ဆောင်းပါး

ပြည်သူကို ဒုက္ခပေးနေသော ဒလန်များ

အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြသူတို့ကို ချေမှုန်းနှိမ်နင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ အရေးတကြီးလိုအပ်သည်မှာ ၎င်းတို့ သတင်းအချက်အလက်ပေးမည့်သူများဖြစ်သည်။

အုပ်ချုပ်ရေးယန္တရား ဖရိုဖရဲဖြစ်မှုမတိုင်ခင်ကတည်း ထောက်လှမ်းရေးလုပ်ငန်းအတွက် အသုံးတည့်သည်မှာလည်း ထိုသတင်းပေးများပင်ဖြစ်သည်။ 

ထိုသို့ လူထုကြားတွင် နေထိုင်ပြီး စစ်ကောင်စီတပ်များထံ သတင်းပေးပို့နေသူတို့ကို ဒီမိုကရေစီဘက်တော်သားများက “ဒလန်” ဟု သတ်မှတ်ထားကြသည်။

ရန်ကုန်မှ ရဲဝန်ထမ်းတစ်ဦးကို ဖုန်းဆက်မေးမြန်းရာ ရဲနှင့် စစ်တပ်သည် တပ်က ထူထောင်ထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ သတင်းပေးသူတို့နှင့် ဆက်သွယ်ထားကြောင်း Myanmar Now ကို ပြောသည်။

“သာမန်အရပ်သားကလည်း ဒလန်ဖြစ်နိုင်ပေမယ့် USDP က တပ်ရဲ့လက်ဝေခံပါတီ။ အနည်းနဲ့အများ အဆက်အသွယ်ရှိကြတယ်ဆိုတော့ သတင်းပေးဖြစ်ဖို့ ပိုလွယ်တယ်ဗျ”ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာပြီးနောက် အောက်မြန်မာပြည်တွင် တိမ်းရှောင်နေသော လုပ်သက်သုံးနှစ်ရှိ အဆိုပါ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

အာဏာသိမ်းတပ်ဖွဲ့ဝင်တို့ အားကိုးနေသည့် ဒလန်အများစုသည် စစ်တပ်နှင့် နိုင်ငံရေး၊ စီးပွားရေးအရ ပတ်သက်ဆက်နွှယ်နေသည့် အဖွဲ့များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆန့်ကျင်သည့် အင်အားစုများနှင့် ဆက်စပ်နေသည်ဟု လုံခြုံရေးတပ်ဖွဲ့အသီးသီးတွင် တာဝန်ယူခဲ့ဖူးသူများက ပြောသည်။

ဒလန်တို့၏ လက်ထောက်ချမှုကြောင့် စစ်အာဏာရှင်ကို နည်းမျိုးစုံဖြင့် ဆန့်ကျင်နေကြသူများ၊ CDM ဝန်ထမ်းများ၊ အနုပညာရှင်များ၊ နိုင်ငံရေးသမားများ ပိုမို ဖမ်းဆီးခံလာရကြောင်း အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြသူများက ဆိုကြသည်။

ဒလန်တို့ ပိုမို တွင်ကျယ်လာ

စစ်ဗိုလ်ချုပ်များသည် အာဏာသိမ်းလိုက်သည်နှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို တာဝန်မှ ရပ်နားလိုက်သည်။

လုံခြုံရေး၊ ထောက်လှမ်းရေးအဖွဲ့များသည် ဖမ်းဆီးနှိပ်ကွပ်မှုများ ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးမှူးအဆင့်ဆင့်၏ အကူအညီ၊ ပူးပေါင်းဆောင်ရွက်မှုတို့ ရခဲ့ကြသည်။ ထိုကွက်လပ်ကို ဝင်ဖြည့်ရသူတို့မှာ ဒလန်များဖြစ်လာသည်။

စစ်ကောင်စီတပ်အင်အားနှင့် အာဏာသိမ်းမှုဆန့်ကျင်သော လူထုအင်အား လွန်စွာကွာခြားနေကြောင်း၊ လူပင်လယ်သဖွယ်ဆန္ဒပြမှုဖြစ်ခဲ့ဖူးသော ရန်ကုန်မြို့ကို နှိမ်နင်းရာတွင် ဒလန်များ ဆက်လက်မွေးမြူဖွယ်ရှိကြောင်း ရန်ကုန်မှ CDM ရဲတစ်ဦးက  ပြောသည်။

