သတင်း

NUG ရုံးစိုက်မည့် စစ်ကိုင်းဒေသနှင့် လိုအပ်သည့် ပြင်ဆင်မှုများ 

အစိုးရရုံးများ စစ်ကိုင်းတိုင်းတွင် အခြေစိုက်မည်ဟု NUG က အသိပေးလိုက်ရာ ထောက်ခံသူ အများအပြား ရှိနေသည်၊ ပြုပြင်ပြောင်းလဲရမည့် အရာများကလည်း စောင့်ဆိုင်းနေကြသည်။

စစ်တပ်အာဏာသိမ်းပြီး လေးနှစ်အကြာ တော်လှန်ရေးပင်မမျက်နှာစာတစ်ခုဖြစ်သည့် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၌ အခြေချရုံးဖွင့်မည်ဟု  အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ယခုနှစ်ဆန်းပိုင်းတွင် အသိပေး ပြောဆိုလိုက်ရာ  ကြိုဆိုသူများလည်းရှိသလို ပြစ်တင်ဝေဖန်သံများလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။ 

ဗမာလူမျိုး အများစုနေထိုင်သည့် စစ်ကိုင်းတိုင်းသည် အာဏာသိမ်းလိုက်သော မြန်မာစစ်တပ်ကို အမဲလိုက်တူမီးများ၊ လက်လုပ်သေနတ်များဖြင့် အစောဆုံး ခုခံတော်လှန်ခဲ့ကြရာ အခုအခါတွင် နယ်မြေအချို့ကိုပင်ထိန်းချုပ်စိုးမိုး လာနိုင်နေပြီဲဖြစ်သည်။  

ကချင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့နှင့် နယ်မြေချင်းထိစပ်နေသလို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်ကဲ့သို့ တောင်တန်းဒေသများမှသည် အိန္ဒိယ-မြန်မာ နယ်စပ်အထိသို့ပင် ပေါက်ရောက်သည်အထိ နယ်မြေအနေအထားအရ မဟာဗျူဟာကျသည့် ဒေသလည်းဖြစ်သည်။  

စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ခုခံတော်လှန်သူများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုများသည် အာဏာသိမ်းမှုလေးနှစ်တာကာလအတွင်း၌ အိန္ဒိယ – မြန်မာနယ်စပ်ရှိ မြို့ငယ်ဖြစ်သည့် ခမ်းပါတ် အပါအဝင် ရွှေပြည်အေး၊ မော်လူး၊ မြို့သစ်နှင့် ပင်လည်ဘူး တို့ကို အာဏာသိမ်းစစ်တပ်ထံမှ တိုက်ခိုက်သိမ်းပိုက်ထားသည်။ 

၃၇ မြို့ရှိသော  စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက မြို့ပြဒေသကို  ဆက်လက် ထိန်းချုပ်ထားပြီး တော်လှန်ရေးအင်အားစုက  ကျေးလက်ဒေသများကို နယ်မြေစိုးမိုးလာနိုင်နေပြီ ဖြစ်သည်။   

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသော 96 Soldiers PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ –   96 Soldiers) 

ထို့သို့သော စိုးမိုးနယ်မြေများရှိလာသည့် အခြေအနေများဖြစ်ပေါ်လာခြင်း နှင့် NUG ကို  အဝေးအရောက်အစိုးရအဖြစ် ဝေဖန်သံများရှိနေချိန်တွင် NUG က စစ်ကိုင်းတိုင်းတွင် ရုံးစိုက်မည်ဟု ပြောဆိုလာခြင်းလည်းဖြစ်သည်။ 

NUG အစိုးရအဖွဲ့ဝင်များ မြေပြင်ဆင်းလာပါက ပြည်သူများအပေါ် ဆိုးသွမ်းရမ်း ကားနေသော ပသုံးလုံးယန္တရားကဲ့သို့ NUG ၏ လုံခြုံရေး နှင့် အုပ်ချုပ်ရေးယန္တရားများ၏ အားနည်းချက်များကို ပိုမိုပြုပြင်နိုင်မည်ဟု အကောင်းမြင်ကြသူများရှိသလို စစ်ကောင်စီလေတပ်က အရပ်သားများကို ပိုမို ပစ်မှတ်ထား ဗုံးကြဲလာနိုင်သည်ဟူသော စိုးရိမ်ချက်များလည်း ရှိနေပြန်သည်။ 

လူထုကြား ရောက်လာခြင်းကြောင့် ပြဿနာများ ဖြေရှင်းရာတွင် လွယ်ကူမြန်ဆန်လာနိုင်သည်၊  ရုံးဖွင့်မည့်အစီအစဉ်ကို ကြိုဆိုသည်ဟု မုံရွာသပိတ်လူထု ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ဆိုသည်။ 

