ဆောင်းပါးသတင်း

အဆင့်ဆင့် စုံစမ်းစစ်ဆေးဆုံးဖြတ်မှု လိုအပ်နေသော ဒလန်ရှင်းလင်းရေး 

စစ်ကောင်စီသတင်းပေးဟု ယူဆရသူကို အရေးယူရာတွင် သွားရောက်သတ်ဖြတ်သည့်နည်းလမ်း ကျင့်သုံးကြသလို ဖမ်းဆီး၊ စစ်ဆေး၊ တရားစွဲ၊ ထောင်ချသည့်နည်း ကျင့်သုံးသည့်အဖွဲ့လည်း ရှိနေသည်။

မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းအနောက်ခြမ်း ကြို့ပင်ကောက်မြို့၊ နန်းဝတီရွှေဆိုင်ပိုင်ရှင် အမျိုးသမီးသည် သူ၏သားငယ်၊ မိခင်တို့နှင့် အတူ ရှိနေသည်။

ထိုအချိန်တွင်  သေနတ်သမားတချို့ ရောက်လာပြီး ဆိုင်ပိုင်ရှင် အမျိုးသမီးကို ပစ်သတ်လိုက်ကြသည်။

ထိုအမျိုးသမီး၏ ခင်ပွန်းသည် ကိုလင်းလင်းထိုက်မှာ ထိုနေရာတွင် ရှိမနေသဖြင့် အသက်ဘေးမှ လွတ်မြောက်သွားသည်။

ပဲခူးရိုးမ အခြေပြု BTZM GBK PDF အဖွဲ့က ရွှေဆိုင်ပိုင်ရှင် လင်မယားသည် ပျူစောထီးများဖြစ်သည်၊ နစ်နာသည့် ပြည်သူတချို့က တိုင်းကြားထားသဖြင့် သွားရောက် သတ်ဖြတ်ခြင်း ဖြစ်သည်၊  ခင်ပွန်းသည် ကိုလင်းကိုလည်း သတ်ဖြတ်သွားမည်ဟု facebook တွင် နေ့တွင်းချင်း သတင်းထုတ်ပြန်သည်။ 

ပျူစောထီး ဆိုသည်မှာ စစ်တပ်က လေ့ကျင့်ပေးထားသော ပြည်သူ့စစ်များ ဖြစ်ပြီး လက်နက်ကိုင်သောင်းကျန်းဗိုလ်ကျမှု၊ လုယက်ဖျက်ဆီးမှုများကြောင့် ပြည်သူတို့ စက်ဆုပ်ရွံရှာနေကြသည်။

ကိုလင်းက ၎င်းတို့လင်မယား ရန်ပြုခံရမှု၊ အပုပ်ချပြောဆိုခံနေရမှုကြောင့် များစွာ စိတ်မကောင်းဖြစ်မိသည်၊ ထိုအဖွဲ့၏ သတင်းထုတ်ပြန် စွပ်စွဲမှုများမှာ မှားယွင်းနေသည်ဟု ဇနီးသည် အသတ်ခံရပြီး နောက်တစ်နေ့ facebook တွင် တုံ့ပြန်ရေးသားလိုက်သည်။

“ငါတို့လင်မယားနဲ့ပတ်သက်လို့လဲ တိကျသေချာအောင် ထပ်လေ့လာပြီး မင်းတို့လိပ်ပြာမင်းတို့သန့်နိုင်ကြပါစေလုံနိုင်ကြပါစေ” ဟု ကိုလင်းက ရေးသားထားသည်။

“မင်းတို့အနေနဲ့ တစ်ခုခုလုပ်တော့မယ်ဆိုရင်တော့ သေချာအောင်တော့ လေ့လာသုံးသပ်ကြပေါ့ကွာ”  