“ရန်ကုန်လူထုအင်အားနဲ့ လုံခြုံရေး(စစ်ကောင်စီတပ်) အင်အားက သတင်း သေသေချာချာ မရရင် ထိန်းချုပ်လို့ မရနိုင်ပါဘူး။ သတင်းအချက်အလက်မရရင် ဘာမှ လုပ်လို့မရပါဘူး” ဟု အဆိုပါ CDM ရဲက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ၎င်းတို့ ရင်းနှီးသည့် နယ်မြေမဟုတ်သည့်၊ လူဦးရေသိပ်သည်းသည့် ရန်ကုန်တွင် အထပ်မြင့်တိုက်ခန်းများစွာထဲမှ ၎င်းတို့ ဖမ်းဆီးလိုသူတို့ထံ တစ်ခါတစ်ရံ တိုက်ရိုက်ရောက်သွားတတ်သည်။ 

ဒလန်ထံမှ သတင်းရခြင်းကြောင့် အလိုရှိသည့်နေရာသို့ တန်းတန်းမတ်မတ် သွားနိုင်ခြင်းဖြစ်မည်ဟု အများက ယူဆနေကြသည်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ကုန်းတန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ထိုရပ်ကွက်မှ ဆန္ဒပြလူငယ်တချို့ တိမ်းရှောင်နေကြရသည်မှာ သူနှင့် ဆွေမျိုးတော်စပ်သူ အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသမီး၏ လက်ထောက်ချ သတင်းပေးမှုကြောင့် ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

“သူက ရပ်ကွက်ထဲမှာ နှစ်လုံးရောင်းတယ်။ အရင်က သူ့ယောက်ျားက ပြည်ခိုင်ဖြိုးပါတီဝင်၊ အခုကတော့ သေသွားပြီ။ ညညဆို သံပုံးတီးတဲ့ လူတွေကို ဓာတ်ပုံလိုက်ရိုက်သေးတာ သူက” ဟု  ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သော ကုန်းတန်းရပ်ကွက်တွင် နေထိုင်သူက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဝင်တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်ကို သတင်းပေးနေသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး ပါတီခေါင်းဆောင်များကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မေးမြန်းဆက်သွယ်ရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်း ပြန်လည် ဖြေကြားခြင်း မရှိကြပေ။

ရန်ကုန်မှ အသက် ၄၀ ဝန်းကျင်အရွယ် တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးကလည်း သူနေထိုင်ခဲ့သည့်နေရာများတွင် ဒလန်ရှိသည်ဟူသော သတင်းကြောင့် နေရာ နှစ်ကြိမ် ပြောင်းခဲ့ရသည်ဟု ဆိုသည်။ 

“ကျွန်တော့်အိမ်မှာက မီးရထား CDM ဝန်ထမ်းတွေဘာတွေ လာပြီးနေတာရှိတယ်။ အဲ့ဒါကြောင့် ဒီရပ်ကွက်ရဲ့ သတင်းပေးတွေကြောင့် ပြေးရတာ။ သတင်းပေးတာက ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးပိုင်းကလည်း ပါတယ်။ အဓိကကတော့ ကြံ့ခိုင်ရေးကပေါ့ဗျာ။ ကြံ့ခိုင်ရေးကလူတွေ အများကြီးပါတယ်” ဟု ထိုအမျိုးသားက Myannmar Now ကို ဖုန်းဆက်ပြောကြားသည်။

“သူတို့ကိုယ်တိုင်က ပြည်သူတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ စစ်ကောင်စီရဲ့ ဖိနှိပ်မှုက ဒီမှာတင်ရပ်သွားမှာ မဟုတ်ဘူး။ သူတို့ဆီလည်း တစ်ချိန်ကျရင် ရောက်လာမှာပဲ။ စစ်ကောင်စီရဲ့ ပစ်မှတ်က ပြည်သူဖြစ်နေတယ်။ စစ်ကောင်စီက ဘယ်သူ့ကိုမှ ယုံတာမဟုတ်ဘူး။ ဘယ်သူ့ကိုမှလည်း မျက်နှာသာပေးမှာမဟုတ်ဘူး။ သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်လာပြီဆိုရင် အဲ့ဒီဒလန်တွေရဲ့ သားသမီးတွေလည်း ပါသွားနိုင်တယ်။ ဒလန်တွေရဲ့ မိဘတွေလည်း ပါသွားနိုင်တယ်။ ဒလန်တွေ ကိုယ်တိုင်လည်း ခေါ်ပြီး ပါးရိုက်ခံရနိုင်သလို အချိန်မရွေး ခေါ်ပြီးတော့ အသတ်ခံရနိုင်တာပဲ”