“တော်လှန်ရေးကာလဖြစ်တဲ့အတွက်ကြောင့် ပြဿနာတွေကတော့ ပုံမှန်ကာလထက်ကို ပိုပြီးတော့ တစ်ခုမဟုတ် တစ်ခု ရှိနေမှာပါ။ ဒီပြဿနာတွေကို သူတို့ ဘယ်လောက် အရည်အချင်းရှိရှိနဲ့ ဖြေရှင်းမလဲ၊ ဘယ်လို ဖြေရှင်းပုံ၊ ဖြေရှင်းနည်းနဲ့ ဖြေရှင်းဆောင်ရွက်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ အဓိကက တော်လှန်ရေးနဲ့ လူထုအကျိုးကို ရှေ့ရှုဆောင်ရွက်ဖို့ပါပဲ” ဟု သူက ပြောဆိုသည်။   

ဦးစားပေး ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာများ 

NUG အစိုးရအဖွဲ့ဝင်များမှာ ပြည်တွင်းနှင့် နိုင်ငံတကာတွင် ပြန့်ကျဲနေသည့်အတွက် အစိုးရအဖွဲ့ အတွင်း အရေးကြီးသည့် ဆုံးဖြတ်ချက်များချရာတွင် အချိန်ယူခဲ့ရသည်၊ ထိုအခက်အခဲများကို ကျော်လွှားရန် မဟာဗျူဟာ မြောက် ကော်မရှင်ကြီးများ ဖွဲ့စည်းပြီး တစ်နေရာတည်းတွင် စုစည်းမည်ဟု ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က Myanmar Now နှင့် သီးသန့်တွေ့ဆုံစဉ် ဇန်နဝါရီလအတွင်းက ပြောသည်။ 

NUG အဓိက ဦးစားပေးဖြေရှင်းရမည့် ပြဿနာများနှင့်ပတ်သက်ပြီး ဒေသတွင်း တော်လှန်ရေးအင်အားစု၊  ဒေသခံ ၁၀ ဦးတို့ကို မေးမြန်းခဲ့ရာ အများစုက ပသုံးလုံး ယန္တရားကို ထိထိရောက်ရောက် ကိုင်တွယ်ရန် လိုလားကြောင်း ဖြေဆိုကြသည်။ 

“ပသုံးလုံး”ဆိုသည်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပြည်သူ့လုံခြုံရေး အဖွဲ့တို့ကို ဆိုလိုခြင်းဖြစ်သည်။ ပသုံးလုံး ယန္တရားအနက် ပအဖ နှင့် ပလဖ ကို ပြည်ထဲရေးဝန်ကြီးဌာနက ကွပ်ကဲသည်။ ပကဖမှာ ကာကွယ် ရေးဝန်ကြီးဌာန လက်အောက်တွင်ရှိသည်။ 

၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအပြီး ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ကွင်းဆင်းစစ်ဆေးစဉ်။ (ဓာတ်ပုံ – NUG)

ပသုံးလုံးယန္တရားနှင့် လူထုကြားပွတ်တိုက်မှုများမှာ ပြီးခဲ့သည့်နှစ်ပိုင်းကစပြီး   ပိုမို ကျယ်ပြန့်လာသည်။  

ပသုံးလုံးသည် ပြည်သူများအတွက် အလုပ်မဖြစ်ကြောင်း ရွှေဘိုဒေသခံ အမျိုးသားတစ်ဦးက  ပြောသည်။ 

“ဒေသန္တရအုပ်ချုပ်ရေးက တစ်ဖက်သတ်အုပ်ချုပ်ရေးလို ဖြစ်နေတယ်။ ပိုက်ဆံရှိ၊ ဂုဏ်ရှိ၊ ငွေရှိ၊ အာဏာရှိ၊ လက်နက်ရှိတဲ့သူတွေ၊ သူတို့နဲ့ ပေါင်းတဲ့သူတွေကပဲ နိုင်တဲ့အနေအထားမျိုးလို့ပြောချင်တယ်။ ရပ်ကျေးပြည်သူတွေက ဒုက္ခအများဆုံး ခံနေရတယ်”ဟု သူက ပြောသည်။ 

ပသုံးလုံးအဖွဲ့ဝင်များ၏ စွမ်းရည်နှင့် အရည်အချင်းတွင် အကန့်အသတ်များရှိနေပြီး လူထုနှင့် နေ့စဉ် တိုက်ရိုက် ထိတွေ့ ဆက်ဆံနေရသည့် ပသုံးလုံးယန္တရားကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ယာယီသမ္မတက  ဆက်တိုက် တိုက်တွန်းလာသည်။ 

“ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင် ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်”ဟု ယာယီသမ္မတက ဇန်နဝါရီ ၁၄ ရက်နေ့က ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

အကျင့်ပျက်ခြစားမှုများ ရှိနေသည့် ပသုံးလုံးယန္တရားကို အချိန်မီ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိလျှင် လူထုက တော်လှန်ရေးကို စိတ်ပျက်လာနိုင်သည်ဟု မြေပြင်တော်လှန်ရေးအင်အားစုက ထောက်ပြသည်။ 