ကြို့ပင်ကောက်တွင် ပေါ်ပေါက်ခဲ့သော ဤအမှုသည် ဒေသအများအပြားတွင်  စစ်ကောင်စီဘက်တော်သား၊ သတင်းပေးဟု စွပ်စွဲခံရသူကို သွားရောက် သတ်ဖြတ်မှု များစွာထဲမှ လတ်တလောအမှုတစ်ခု ဖြစ်သည်။

စွပ်စွဲခံရသူ၊ တိုင်ကြားခံရသူတို့ကို အရေးယူရာတွင် အဆင့်ဆင့် စုံစမ်း စစ်ဆေးပြီးမှ ဥပဒေအတိုင်း စီရင်သင့်သည်ဟု Myanmar Now က ဆက်သွယ် မေးမြန်းခဲ့သော တော်လှန်ရေးအင်အားစုထဲမှ ခေါင်းဆောင်တချို့က ပြောသည်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ခရီးသည်များနှင့်အတူ မီးရှို့ခံထားရသည့် မော်တော်ယာဉ်များကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၅ နံနက်ပိုင်းက တွေ့ရစဉ်။  စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် စစ်ကောင်စီ၏ ဒလန်တို့ကိုလည်း အများက မုန်းတီးလာပြီး ဒလန်ဟု စွပ်စွဲခံရသူတို့မှာ စုံစမ်းစစ်ဆေးမှု အဆင့်ဆင့် ခံယူခွင့် မရဘဲ ရန်ပြုခံနေကြရသည်။  (ဓာတ်ပုံ − KNDF)

 
ကြို့ပင်ကောက်မြို့သတ်ဖြတ်မှု

ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် အဖွဲ့၏ တပ်ခွဲမှူး တေဇမင်းက ၎င်းတို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၂) စစ်ဒေသခွဲ၊ ပဲခူးခရိုင် တပ်ရင်းအမှတ် (၃၇၀၁) လက်အောက်ခံ တပ်ခွဲတစ်ခုဖြစ်ကြောင်း၊ ၎င်းတို့ဒေသတွင် စစ်ကောင်စီဘက်တော်သားများကို ထိုသို့ အရေးယူလေ့ရှိကြောင်း   Myanmar Now ကို ပြောသည်။ 

“သာယာဝတီခရိုင်ထဲက တပ်ခွဲတွေ အကုန်ပြန်လေ့လာကြည့်လို့ရပါတယ်။ ဒီတိုင်းပဲ ရှင်းလင်းကြတာပါ။ ယခုမစ်ရှင်က လင်မယားနှစ်ယောက်လုံးရှင်းဖို့ပါ။ နှစ်ယောက်မတွေ့တဲ့အတွက် တွေ့တဲ့သူ ရှင်းလင်းခဲ့တာပါ။ ခုက ပေါက်ရောက်တဲ့သူတွေဖြစ်နေလို့ ဒီသတင်းက ကြီးထွားသွားတာပါ”  ဟု ၎င်းက ပြောသည်။

“အိမ်ကိုဖြိုရင် ဒေါက်ကို အရင်ဖြုတ်ရတာပါ။ လက်နက်ခဲယမ်းက တပ်ဖွဲ့တစ်ဖွဲ့မှ နှစ်လက်လောက်ရှိတာ၊ စစ်ကောင်စီနဲ့ ယှဉ်တိုက်ရင် ရဲဘော်တွေ ချနင်းသလိုပဲဖြစ်မှာပါ” 

အဖွဲ့၏ထုတ်ပြန်ချက်တွင်လည်း ထိုလင်မယားအကြောင်း နစ်နာသူပြည်သူတို့က တိုင်းကြားထားသဖြင့် သတ်ဖြတ်လိုက်သည်ဟု ဖော်ပြထားသည်။

ပဲခူးတိုင်းအနောက်ခြမ်း ဒေသတွင်းအခြေအနေများကို စောင့်ကြည့်နေသည့် ပဲခူးတိုင်း (NLD) ပြန်ကြားရေးအဖွဲ့ဝင် ကိုလူအေးက  တိုင်ကြားချက်ရှိလျှင် ဦးစွာ သတိပေးစာထုတ်ပြီး ဟန့်တားရမည်ဟု   Myanmar Now ကို ပြောသည်။