ဒလန်အတွက် အကျိုးအမြတ်  

အာဏာသိမ်းမှုအပြီး ရက်များမကြာမီတွင် ပြုလုပ်သော တပ်မတော်ထောက်ခံဆန္ဒပြပွဲများတွင် ပါဝင်သူတို့ကို ၎င်းတို့ရရှိသည်ဟုဆိုသော နေ့တွက်ခကို အစွဲပြုပြီး ငါးထောင်စားဟု ခေါ်ကြသည်။ ထိုကာလက ပြည်သူလူထုကို ရန်ပြုသည့် လူမိုက်များသည်လည်း ရဲတို့၏ အကာအကွယ် ရခဲ့ကြသည်။ ထိုလူမိုက်များကိုလည်း ငါးထောင်စားဟု ခေါ်ကြသည်။

ထို ငါးထောင်စားများထဲမှ တချို့သည် ဒလန်အဖြစ် ဆက်လက်အသုံးတော်ခံကြမည်ဟု လေ့လာသူတို့က ယုံကြည်ကြသည်။ 

လုံခြုံရေးအဖွဲ့များသည် သာမန်အချိန်တွင် ဒလန်တို့၏ သတင်းကို ရာနှုန်းပြည့် ယုံကြည်လက်ခံခြင်း မရှိသော်လည်း ဆန္ဒပြသူတို့ကို အချိန်နေရာမရွေး လိုက်လံပစ်ခတ်၊ နှောင့်ယှက်၊ ဖမ်းဆီးနေသော ယနေ့အခြေအနေတွင်မူ ဒလန်တို့ကို များစွာ အားကိုးလာနေသည်။

ဒလန်ဟု စွပ်စွဲခံရသူများ ဖမ်းမိပါက ဒေသတချို့တွင် ခေါင်းတုံးရိတ်ခြင်း၊ ဒလန်ဟူသော စာလုံးကို မျက်နှာတွင် မင်ကြောင်ထိုးခြင်း၊ ရပ်ကွက်အတွင်းမှ နှင်ထုတ်ခြင်းများ ပြုလုပ်လေ့ရှိသည်။  

ဒလန်ဟု ယူဆခံရသူ၏ နေအိမ်ကို ဖျက်ဆီး မီးရှို့ခံလိုက်ရသည့် ဖြစ်စဉ်တချို့ ရှိနေသော်လည်း မည်သူ၏လက်ချက်ဆိုသည်ကို မသိရပေ။

ဒလန်များကို ဆန္ဒပြလူထုဝန်းကျင်မှ ဖယ်ရှားရှင်းလင်းမည်ဆိုပါက စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းများအတွက် များစွာ အထောက်အကူဖြစ်ကြောင်း မန္တလေးတိုင်း မိတ္ထီလာမြို့အခြေစိုက် အမှတ် (၉၉) ခြေလျင်တပ်မဌာနချုပ်က ဦးစီးအရာရှိ (ဒုတိယတန်း- စစ်ရေးစစ်ထောက်) ဗိုလ်မှူးဟိန်းသော်ဦးက ပြောသည်။

“မရှင်းလို့ရှိရင် ဒီဘက်ကဟာတွေ (တော်လှန်ရေးလုပ်ငန်းတွေ) အများကြီး ပျက်စီးသွားနိုင်တယ်။ ကိုယ် ဘာစီစဉ်နေတယ်ဆိုတာက တစ်ဖက်လူက သိလို့မရဘူး။ ဒီဒလန်တွေကြောင့် ကိုယ်လုပ်မယ့် အစီအစဉ်တွေကို ဟိုဘက်က သိသွားရင် ဟိုဘက်က လက်ဦးမှုရသွားမှာပဲ။ ဒီကိစ္စတွေမှာက လက်ဦးမှုရဖို့က အရမ်းအရေးကြီးတယ်။ ကိုယ်က နောက်ကျတယ်ဆိုရင် ခံလိုက်ရမှာပဲ”ဟု ဗိုလ်မှူးဟိန်းသော်ဦးက ပြောသည်။ 