“ပသုံးလုံး ယန္တရားပြုပြင်ပြောင်းလဲရေးလုပ်ဖို့အတွက် အဓိကအချက်တွေကတော့ NUG ရဲ့ တာဝန်ရှိသူတွေ အနေနဲ့ ပြုပြင်ပြောင်းလဲချင်စိတ်ရှိဖို့ပဲ” ဟု စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ထို့ပြင် အခွန်ငွေ ကောက်ခံသုံးစွဲရေးမူဝါဒနှင့်ပတ်သက်ပြီး တိတိကျကျ ကိုင်တွယ်ရန်လို အပ်နေကြောင်း မြေပြင်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုက ‌ပြောသည်။ 

သယံဇာတ ပေါကြွယ်ဝသည့် စစ်ကိုင်းတိုင်းတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရွှေမျော၊ သစ်၊ ရေနံထုတ်လုပ်မှုများ တိုးမြှင့်လုပ်ဆောင်လာသည်ဟု ဒေသခံတို့ကဆိုသည်။ 

ထို့ပြင် တော်လှန်ရေးအင်အားစုက လမ်းပိုင်းများကို ထိန်းချုပ်လာနိုင်သည်နှင့်အမျှ ရေကြောင်း၊ ကုန်းကြောင်းမှ ဖြတ်သန်းသွားလာသည့် ကုန်စည်စီးဆင်းမှု အပေါ် အခွန်ကောက်ခံမှုများမှ သိန်းပေါင်းထောင်ချီ ရနေသော်လည်း လေလွင့်မှုများ ရှိနေသည်၊ အကျင့်ပျက်ခြစားမှုများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်ဟု  ဝေဖန်ခံနေရသည်။ 

တော်လှန်ရေးအင်အားစု စိုးမိုးထားရာ ကနီမြို့နယ်တွင် ကုန်းလမ်း၊ ရေလမ်း စစ်ဆေးရေးဂိတ်များတွင် ကောက်ခံရရှိသည့် အခွန်ငွေ သိန်းနှစ်သောင်းကျော် ကွာဟခဲ့သည်၊   ဒေသရှိ တပ်ရင်းတပ်ဖွဲ့များက ဇန်နဝါရီလ ၇ ရက်နေ့တွင် ယာယီထိန်းချုပ်လိုက်ရသည်ဟု  တော်လှန်ရေးသမားတစ်ဦးက ပြောသည်။ 

“အခွန်ဘဏ္ဍာတွေကို အလေအလွင့်မရှိဘဲနဲ့ တော်လှန်ရေးကိုပဲ ၁၀၀ ရာခိုင်နှုန်းရောက်အောင် သေသေချာချာ စစ်ဆေးသင့်တယ်။ မဟုတ်ဘူးဆိုရင် အခွန်ဂိတ်မှာ ထိုင်တဲ့သူပဲဖြစ်ဖြစ် အခွန်ဘဏ္ဍာကို စီမံခန့်ခွဲလို့ ရတဲ့ သူပဲဖြစ်ဖြစ် သူတို့ရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် တော်လှန်ရေးက နှောင့်နှေးရမျိုးလည်း ကြုံတွေ့ရနိုင်တယ်”ဟု မုံရွာလူထုသပိတ် ဦးဆောင် ကော်မတီဝင် ကိုခန့်ဝေဖြိုးက မှတ်ချက်ပြုသည်။  

ဝေဖန်အကြံပြုသံများကိုလည်း NUG   နားထောင်ရန် လိုအပ်သည်ဟု စစ်ကိုင်းတိုင်းမှ လက်နက်ကိုင်တော်လှန်ရေးသမားတစ်ဦးကလည်း ပြောသည်။ 

“NUG နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက စကားတွေပဲ နားထောင်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုရင် တော့ ဒီအတိုင်းပဲ ဖြစ်နေဦးမှာပဲ။ ညီညွှတ်မှုတွေ စည်းလုံးမှုတွေ အားကောင်းအောင် မလုပ်ကြဘဲနဲ့ NUG ရဲ့ မူဝါဒ လို့ဆိုပြီး ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုတွေရှိလာနေတဲ့အတွက် ပဋိပက္ခတွေက တစ်စတစ်စနဲ့ မြို့နယ်အများစုမှာ ပိုဆိုးလာတာ” ဟု NUG လက်အောက်ခံ ခရိုင်တပ်ရင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

လေကြောင်းတိုက်ခိုက်မှု အန္တရာယ် 

မြေပြင်ထိန်းချုပ်နိုင်မှု လျော့ကျနေသည့် စစ်တပ်က စစ်ကြောင်းမထိုးနိုင်သော်လည်း အချိန်မရွေး ရောက်လာနိုင်သည့်  လေကြောင်း တိုက်ခိုက်မှုက   အဓိက အန္တရာယ်ကြီး ဖြစ်နေသည်။ 

မြေပြင်ရုံးစိုက်မည်ဟု ထုတ်ဖော်ပြောဆိုပြီး ရက်ပိုင်းအတွင်းမှာပင် စစ်ကိုင်းတိုင်းအတွင်း  NUG   ထိန်းချုပ်ထားသည့် ခမ်းပါတ်နှင့် မော်လူးမြို့ကို လေတပ်က တိုက်ခိုက်ခဲ့ရာ အရပ်သားများ  ထိခိုက်သေဆုံးရသည်။ 