“ပြည်သူချင်း ငွေပေး၊ ငွေယူကိစ္စတွေ၊ နိုင်ထက်စီးနင်း ကိစ္စတွေက တစ်ချိန်မှာ သူတို့ချင်း တရားစွဲဆိုပြီးတော့၊ သွားရမယ့် ကိစ္စတွေဖြစ်တယ်။ ပြည်သူတိုင်တိုင်း သတ်ဖြတ်ပြီးတော့ ရှင်းတာတွေထက် သတိပေးစာတော့ ထုတ်လို့ရတယ်။ ဒါတွေ မလုပ်ကြဖို့၊ ဒီလောက်ပဲ ကောင်းတယ်” ဟု ကိုလူအေးက ဆိုသည်။

တော်လှန်ရေးတပ်များသည် စစ်ရေးနှင့်အုပ်ချုပ်ရေးပစ်မှတ်များကို ပိုမို တိုက်ခိုက်သင့်သည်၊ ဒေသတွင်း အရပ်သားအချင်းချင်း ပျူစောထီးဟု မှားယွင်းတိုင်ကြားတတ်သည်ကိုလည်း သတိထားသင့်သည်ဟု  ၎င်းက ဆိုသည်။

“ပျူစောထီးတွေပါဆိုပြီး တံဆိပ်ကပ်ပြီး ကြည့်လိုက်ရင်လည်း အကုန်လုံးက ပြည်သူပဲ၊ သစ်သမားတွေပါပဲ၊ အဝေမတည့်တာတွေ ဘာတွေနဲ့။ သတ်ပစ်တာ”ဟု ကိုလူအေးက ပြောသည်။

မှားယွင်းသတ်ဖြတ်ပြီးမှ ဒလန်၊ ပျူစောထီးဟု တံဆိပ်ကပ်ခြင်းမှာ တော်လှန်ရေးနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်၊ အုပ်ချုပ်ရေးမှူးများကို သတ်ဖြတ်နေမှုများ ကန့်ကွက်မခံရခြင်းမှာ ထိုသူတို့က စစ်သားသစ်စုဆောင်းရာတွင် ပါဝင်နေကြခြင်းကြောင့် ဖြစ်သည်ဟု သူက ဆက်ပြောသည်။

“အုပ်ကြီးတွေရှင်းတယ်ဆိုတာတောင် စစ်မှုထမ်းဥပဒေကြောင့် ဒီလောက်အထိ လက်ခံတာ။ ကျွန်တော်တို့က တခြားဥပဒေတွေနဲ့ ဆုံးမရမှာဖြစ်တယ်” ဟု ကိုလူအေးက ပြောသည်။

နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ဒလန်ဟု စွပ်စွဲခံရသူအများအပြား ရန်ပြုခံခဲ့ရသည်။

၂၀၂၃ အောက်တိုဘာ ၄ တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အထက်သို့  တင်ပြသည့် အစီရင်ခံစာတွင်  ဒလန်အဖြစ် သတ်မှတ်ပြီး ၁၆ ဦးကို  သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုဒေသတွင်   ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခံရသူ လစဉ် ၁၀ ဦး ဝန်းကျင်  ရှိသဖြင့် ပြည်သူတို့က ဝေဖန်ခဲ့ကြသည်၊ ဝိုင်းဝန်းဝေဖန်ကြသဖြင့် ထိုအမှုများ  လျော့ကျသွားသည်ဟု FE5 Tanintharyi အဖွဲ့၏ ၂၀၂၃ ဒီဇင်ဘာလထုတ်   အစီရင်ခံစာတစ်စောင်က ဆိုသည်။ 

ဖယ်ခုံမြို့နယ် သတ်ဖြတ်မှု

ဒလန်ရှင်းလင်းရေးဟူသော ခေါင်းစဉ်အောက်မှ သတ်ဖြတ်ခံရသူများထဲတွင် စစ်ကောင်စီသတင်းပေးများ ပါဝင်သကဲ့သို့ မှားယွင်းသတ်ဖြတ်ခံရသူများလည်း ပါဝင်တတ်သည်။