“အရေးကြီးတဲ့ လူတွေရဲ့ သတင်းတွေ လာပေးတဲ့သူဆိုရင် အရေးကြီးရင် ကြီးသလောက် ငွေပေးရတာမျိုးတွေရှိတယ်။ အဲ့ဒါအပြင် အခြားအခွင့်အရေးတွေ ပေးရတာမျိုးတွေလည်းရှိတယ်။ အကြောက်တရားကြောင့် ကိုယ့်လူအချင်းချင်း ဒလန် ပြန်လုပ်တာမျိုးလည်း ရှိတယ်။ တချို့ကလည်း ငွေလည်းမရဘူး၊ အခွင့်အရေးလည်းမရဘူး။ ဒီဘက်ကို မုန်းလို့ ဟိုဘက်ကို အတင်းကာရော လိုက်လုပ်ပေးတဲ့ သူမျိုးလည်းရှိတယ်” 

စစ်ကောင်စီတပ်က CDM ပါဝင်နေသော ဝန်ထမ်းများ၊ နိုင်ငံရေးသမားများ၊ ဆရာဝန်များ၊ ထင်ရှားသူများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ပြီး နေ့စဉ် ဝရမ်းထုတ်ပြန် ကြေညာလျက်ရှိသည်။

သို့သော် ဧပြီလကုန်ပိုင်း ဝရမ်းထုတ်ခံသူများစာရင်း၌ စစ်ကောင်စီကို ထောက်ခံရေးသားသူတချို့ ပါဝင်လာသည်ကိုတွေ့ရသည်။

ထိုသူများကို ဝရမ်းစာရင်းတွင် ထည့်သွင်းလာခြင်းမှာ အာဏာသိမ်းစစ်ကောင်စီ၏ သတင်းရယူရေး အစီအစဉ်တစ်ရပ်လည်းဖြစ်နိုင်ကြောင်း၊ ၁၉၈၈ လူထုလှုပ်ရှားမှုကာလတွင် စစ်ထောက်လှမ်းရေးက ထိုနည်းဗျူဟာကို ကျင့်သုံးခဲ့ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“၈၈ တုန်းကလည်း အဲ့ဒီလိုမျိုး တိမ်းရှောင်တဲ့ လူတွေကြားကို သတင်းပေးတွေ ထည့်လို့ ပြဿနာတွေ အများကြီးဖြစ်ဖူးတယ်။ အခုလည်း အဲဒီလို ဖြစ်နိုင်မယ်ထင်ပါတယ်”ဟု ၎င်းက သုံးသပ်သည်။

လူထု၏အရေးယူမှု

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ မိသားစုသည် ဆန္ဒပြသူတို့ ချီတက်မည့်လမ်းကြောင်းကို စစ်တပ်ထံ ကြိုတင်သတင်းပေးနေသည့် ဒလန်များဖြစ်သည်ဟု စွပ်စွဲခံရကာ အဆိုပါရပ်ကွက်အတွင်းမှ နှင်ထုတ်ခံရသည်ကို လူမှုကွန်ရက်ရှိ ရုပ်သံဖိုင်တစ်ခု၌ တွေ့ရသည်။

ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာမှ ဒလန်ဟု သတ်မှတ်ခံထားရသူများသည် ဧပြီ ၂၉ ညနေပိုင်းတွင် ဓားဒဏ်ရာ၊ ဂျင်ကလိထိမှန်ဒဏ်ရာ စသည်များဖြင့် (၂ )ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိထားသူတချို့လည်းရှိနေကြောင်း သိရသည်။

လူထုထောက်ခံမှု အားကောင်းသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မလိုလားသူများက ဒလန်များဘက်မှ ရပ်တည်ကြောင်း အင်တာနက်လူမှုကွန်ရက်တွင် ထောက်ခံရေးသားကြသည်။ အထူးသဖြင့် Facebook ရှိ အမျိုးဘာသာ သာသနာအမည်ခံ စာမျက်နှာများတွင် ဒလန်များ အနိုင်ကျင့်ခံရပါက အကူအညီတောင်းရမည့် ဖုန်းနံပါတ်တချို့ကို တွေ့နိုင်သည်။