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်သည်  နှစ်ဆန်းပိုင်းကစပြီး စစ်ကိုင်း၊ မကွေး၊ ရှမ်းပြည် တောင်ပိုင်း၊ ရခိုင်၊ ကချင် စသည့်ဒေသများတွင် အရပ်သားပစ်မှတ်များပါမကျန် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ရာ  ကလေးငယ်များအပါအဝင် အရပ်သား ဒါဇင်နှင့်ချီ သေဆုံးခဲ့ရသည်။   

စစ်ကိုင်းတိုင်းတိုက်ပွဲများအတွင်း အောင်ပွဲခံပြန်လာကြသော PLA တပ်ဖွဲ့ဝင်များကို ပြည်သူများ ကြိုဆိုနေကြစဉ်။ (ဓာတ်ပုံ –   PLA)

NUG ရုံးစိုက်မှုကြောင့် ဗုံးကြဲခံရမှု ပိုများနိုင်သည်ဟု စိုးရိမ်နေကြသော်လည်း အမှန်တကယ်တွင် စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်ရပ်ထားသည့်အတွက် စစ်ကိုင်းတိုင်းကို လေကြောင်းသုံး ပိုဖိလာခြင်းဖြစ်သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏  ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ဒေါ်နီနီကျော်က မှတ်ချက်ပြုသည်။  

PLA သည် စစ်အာဏာသိမ်းပြီးနောက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် လူငယ်ခေါင်းဆောင်များ ဦးဆောင်ဖွဲ့စည်းထားသော၊ ကွန်မြူနစ်ဝါဒကို လက်ခံသော တော်လှန်ရေးတပ်တစ်ခု ဖြစ်သည်။ စစ်ကိုင်း၊ မကွေး၊ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် တနင်္သာရီတိုင်းတို့တွင် လှုပ်ရှားနေသည်။ 

စစ်ကိုင်းတိုင်းတွင် NUG   ရုံးစိုက်မည့် အစီအစဉ်မှာ အန္တရာယ်များသည်ဟု  အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသော ဗိုလ်ကြီးဇင်ယော်က ပြောသည်။ 

“လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်နိုင်တယ်၊ ပစ်ချနိုင်တဲ့အနေအထားမျိုးရှိရင်တော့ ဌာနချုပ်ရုံးစိုက်ဖို့ အကောင်းဆုံးပေါ့။ ဒါတွေမရှိဘဲနဲ့ရုံးစိုက်မယ်ဆိုရင်တော့ လုံခြုံမှုမရှိဘူး။ အန္တရာယ်များတယ်” ဟု  မှတ်ချက်ပြုသည်။ 

အခြေစိုက်ရုံးဖွင့်ခြင်းထက် လည်ပတ်နေသည့် အုပ်ချုပ်ရေးယန္တရား အားကောင်းမောင်းသန်ဖြစ်ရေး၊ စစ်ရေးတို့တွင် ပိုမို အာရုံစိုက်ပြီး ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ရန်လိုသည်ဟု အကြံပြုသည်။ 

စစ်တပ်နယ်မြေစိုးမိုးမှုကျဉ်းမြောင်းလာနေသော စစ်ကိုင်းတိုင်း  

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ မီးရှို့မှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁၀၆,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ ရသည်ဟု စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းနေသော Data for Myanmar က ၂၀၂၄၊ ဒီဇင်ဘာတွင် ထုတ်ပြန်ထားသည်။ 

ထိုအထဲမှ ၆၉ ရာခိုင်နှုန်းသည် စစ်ကိုင်းတိုင်းအတွင်းမှ ဖြစ်ပြီး နေအိမ်ပေါင်း ၇၃,၉၇၄ လုံး ဖြစ်သည်။ ခုခံတော်လှန်မှု အားကောင်းသော နယ်မြေများကို စစ်ကောင်စီက လက်တုံ့ပြန်သည့်အနေဖြင့် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းလည်းဖြစ်သည်။ 

ကျေးလက်ဒေသကို တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုး လာနိုင်သည့်နှင့်အမျှ ရွာများ စစ်ကြောင်းထိုး မီးရှို့ခံရမှု လျော့ကျလာနေသည်ဟု  စစ်ကိုင်းခရိုင်အခြေစိုက်  Myaung Revolution Army (MRA) မှ တာဝန်ခံကိုစိန်ကျော်က Myanmar Now သို့ ပြောသည်။ 

“စစ်ကောင်စီက စစ်ကိုင်းခရိုင်အတွင်းမှာဆိုရင် စစ်ကြောင်းတော့မထိုးနိုင်တော့ဘူး။ သူတို့မှာလည်း အင်အားက တော်တော်လေး ချိ့နဲ့လာနေပြီဆိုတော့လေ။ ရန်သူစစ်ကောင်စီက မြေပြင်မှာ အင်အားနည်းလာတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်” ဟု သူက ပြောသည်။ 