မတ်လ ၄ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊  ဖယ်ခုံမြို့နယ်၊ အုန်တိုင်းရွာတွင်   ပျားစစ်ကြောင်း အမည်ရှိ တော်လှန်ရေးအဖွဲ့က ကျောင်းထိုင် ဆရာတော်နှင့် ကပ္ပိယကို ပစ်သတ်လိုက်သည်။ 

ဒလန်ဟု စွပ်စွဲခံထားရသော ထိုနှစ်ဦးထံတွင် စစ်ကောင်စီတပ်သားတချို့၏ ဖုန်းနံပါတ် တွေ့သဖြင့် သတ်လိုက်ကြောင်း ထိုအဖွဲ့က ဝန်ခံသည်ဟု ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့က မတ်လ ၉ ရက်နေ့တွင်  စာထုတ်ပြန်သည်၊  စိတ်လိုက်မာန်ပါ ပြုမူသွားသော ပျားစစ်ကြောင်း တပ်ဖွဲ့ဝင်ကို “ထိုက်သင့်သော အပြစ်ပေးအရေးယူမှု”  ချမှတ်ဆောင်ရွက်နေသည်၊ နောင်တွင် အလားတူ ကိစ္စရပ်မျိုး ထပ်မံ မဖြစ်ရလေအောင် ပျားစစ်ကြောင်းက ဆင်ခြင်သွားမည်ဟု သိရကြောင်း ထုတ်ပြန်ချက်တွင် ရေးထားသည်။

 ၂၀၂၁ တွင် အာဏာသိမ်းလိုက်သော စစ်တပ်ကို ခုခံတော်လှန်မှု စတင်ပြီးနောက် ဒလန်ဟု စွပ်စွဲသတ်ဖြတ်မှုမှာ ဒေသအသီးသီးတွင် မကြာခဏ ပေါ်ပေါက်လာရာ  ခုခံစစ်တွင် အရေးပါသည့် NUG အစိုးရကလည်း ရန်သူ့သတင်းပေးများကို အရေးယူရာတွင် ဥပဒေနှင့် အညီ ဖြစ်ရမည်ဟု ညွှန်ကြားထားသည်။ 

“ရန်သူ့သတင်းပေးများ၊ စစ်သုံ့ပန်းများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရာတွင် သက်သေအထောက်အထား စာရွက်စာတမ်းများ ထားရှိရမည်ဖြစ်ပြီး အပြစ်မဲ့ပြည်သူများကို ထိခိုက်မှုမရှိစေရန် အထူးဂရုပြု ဆောင်ရွက်ရမည်” NUG  ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်၏ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုသို့ သတိပေးထားလင့်ကစား ဒလန်ဟု ယူဆရသူကို ဖမ်းဆီး စစ်ဆေးခြင်းပင် မပြုတော့ဘဲ ထိုသူ ရှိနိုင်သည့် နေရာအထိ သွားရောက်   ပစ်သတ်မှုမျိုး ရံဖန်ရံခါ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

အဆင့်ဆင့် စိစစ်၊ စစ်ဆေးခြင်း

ဒလန်ဟု ယူဆခြင်း၊ ဒလန်ဟု စွပ်စွဲတိုင်ကြားခြင်းတို့နှင့် ပတ်သက်ပြီး ကိုင်တွယ် အရေးယူကြစဉ် အလျင်စလို ဆောင်ရွက်မှု  မပြုသည့် အဖွဲ့တစ်ခုမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)  ဖြစ်သည်။

ဒလန် ဟု ယူဆရသူများကို ဖမ်းဆီးရမိပါက ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ (KSP) ထံ လွှဲပြောင်းပေးကြောင်း၊  KSP က ဆက်လက်စုံစမ်းစစ်ဆေးပြီး သေချာမှ ထိုအမှုက ကရင်နီတရားရုံးသို့ ရောက်မည် ဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက Myanmar Now ကို ပြောသည်။