စစ်ကောင်စီ၏ အာဘော် ကြေးမုံသတင်းစာကလည်း အာဏာသိမ်းပြီး နှစ်လခွဲအတွင်းမှာပင် ဒလန်ဟုစွပ်စွဲခံရသူ ၁၇ ယောက် သေဆုံးကာ အယောက် ၃၀  ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ဟု ဧပြီ ၂၉ တွင် ရေးသားထားသည်။

ခေါင်းတုံး ရိတ်ခံရသူ ၄ ဦး၊ ဆေးမင်ကြောင်ထိုးခံရသူ ၁ ဦး၊ နေအိမ်ဖျက်ဆီးခံရသူ ၃ ဦးရှိသည် ဆိုသည်။

ထိုကာလအတွင်း စစ်သား ၇ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရရှိထားသည့် ရဲနှင့် စစ်သား သုံးရာခန့်အနက် ၃၄ ဦးသည် အသက်အန္တရာယ်စိုးရိမ်ရကြောင်း အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်၏ ရုပ်သံသတင်းတစ်ပုဒ်တွင် ဒလန်များ၏ သတင်းပေးမှုများကြောင့် မြစ်ကြီးနားမြို့တွင် ချီတက်ဆန္ဒပြနေသူတို့ အထိနာကြောင်း ဖော်ပြထားသည်။

အဆိုပါ ဒလန်ဆိုသူများ၏ လုံခြုံရေးကို စစ်ကောင်စီတပ်ဖွဲ့များက အကာအကွယ်ပေးထားကြသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် ဒလန်ကို ပြည်သူများက ဖမ်းဆီးထားပြီး ဆံပင်ရိတ်ကာ မျက်နှာတွင် ဒလန်စာလုံး မင်ကြောင်ထိုးရန် စီစဉ်နေချိန်တွင် စစ်ကောင်စီတပ်က လက်နက်အင်အား၊ လူအင်အား အသုံးပြုကာ လူထုကို ပစ်ခတ်ဖြိုခွင်းပြီး အဆိုပါ ဒလန်ကို ပြန်လည်လုယူကြသည်။

စစ်အာဏာရှင်ကို တော်လှန်နေသော ပြည်သူများအနေဖြင့် ဒလန်ဆိုသူများကို ရှင်းလင်းဖယ်ရှားခြင်း၊ နှင်ထုတ်ခြင်း၊ မျက်နှာတွင် မင်ကြောင်ထိုးခြင်းစသည့် အပြုအများသည် အနိုင်ကျင့်မှုဟု ဆိုနိုင်ကြောင်း၊ သို့သော်လည်း စစ်အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ တရားဥပဒေစိုးမိုးမှု မရှိတော့သည့်အတွက် ပြည်သူများက ကိုယ်တိုင်တရားစီရင်ရသည့်သဘောဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက  ထောက်ပြသည်။

“လူ့အခွင့်အရေးအရ ကြည့်မယ်ဆိုရင်တော့ ဘယ်သူ့ကိုပဲ ချိုးဖောက်ချိုးဖောက် မဖြစ်သင့်ပါဘူး။ သို့ပေမဲ့ အခု ကျွန်တော်တို့ ပတ်ဝန်းကျင်မှာက ဒါမျိုးဖြစ်လာရင် တရားဥပဒေအရ တိုင်ကြားနိုင်မယ့် နေရာမရှိဘူး။ တရားဥပဒေစိုးမိုးရေးကို တာဝန်ယူထားတဲ့သူတွေကိုယ်တိုင်က ချိုးဖောက်နေတာဖြစ်တဲ့အတွက် ဒီနေရာမျိုးမှာ အများကြီး အခက်အခဲရှိပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။ 

“တရားဥပဒေခိုင်မှာမှုရှိမယ်၊ တရားဥပဒေစိုးမိုးမှုရှိရင် လူတိုင်းက မှန်ကန်တဲ့ ခိုင်မာတဲ့ တရားဥပဒေကို အားကိုးကြမှာအမှန်ပဲ။ လက်ရှိ အခြေအနေမှာ တရားဥပဒေစိုးမိုးမှုလည်းမရှိဘူး။ တိုင်ကြားရမယ့် လူတွေကိုယ်တိုင်က တရားမဲ့ ပြုကျင့်တဲ့အခါမှာ လူတွေက ကိုယ့်တရားကို ကိုယ်ရှာလာကြတာ သဘာဝဖြစ်ပါတယ်”ဟု ဦးအောင်မျိုးမင်းက ပြောလိုက်သည်။ 

Show More

Related Articles

Back to top button