မြန်မာစစ်တပ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း(ဂန့်ဂေါ)ခရိုင်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ချင်းပြည်နယ် တို့ကို စစ်ရေးကွပ်ကဲရန် စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို အခြေစိုက်ထားပြီး ၎င်းလက်အောက်တွင် တိုင်းတပ်ရင်း ၁၇ ရင်းအထိ စုဖွဲ့ထားသည်။ 

ထို့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်လည်း ခြေလျင်၊ခြေမြန် တပ်ရင်း ၁၀ ရင်းအထိ စီမံကွပ်ကဲသော အမှတ် (၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၀)၊ စစ်ကိုင်းမြို့တွင် အမှတ် (၃၃) ခြေမြန်တပ်မ ဌာနချုပ် (တပ်မ ၃၃)ကို အခြေစိုက်ထားပြီး စစ်ရေးလှုပ်ရှားနေလျက်ရှိသည်။ 

တပ်မ ၃၃ လက်အောက်တွင်လည်း ခြေလျင်၊ခြေမြန်တပ်ရင်း ၁၀ ရင်းအထိ ရှိသည်။ 

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ရှေ့ပြေးအစီရင်ခံစာပါ အချက် အလက်များအရလည်း စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က နယ်မြေစိုးမိုးနိုင်ခြင်းမရှိသည့်အခြေအနေကို အထင်အရှား မြင်နိုင်သည်။ 

လူဦးရေ ၆ သန်းကျော်ရှိသည့် စစ်ကိုင်းတိုင်းတွင် လူဦးရေ ၁၃ ရာခိုင်နှုန်းဖြစ်သည့် ၈ သိန်း ကျော်ကိုသာ စာရင်း ကောက်ယူနိုင်ခဲ့ပြီး ၈၅ ရာခိုင်နှုန်းကျော်မှာ စာရင်းကောက်ယူနိုင်ခြင်းမရှိဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

မြို့နယ် ၃၇ ခုအနက်  စစ်ကိုင်းတိုင်း အထက်ပိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင်ပါဝင်သည့် လေရှီး၊ နန်းယွန်းနှင့် လဟယ်တို့တွင်သာ အပြည့်အဝ စာရင်းကောက်ယူနိုင်ခဲ့ပြီး  တော်လှန်ရေးအား ကောင်းရာ မြို့နယ်များ ဖြစ်သည့် ထီးချိုင့်၊ အင်းတော်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ကနီ၊ ပုလဲ၊ ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦး၊ ဝက်လက် မြို့နယ်တို့တွင် လုံးဝစာရင်းကောက်ယူနိုင်ခြင်းမရှိခဲ့ပေ။ 

အနောက်မြောက်တိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာ မြို့အပါအဝင် မြို့၁၃ ခုတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ကိုသာ သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့၍ ထိုအခြေအနေများသည်လည်း စစ်တပ်၏ နယ်မြေထိန်းချုပ်နိုင်မှု လျော့ကျလာခြင်းကို ဖော်ပြနေသည်။  

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ဗုံးတပ်ဆင်ထားသော ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည့် အောင်ဆန်းတပ်ဖွဲ့ဝင်အချို့။ (ဓာတ်ပုံ – Aung San Force-MPDF Facebook) 

စစ်ကိုင်းတိုင်းနှင့် ဆက်စပ်ဒေသများရှိ စစ်ရေးဆိုင်ရာများကို စီမံကွပ်ကဲရသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နာမည်ကြီးတိုက်ခိုက်ရေးတပ်များဖြစ်သည့် တပ်မ ၃၃၊ တပ်မ ၁၀၁ အပါအဝင် ခြေလျင်ခြေမြန်တပ်ရင်းများနှင့် လက်ရုံးတပ် စုစုပေါင်း ၉၀ ကျော်ဖြင့် စစ်ကိုင်းတိုင်းတခွင်တွင် စစ်တပ်က ဖြန့်ကျက်နေရာယူထားခြင်းဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ 

နိုင်ငံအနှံ့တွင် PDF တပ်ရင်းနှင့် စစ်ကြောင်း ၃၀၀ ခန့် အတည်ပြုဖွဲ့စည်းထားပြီးဖြစ်သည်၊ ရပ်ရွာအခြေပြုပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်မည့် ပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) များကို မြို့နယ်ပေါင်း ၂၅၀ ကျော်တွင် ဖွဲ့စည်းတည်ထောင်ထားပြီးဖြစ်သည်ဟု ယာယီသမ္မတ ဒူဝါလရှီးလကလည်း ၂၀၂၃ မေလတွင် ကျရောက်သည့် PDF  ၂ နှစ်ပြည့် အခမ်းအနား တွင်ထုတ်  ဖော်ပြောထားဖူးသည်။ 

စစ်ကိုင်းတိုင်းတစ်ခုထဲတွင်ပင် PDF ခရိုင်တပ်ရင်း ၂၀၀ ကျော်ဖွဲ့စည်းထားပြီးဖြစ်သည်ဟု တော်လှန်ရေးအင်အားစုက ဆိုသည်။ 

စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ပါဝင်သည့် အမှတ် (၁) စစ်ဒေသကို NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းထားသည့် C3C (ဗဟို ကွပ်ကဲရေးနှင့်ပေါင်းစပ်ညှိနှိုင်း ရေးကော်မတီ) မှ ကချင်လွတ်လပ်ရေးတပ်မတော် (KIO) က ဦးဆောင်ကွပ်ကဲမှုဖြင့် တိုက်ပွဲဝင်နေသည်။ 

အညာဒေသတွင် ခရိုင်တပ်ရင်းများသာမက NUG လက်အောက်ခံမဟုတ်ဘဲ သီးခြား ရပ်တည်လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များလည်း အများအပြားရှိနေသည်။ 

ကျောင်းသားလူငယ် ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် ကျောင်းသား လက်ရုံးတပ်တော်၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဝက်လက်ဒေါင်းနီ၊ ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ 96 soldiers, ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)၊ ဒေသခံကာကွယ်ရေအဖွဲ့များ (LDF) များ အစရှိသည့် တပ်ဖွဲ့များက စစ်ကိုင်းတိုင်းအတွင်း ခြေကုပ်ယူလှုပ်ရှားနေသည်။   

ထို့အပြင် စစ်ကိုင်းတပ်မဟာဖွဲ့စည်းပြီး နှစ်သစ်တွင် စစ်ရေးအရှိန်မြှင့်မည်ဟု ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး) MDY-PDF က ကြေညာထားသလို ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက် ပိုင်းတို့တွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့်ပူးပေါင်းကာ အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ဗမာပြည်သူ့ လွတ်မြောက် ရေးတပ်တော် (BPLA) ကလည်း နိုင်ငံအလယ်ပိုင်း အညာဒေသသို့ အခြေချ၍ စစ်ရေးလှုပ်ရှားသွားမည်ဟု ယမန် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။  

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ မြို့အချို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည့် တော်လှန်ရေး အင်အားစုက မုံရွာ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ မြို့များကိုလည်း ပြီးခဲ့သည့်နှစ်အတွင်း သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်ခဲ့ကြသေးသည်။  

စစ်ကိုင်းတိုင်းနှင့် ကချင်နယ်စပ်တွင် လှုပ်ရှားနေသည့် ABSDF တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ 

ချင်းတွင်းမြစ်ကမ်းဘေးရှိ ကနီမြို့၊ ဒီပဲယင်းနှင့် မကွေးတိုင်းအစပ်ရှိ ပုလဲမြို့တို့ကို သိမ်းပိုက်နိုင်ရေး ပြီးခဲ့သည့် နှစ်များတွင် တော်လှန်ရေးတပ်များက ကြိုးပမ်းခဲ့ကြသော်လည်း လက်နက်ခဲယမ်းလိုအပ်မှု၊ စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် ခုခံမှုတို့ကြောင့် မြို့များကို အပြီးသတ်မသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်။ 

“စစ်ကိုင်းမှာ ဒီထက်ပိုပြီးတော့ လုပ်ပြချင်တယ်ဆိုရင်တော့ ဗျူဟာမြောက် ထိုးစစ်၊ ခံစစ်ကို အချိန်နဲ့ တစ်ပြေးညီ တပြိုင်နက်လုပ်ပြမှ ရနိုင်တယ်။ အခုလက်ရှိ မြေပြင်အခြေအနေအရတော့ စိုးမိုးထားတယ်ဆိုပေမဲ့ လှုပ်ရှားတဲ့ အဆင့်ဆို ပိုပြီးတော့ ပြောရင်မှန်မယ်။ တော်လှန်ရေးအဖွဲ့တွေက လှုပ်ရှားတယ်ဆိုတဲ့ အဆင့်သာသာပဲရှိတယ်”ဟု စစ်ကိုင်းတိုင်းအတွင်း NUG လက်အောက်ခံ ခရိုင်တပ်ရင်းတစ်ခုမှ ခေါင်းဆောင်တစ်ဦးကပြောသည်။   

စစ်ကောင်စီက မြို့ပေါ်တွင်  ၎င်းတို့၏ယန္တရားလည်ပတ်နိုင်ရေး ကြိုးပမ်းပြီး  ကျေးလက်ဒေသတွင်လည်း  ပြည်သူ့စစ် (ပျူစောထီး) အခိုင်အမာအခြေချထားသည့် ရွာများ တည်ထောင်ထားကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။ 

စစ်ကိုင်းတိုင်းတွင် ပြည်သူ့စစ် လှုပ်ရှားမှုအားအကောင်းဆုံးမှာ ကန့်ဘလူဒေသတွင်ဖြစ်ပြီး ၅၅၀ ဆရာတော်ဟု လူသိများ သည့် ဦးဝါသဝက ထိုဒေသရှိ ပြည်သူ့စစ်များကို အဓိက ဦးဆောင်နေသည်။