တရားရုံးက ပြစ်မှုထင်ရှားကြောင်းတွေ့ရှိ ဆုံးဖြတ်ပါက ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ကြောင်း ၎င်းက ဆိုသည်။

ကယားပြည်နယ် ခေါ် ကရင်နီပြည်နယ်အတွင်း နယ်မြေအများစုကို တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားပြီး  အကျဉ်းထောင် ၂ ခု တည်ဆောက်ထားကာ ပြစ်မှုကျူးလွန်သူများနှင့် စစ်သုံ့ပန်းများကို ထိန်းသိမ်းထားသည်။

လက်နက်ကိုင်ထားသူများ တရားလက်လွတ်ဖြစ်လာပါက ကောင်းမွန်သည့် လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်မည်မဟုတ်ကြောင်း   ဒုစစ်ဦးစီးချုပ်က သတိပေးသည်။

“ကျွန်တော်တို့ဘက်မှာတော့ ဒလန်တွေနဲ့ ပတ်သက်တာ၊ သတင်းပေးတွေနဲ့ ပတ်သက်ရင်  လက်လွှတ်စပယ် သတ်ခြင်း၊ ဖြတ်ခြင်း၊ လုပ်ခြင်းကိုင်ခြင်းတွေကို  ခွင့်မပြုထားဘူး။ လုပ်ခွင့်လည်း မပေးထားဘူး။ ကျွန်တော်တို့ လုပ်လည်း လုပ်မနေဘူး” ဟု သူက ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များ နာမည်အကြီးအကျယ်ပျက်နေသည့် စစ်ကောင်စီတပ်ကဲ့သို့ ဖြစ်မသွားရန် သတိထားရမည်ဟုလည်း သူက မှတ်ချက်ပြုသည်။

 “စစ်တပ်လိုမဖြစ်ဖို့ဆိုတာက လက်နက်ကိုအားကိုးပြီးတော့မှ အရာရာတိုင်းမှာ သေနတ်ပြောင်းထိပ်ရဲ့ ဩဇာနဲ့ လုပ်လိုက်တဲ့ဟာမျိုးတွေပေါ့။ ရှင်ခိုင်းချင်ရင်လည်း လူတစ်ယောက်ရဲ့ ပါးစပ်ပဲ၊ သေခိုင်းချင်ရင်လည်း လူတစ်ယောက်ရဲ့ ပါးစပ်ပဲ၊ သေနတ်ပြောင်းထိပ်ပဲ ဆိုတာမျိုးမဖြစ်ဘဲနဲ့ တကယ့်ကို ဓားရော၊ တရားရော မျှမျှတတ သုံးနိုင်ဖို့လိုတာပေါ့”  ဟု KNDF ဒုစစ်ဦးစီးချုပ်က ပြောလိုက်သည်။

၂၀၂၄ စက်တင်ဘာ ၂ ရက်နေ့ထုတ် Federal FM Radio ရုပ်သံတွင် ကယားပြည်နယ်ရှိ စစ်သုံ့ပန်း အများစု ပါဝင်သော အကျဉ်းသား ၁၀၃ ဦးကို ထိန်းသိမ်းထားသည့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၏  တရားရေးဌာန၊ ထောင်အမှတ် ၁  ကို တွေ့ရစဉ်။
၂၀၂၄ စက်တင်ဘာ ၂ ရက်နေ့ထုတ် Federal FM Radio ရုပ်သံတွင် ကယားပြည်နယ်ရှိ စစ်သုံ့ပန်း အများစု ပါဝင်သော အကျဉ်းသား ၁၀၃ ဦးကို ထိန်းသိမ်းထားသည့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၏  တရားရေးဌာန၊ ထောင်အမှတ် ၁  ကို တွေ့ရစဉ်။

Show More

Related Articles

Back to top button