၉,၂၇၇ ဖြစ်သည်။

မိတ္ထီလာတွင် ပြည်သူ့လွှတ်တော်အတွက်သာမက အခြားလွှတ်တော်များအတွက်ပါ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ နိုင်သွားပြီ ဟူသော ရလဒ်က မဲလက်မှတ် ရေတွက်မှု စောင့်ကြည့်သူများထံမှ ထွက်လာသည်။

ပြည်ခိုင်ဖြိုးပါတီက မြန်မာနိုင်ငံအနှံ့အပြားတွင် NLD ကို အကြီးအကျယ် ရှုံးနေသော်လည်း မိတ္ထီလာမဲဆန္ဒနယ်များတွင်တော့ ပြည်ခိုင်ဖြိုးက အပြတ်အသတ် အနိုင်ရသွားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲနေ့နှင့် မတိုင်မီနေ့များက မိတ္ထီလာမြို့ပေါ်တွင် မဲပေးရန် တက်ကြွနေသည့် မြို့ခံတို့၏ စကားဝိုင်းများတွင် ရွေးကောက်ပွဲအလွန် နိုင်ငံရေး မျှော်လင့်ချက်က နေရာယူထားကြသည်။

ရွေးကောက်ပွဲအပြီးနောက်တစ်နေ့ ရလဒ်များ အကြမ်းဖျင်း သိရှိပြီးချိန်တွင်တော့ သူတို့၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပျောက်ကွယ်သွားသည်။

အရှေ့ဆည်ကုန်းကျေးရွာမှ ဦးမောင်မောင်ဌေးက သူနှင့် သူတို့ရွာသားအများစု မဲထည့်ခဲ့ကြသည့် NLD ရှုံးသွားသည့်အတွက် များစွာအရှက်ရမိသည်ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာသည် ၂ဝ၁၃ နှစ်ဆန်းပိုင်းက ဘာသာရေးအဓိကရုဏ်း အကြီးအကျယ် ဖြစ်ပွားခဲ့ရာဒေသ ဖြစ်သောကြောင့် ရွေးကောက်ပွဲကာလတွင် လေ့လာစောင့်ကြည့်သူတို့၏ စိုးရိမ်တကြီး အာရုံစိုက်စရာ ဒေသတစ်ခု ဖြစ်လာသည်။

ထိုအဓိကရုဏ်းကြောင့် ၄၄ ဦး သေဆုံးခဲ့ကြောင်း အစိုးရ ထုတ်ပြန်ခဲ့သည့် သတင်းများအရ သိရသည်။ အိမ်ခြေ ၁,ဝဝဝ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆိုသည်။ မြို့ခံ တချို့ကတော့ ထိုအရေအတွက်ထက် နှစ်ဆကျော် သေဆုံးသည်ဟု ခန့်မှန်းကြသည်။

မဘသ လှုပ်ရှားမှု

မိတ္ထီလာသည် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) လှုပ်ရှားမှုများ အားကောင်းသည့် ဒေသများထဲတွင် ပါဝင်သည်။

ရွေးကောက်ပွဲမတိုင်ခင် ပေါ်ပေါက်လာသည့် အငြင်းပွားဖွယ် မျိုးစောင့်ဥပဒေများကို ကန့်ကွက်သည့် NLD ပါတီသည် မဘသအဖွဲ့နှင့် ဆန့်ကျင်ဘက်ဖြစ်လာမှုကလည်း မဲဆွယ်ပွဲများတွင် ထင်ဟပ်ခဲ့သည်။

မိတ္ထီလာတွင်လည်း မဘသ၏ တရားပွဲများကို ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလိုအထိ ကျင်းပပြီး အမျိုးစောင့်ဥပဒေ မထောက်ခံသည့်ပါတီကို မဲမထည့်ရန် ဟောပြောပြီး စာရွက်စာတမ်းများ ဖြန့်ဝေသည်ဟု မိတ္ထီလာခရိုင် ဘာသာပေါင်းစုံချစ်ကြည်ရေးကွန်ရက် ပြန်ကြားရေးတာဝန်ခံ ဦးအောင်သိန်းက ပြောသည်။