ကချင်ပြည်နယ်၊ မန္တလေးတိုင်းတို့နှင့်ထိစပ်နေသည့် ကန့်ဘလူ၊ ကောလင်း၊ ကသာ ခရိုင် သုံးခုပါဝင်သည့် ကသုံးလုံး ဒေသမှာ စစ်ရေးအရ ပါသည့် ဒေသဖြစ်ပြီး ထိုဒေသကို စိုးမိုးနိုင်ရေး တော်လှန်ရေးအင်အားစုက ကြိုးပမ်းနေသည်။ 
ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုက သိမ်းပိုက်နိုင်ခဲ့သော်လည်း လပိုင်းအကြာတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်လာသဖြင့် မြို့ကို လက်လွှတ်ခဲ့ရသည်။ ကောလင်းခရိုင်တွင် ပါဝင်သည့် ပင်လည်ဘူးမြို့ကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုက အပြီးသတ် သိမ်းပိုက်လိုက်ပြီး နယ်မြေထိန်းချုပ်ထားသည်။ 

အမှတ် (၆၀၀၆) တင့်ကားတပ်ရင်းအခြေစိုက်သည့် ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ပြည်သူ့စစ်အင်အားများ တိုးချဲ့လာပြီး အထိုင်စခန်းများ ပိုမိုတိုးချဲ့လာသည့်အပြင် ဆက်သွယ်ရေးအရ အချက်အချာကျသည့် လမ်းပိုင်းများတွင် ပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစတင်ကာ ကောလင်းခရိုင်နှင့် ကန့်ဘလူခရိုင်ချင်းဆက်လမ်းပိုင်း၊ မြို့နယ်အရှေ့ခြမ်းနှင့် အနောက်ခြမ်းဆက်သွယ်ထားသည့် ဇီးကုန်း – မလယ်လမ်းပိုင်းတွင်လည်း ပြန်လည်ခြေကုပ်ယူရန်  ကြိုးပမ်းနေသည်၊ ထိန်းချုပ်နယ်မြေချဲ့ထွင်နေပြီး ကန့်ဘလူနှင့်ကျွန်းလှနယ်ကို နယ်မြေစိုးမိုးနိုင်ရေး လုပ်ဆောင်နေသည်ဟု ဒေသတွင်း တော်လှန်ရေး အင်အားစုက ဆိုသည်။ 

ထို့ပြင် ရွှေဘိုမြို့၊ ပုလဲမြို့၊ အရာတော်၊ ကနီ စသည့်မြို့များတွင်လည်း ပြည်သူ့စစ်အခိုင်အမာ အထိုင်ချထားသည့် ကျေးရွာ များ ရှိနေသည်။ ထိုရွာများတွင် စစ်သင်တန်းဆင်းထားသည့် ရွာခံ ပြည်သူ့စစ်များ၊ အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူ့စစ်များနှင့် စစ်သားတချို့ ပူးပေါင်းပြီး ခိုင်ခံ့သည့်   ဘန်ကာ၊ ကတုတ်ကျင်းများ ပါဝင်သော စခန်းများတွင် တပ်စွဲထားခြင်းဖြစ်သည်။ 

ထိုသို့ တပ်စွဲစဉ် အနီးအနားဝန်းကျင် ကျေးရွာသို့ ရံဖန်ရံခါ စစ်ကြောင်းထိုးလေ့ရှိသည်။  တော်လှန်ရေးအင်အားစုကလည်း ထိုပြည်သူ့စစ်ရွာများကို  မကြာခဏတိုက်ခိုက်လေ့ရှိသည်။  

ရေဦးအခြေစိုက် ရွှေဘိုခရိုင်တပ်ရင်းမှ PDF တပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ – Ye U PDF)

စစ်ကိုင်းတိုင်းမှ တိုက်ခိုက်ရေးတပ်များကို နိုင်ငံအနှံ့ ဖြန့်ခွဲနေရာချထားရသည့် စစ်တပ်သည်  ပျူစောထီး အင်အားကို    တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည်ဟု  CDM ဗိုလ်ကြီး ဇင်ယော်က‌ သုံးသပ်သည်။ 

“စစ်ကိုင်းတိုင်းထဲမှာ ပြည်သူ့စစ်နဲ့ပျူစောထီးက စစ်တပ်အင်အားလောက်ကိုဖြစ်နေတဲ့အနေအထားမျိုး ရှိတယ်” ဟု  ဗိုလ်ကြီးဇင်ယော်က ဆိုသည်။ 

“စစ်တပ်က နမခတပ်ထဲမှာ အထိုင်တပ်အနေနဲ့ ဝင်တိုက်မှာစိုးလို့  တပ်ရင်းလုံခြုံရေး အနေနဲ့လုပ်နေရတာ။ အပြင်လှုပ်ရှားမှာက ပြည်သူ့ စစ်တဝက်၊ စစ်တပ်ကစစ်ကြောင်းတဖွဲ့၊ အဲ့ဒီလိုရောပြီး နယ်မြေခံတွေနဲ့ရောပြီးမွှေနေတဲ့ အနေအထားမျိုး တွေ့ရတယ်”

