မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုအပေါ် ကန့်ကွက်ရှုတ်ချသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်၌ မတ် ၁၉ ရက်တွင် တစ်ခဲနက်အတည်ပြုခဲ့သည်။
ယင်းဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၃၉၈ ၊ ကန့်ကွက်မဲ ၁၄ ဖြင့် တစ်ခဲနက်အတည်ပြုခဲ့ခြင်းဖြစ်ပြီး စစ်တပ်က အရပ်ဘက်ခေါင်းဆောင်များထိန်းသိမ်းထားခြင်းကို ပြန်လွှတ်ပေးရန်၊ လွှတ်တော်စတင်ခြင်းဖြင့် ရွေးကောက်ခံကိုယ်စားလှယ်များက ၎င်းတို့၏လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရန် အချက်များကို ဆုံးဖြတ်ချက်၌ ထည့်သွင်းထားသည်။
အောက်လွှတ်တော်အမတ်များသည် သမိုင်းတစ်လျှောက်မဲပေးခွင့်ဆုံးရှုံးခဲ့သူများ၊ အကြိမ်ကြိမ် လူ့အခွင့်အရေးချိုးဖောက်ခံသည့်လူနည်းစုတိုင်းရင်းသားအပါအဝင် မြန်မာပြည်သူများ၏ ရည် မှန်းချက်များဖြစ်သော ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ စစ်မှန်သည့်ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးဖြစ်ထွန်းမှုတို့အတွက် မြန်မာပြည်သူများနှင့်အတူရပ်တည်မည်ဟု ဆုံးဖြတ်ချက်၌ ဖော်ပြသည်။
အရပ်သားပြည်သူများအပေါ် မည်သည့်တိုက်ခိုက်မှုကိုမဆို ကန့်ကွက်ရှုတ်ချပြီး ပဋိပက္ခအတွင်း ပြည်သူများဘေးကင်းလုံခြုံရေးအတွက် သံတမန်နည်းလမ်းနှင့်တိုးတက်မှုရှိရေးနည်းလမ်းများ အသုံးပြုခြင်းကို အောက်လွှတ်တော်အမတ်များက ထောက်ခံသည်။
ထို့အပြင် အရပ်သားအစိုးရအဖွဲ့ဝင်အားလုံးကို အာဏာပြန်လွှဲပေးရန်၊ လွတ်လပ်စွာသွားလာခွင့်၊ ရေးသားခွင့်၊ စုဝေးဆန္ဒပြခွင့်အပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ခွင့်ပြုရန်၊ လွတ်လပ်သော ပြည်တွင်း၊ နိုင်ငံသား၊ နိုင်ငံတကာ သတင်းမီဒီယာများကို ခွင့်ပြုရန် စသည့်အချက်များကိုလည်း ဆုံးဖြတ်ချက်၌ ထည့်သွင်းတောင်းဆိုထားသည်။
မတ် ၁၈ ရက်တွင်လည်း အမေရိကန်အောက်လွှတ်တော်သည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အရေးယူမှု နောက်ထပ်ဥပဒေကြမ်းတစ်ခုကို အသံဖြင့် မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ကြောင်း VOA သတင်းဌာနက ဖော်ပြသည်။