“ထုံးစံအတိုင်းပေါ့ဗျာ၊ မျိုးစောင့်ဥပဒေကိုကန့်ကွက်တဲ့ပါတီကို မဲထည့်ရင် ကုလားပြည်ဖြစ်မယ်၊ ဗုဒ္ဓဘာသာပျောက်ကွယ်သွားမယ်ပေါ့ အဲဒါတွေပေါ့ဗျာ” ဟု ၎င်းက တရားပွဲများအကြောင်း ရှင်းပြသည်။

ရွေးကောက်ပွဲအကြိုကာလ နေရာအများအပြားတွင် NLD ပါတီကို ပုတ်ခတ်ပြောဆိုသည့် တရားခွေ ကျယ်လောင်စွာ ဖွင့်ကြခြင်းကလည်း ဒေသတွင်းမဲဆန္ဒရှင်များကို ဝေဝါးစေနိုင်ကြောင်း အရှေ့ဆည်ကုန်းကျေးရွာမှ ဦးမောင်မောင်ဌေးက ပြောသည်။

“တရားခွေတွေကို ဒီလ ၇ ရက်နေ့အထိ (ရွေးကောက်ပွဲမတိုင်ခင် ၁ ရက် အလိုအထိ) ဖွင့်နေတုန်းပဲ” ဟု သူ့မဲဆန္ဒနယ်တွင် ကြုံတွေ့ခဲ့ရသည့်အတွေ့အကြုံကို ရှင်းပြသည်။

ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရသွားသော ဒေါက်တာမောင်သင်းကမူ ဘာသာရေးလှုံ့ဆော်မှုများ ပါဝင်သည့် သီချင်းများ ဖွင့်လှစ်ပြီး မဲဆွယ်ခြင်း၊ ကျေးလက်ဒေသ ပါတီဝင်တို့က NLD ဆန့်ကျင်ရေး တရားခွေဖွင့်ခြင်းတို့နှင့် ပတ်သက်သည့် စွပ်စွဲချက်များကို သူကငြင်းဆိုသည်။

“ကျွန်တော်တို့ ဖြန့်ဝေတာက ပြည်ခိုင်ဖြိုးရဲ့ မဲဆွယ်စည်းရုံးရေးသီချင်းခွေတွေ ဝေတာမျိုးတော့ ရှိပါတယ်။ မဘသနဲ့ပတ်သက်တဲ့ တရားခွေတွေ ဘာတွေတော့ မသိပါဘူး” ဟု သူက ပြောသည်။

မဘသ၏ လှုပ်ရှားမှုနယ်မြေတစ်ခုဖြစ်သော မိတ္ထီလာတွင် အစိုးရက ဖွံ့ဖြိုးရေးလုပ်ငန်း အများအပြား ဖော်ဆောင်ခဲ့ပြီး ရွေးကောက်ပွဲရက် နီးလာချိန်တွင်လည်း သမ္မတဦးသိန်းစိန် သွားရောက်ခဲ့သည်။

ရွေးကောက်ပွဲအကြိုကာလ ဦးသိန်းစိန်၏ အခြားခရီးစဉ်များကဲ့သို့ပင် မိတ္ထီလာသို့သွားရောက်စဉ် ပြည်ခိုင်ဖြိုးပါတီများ ကြိုဆိုကြပုံကို အစိုးရထိန်းချုပ်ထားသည့် မီဒီယာများတွင် အသားပေး ဖော်ပြခဲ့သည်။

မဲစာရင်း

၂ဝဝရ သံဃာ့လှုပ်ရှားမှုတွင် အရှင်ဂမ္ဘီရဟု နာမည်ကျော်ခဲ့သူ ဦးညီညီလွင်နှင့် မိသားစုဝင်တို့မှာ NLD ကို ထောက်ခံသော်လည်း မဲစာရင်းတွင် ၎င်းတို့၏အမည် မပါဝင်သောကြောင့် မဲပေးခွင့် ရရှိရေးအတွက် မိတ္ထီလာတွင်ပင် လျှောက်လွှာတင်ခဲ့ရသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ မဲပေးခွင့်လျှောက်ထားရန် မလိုဘဲ မဲရုံသို့ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုဇယားတို့ကို ယူဆောင်သွားလျှင်လည်း မဲပေးနိုင်ပါသည်ဟူသော ဒေသတွင်း သတင်းလွှင့်မှုများကို ၎င်းတို့မိသားစုက အယုံအကြည် မရှိခဲ့ဟု ရှင်းပြသည်။

မဲစာရင်းတွင် အမည်မပါဝင်သော ရန်မျိုးအောင်ရပ်ကွက် နယ်မြေ ၁၂ မှ ဦးကျော်ဋ္ဌေးက ရွေးကောက်ပွဲမတိုင်ခင်ကာလ ကတည်းက မဲဆန္ဒရှင်သက်သေခံကတ်ပြား ရရှိထားသော်လည်း မဲပေးခွင့်မရခဲ့ဟု ဆိုသည်။

“ (မဲရုံရောက်တော့) မဲပေးလို့မရဘူး တဲ့။ အမှတ်စဉ်နဲ့ နံပါတ်မပါတော့ ပေးလို့မရဘူးလို့ ပြောတယ်။ ရပ်ကွက်ထဲမှာ မဲပေးခွင့် မရှိတာ အယောက် ၅ဝ လောက် ရှိပါတယ်” ဟု သူက ပြောသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် NLD ကို မဲထည့်ပါက ၂ဝ၁၃ ခုနှစ်က ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်မျိုး ထပ်မံဖြစ်ပွားလိမ့်မည်ဟူသည့် သတင်းလွှင့်ချက် မြို့တွင်း နေရာတချို့တွင် ပေါ်ပေါက်လာသည်ဟု ခရိုင် ဘာသာပေါင်းစုံချစ်ကြည်ရေးကွန်ရက်မှ ဦးအောင်သိန်းက ပြောသည်။

ထိုသတင်းလွှင့်ချက်ကြောင့် NLD ထောက်ခံသူ အစ္စလာမ်တချို့ မဲရုံသို့ သွားရောက်ခြင်း မရှိတော့ကြောင်း၊ ထိုအချက်သည်လည်း မိတ္ထီလာတွင် ပြည်ခိုင်ဖြိုး အားသာစေသည့် အချက်တစ်ခု ဖြစ်ကြောင်း သုံးသပ်သည်။

“စာရင်းတွေပြန်ကြည့်တဲ့အခါမှာ မွတ်စလင် (ရပ်ကွက်) မဲရုံတွေအားလုံးဟာ NLD မဲတွေပဲလေ။ ပြည်ခိုင်ဖြိုးမဲတွေက အင်မတန်နည်းပါတယ်” ဟု သူက ပြောသည်။

စစ်သားတို့၏ ဆန္ဒမဲ

မိတ္ထီလာမြို့အနီး တပ်မတော်ရိက္ခာထောက်ပံ့ပို့ဆောင်ရေးတပ် အဝင်ဂိတ်ပေါက်တွင် လုံခြုံရေးတာဝန်ကျ တပ်မတော်သားသုံးဦးမှာ ရွေးကောက်ပွဲနေ့တွင် ကနဦး မဲပေးကြသူများထဲတွင် ပါဝင်သည်။

၎င်းတို့ထဲမှ တစ်ဦးကို မဲပေးသည့်အကြောင်း မေးမြန်းရာတွင် ဖြေကြားရန်ငြင်းဆိုသည်။ ဂိတ်ပေါက်ကို ကျော်ဖြတ်သွားပြီးနောက် တွေ့ရသော ဘောလုံးကွင်းအနီး မဲရုံရှေ့တွင် ရာနှင့်ချီသော တပ်မတော်သားများ မဲပေးရန် တန်းစီ စောင့်ဆိုင်းနေကြသည်။

အသားခပ်လတ်လတ်၊ အသက် ၄ဝ ဝန်းကျင်အရွယ်၊ ဗိုလ်မှူးအဆင့် အရာရှိတစ်ဦးက စစ်သားများကို စောင့်ကြည့်နေသည်။

“တပည့်တွေ မလုပ်တတ်မှာစိုးလို့ (မဲ) အရင်ထည့်တာပါ။ မဲရုံမှူးရှိတယ်။ မဲရုံမှူးပြောတဲ့ စည်းကမ်းချက်အတိုင်း လိုက်လုပ်ပေးရတာပါပဲ” ဟု သူက ပြောသည်။ ထိုအရာရှိက သူ့အမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

မိတ္ထီလာမြို့ မဲပေးခွင့်ရှိသူ တပ်မိသားစုဝင်ပေါင်း ၁၅,ဝဝဝ နီးပါး ရှိပြီး NLD ၏ အမတ်လောင်းတစ်ဦးဖြစ်သူ ဒေါက်တာဝင်းစိုးဦးက တပ်မတော်သားတို့၏ ရွေးချယ်မှုနှင့်ပတ်သက်ပြီး သံသယ ရှိနေသည်။

“တပ်မဲရုံတွေကရတဲ့ မဲတွေက တပ်သားတွေရဲ့ဆန္ဒအမှန်ကို ကိုယ်စားမပြုနိုင်ဘူး” ဟု သူက ပြောသည်။

ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ၄ ဦးထဲတွင် တက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာမောင်သင်း တစ်ဦးသာ အနည်းငယ် ထင်ရှားသူ ဖြစ်သည်။

မိတ္ထီလာတွင် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ အနိုင်ရခဲ့ခြင်းမှာ မဲဆွယ်ကာလ ရက်ပေါင်း ၅ဝ ကျော်အတွင်း ကျေးရွာပေါင်း ၃၆ဝ ကျော်ကို ပါတီလုပ်ငန်းစဉ်များ ဟောပြောစည်းရုံးခဲ့ခြင်း၊ မိတ္ထီလာတက္ကသိုလ်တွင် တာဝန်ယူခဲ့ခြင်းတို့ကြောင့် ဖြစ်မည်ဟု ယူဆကြောင်း ပြောသည်။

“(မဲဆန္ဒရှင် အများအပြားက) ကျွန်တော့်ကို သူတို့ဆရာအဖြစ်နဲ့ သိနှင့်နေပြီးသားဖြစ်မယ်။ ၆နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့တော့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ အဲဒါတွေကြောင့် ဒီရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်လို့ ထင်ပါတယ်” ဟု သူက ပြောလိုက်သည်။

မဲဆွယ်ကာလ သမ္မတ ဦးသိန်းစိန် မိတ္ထီလာဒေသသို့ ရောက်ခဲ့သည့် သတင်းကို ဒေသခံတို့ အစိမ်းရောင် ပြည်ခိုင်ဖြိုးအလံများ ဝှေ့ယမ်း၊ အစိမ်းရောင် ဦးထုပ်များဆောင်းပြီး ကြိုဆိုကြပုံဖြင့် အစိုးရအာဘော် သတင်းစာများမျက်နှာဖုံးတွင် ဖော်ပြထားသည်။ ဒေသတွင်း လယ်ဧကအများအပြား ရေရရှိမည်ဖြစ်ကြောင်း၊ နာမည်ကျော် မိတ္ထီလာကန်ကို အစိုးရက ပြုပြင်ထိန်းသိမ်းပေးကြောင်း၊ ထို့ကြောင့် ဒေသတွင်း စိမ်းလန်းစိုပြည်လာမည်ဟု သတင်းတွင် ရေးထားသည်။

“မိတ္ထီလာမြို့နှင့် မိတ္ထီလာလွင်ပြင်တစ်ခုလုံး အစိမ်းရောင်လွင်ပြင်ဖြစ်ရမည်” ဟု ခေါင်းစဉ်ကြီးကြီးတပ်ထားသော မျက်နှာဖုံးဖော်ပြချက်အတိုင်းပင် ရွေးကောက်ပွဲတွင် မိတ္ထီလာလွင်ပြင်တစ်ခုလုံး အစိမ်းရောင် အားကောင်းခဲ့သည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button