တူမီး၊ မိုင်းဆွဲတိုက်ခိုက်မှုတို့ဖြင့် စတင်ခဲ့သည့် လက်နက်ကိုင်တော်လှန်ရေး ခရီးလမ်းတွင် မောင်းပြန် သေနတ်များ ယခင်ကထက် ပိုမို ကိုင်ဆောင်လာနိုင်သော်လည်း အပြည့်အဝ တပ်ဆင်နိုင်မှုမရှိသေးဘဲ ခဲယမ်းလိုအပ် ချက်လည်း ကြီးမား နေဆဲဖြစ်သည်ဟု တော်လှန်ရေးအင်အားစုက ဆိုသည်။ 

ထို့ပြင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများအတွက်  လက်နက်ကြီးကဲ့သို့ မဟာဗျူဟာမြောက် လက်နက်များမှာ အဓိက လိုအပ်ချက်ရှိနေသည်ဟု ဆိုသည်။

“ကျုပ်တို့တကယ်တမ်း ပစ်တဲ့သေနတ်က သူတို့ရဲ့ဘန်ကာနဲ့ဆိုရင် ထမင်းစားတောင်ပျက်မှာမဟုတ်ဘူး။ အရက်သောက်တောင်ပျက်မှာမဟုတ်ဘူးလေ။ ဂန်းငယ်တွေနဲ့တော့ ဘယ်လိုမှရင်ဆိုင်လို့မရဘူး။ ဂန်းငယ်တွေကလည်း ထိုက်သင့်သလောက်ရှိလာပြီဆိုရင် ဗျူဟာမြောက်လက်နက်တွေ တပ်ဆင်ပေးဖို့လိုတယ်”ဟု NUG လက်အောက်ခံ ယင်းမာပင်ခရိုင်မှ တပ်ရင်းမှူးတစ်ဦးက ပြောသည်။ 

စစ်ကိုင်းတိုင်းတွင်မူ တော်လှန်ရေးအင်အားစု လှုပ်ရှားမှုအားကောင်းသော်လည်း လက်ရှိအခြေအနေအရ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်သည့် အခြေအနေမှာ အလှမ်းဝေးနေဆဲဖြစ်သည်ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်များက သုံးသပ်သည်။ 

“နမခ အထိကတော့ မဖြစ်နိုင်ဘူး။ အဓိကတော့ တောမြို့လေးတွေနဲ့ ပျူရွာလေးတွေလောက်ပဲဖြစ်နိုင်ယ်။ အဲ့ဒီထက် ကြီးမားတာလည်းဖြစ်နိုင်ပါတယ်။ ဗျူဟာမြောက်လက်နက်သာများများချပေးရင်”ဟု စစ်ကိုင်းတိုင်းမှ NUG လက်အောက်ခံ PDF တပ်ရင်းမှူးတစ်ဦးက သုံးသပ်သည်။

ယမန်နှစ်ပိုင်းကစပြီး ခရိုင်တပ်ရင်းများကို ၃ခု သို့မဟုတ် ၄ ခု စီ စုပေါင်းပြီး ဗျူဟာများဖွဲ့စည်းလှုပ်ရှားသလို တော်လှန်ရေး အင်အားစုကြား စုဖွဲ့လှုပ်ရှားမှုများလည်း အားကောင်းလာသည်။ သို့သော်လည်း ပြန့်ကျဲနေသည့် တပ်ဖွဲ့များ ပေါင်းစပ် ညှိနှိုင်းမှု လုပ်ဆောင်နိုင်ရေး ပိုမိုလိုအပ်နေဆဲဖြစ်သည်ဟုတော်လှန်ရေးအင်အားစုနှင့် စစ်ရေးလေ့လာသူများကထောက်ပြသည်။   

ထိုကြောင့်   တော်လှန်ရေးအင်အားစုကြားညီညွတ်ရေးကို ပိုမိုဦးစားပေးလုပ်ဆောင်ရန်   မျှော်လင့်နေကြသည်။ 

“ဘုံရန်သူကို အတူတိုက်တဲ့ အခါမျိုးမှာ သူအဖွဲ့ငါ့အဖွဲ့ သူ့နယ်မြေ၊ ငါ့နယ်မြေ မခွဲခြားဘဲနဲ့ ဥပမာ PDF. ပကဖ တွေ၊ LPDF တွေ PLA, BPLA ဆိုပြီး မခွဲခြားဘဲနဲ့ ဘုံရန်သူကို တိုက်ဖို့ အားလုံး ညီညွှတ်မှ ရမယ်ဆိုတဲ့ အသိနဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ ဒီတိုက်ပွဲက နိုင်ဖို့ မဝေးတော့ပါဘူး” ဟု  ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)၏  ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ဒေါ်နီနီကျော်က Myanmar Now ကို ပြောသည်။ 

NUG အနေဖြင့် လက်ရှိအချိန်တွင် မြေပြင်၌ တပ်ရင်းတပ်ဖွဲ့အများဆုံးရှိသော အင်အားစုကြီးဖြစ်၍ နယ်မြေဖြတ်သ န်းသွားလာခွင့်ကန့်သတ်ချက်များကဲ့သို့ အခြားအဖွဲ့များအပေါ် ဖိနှိပ်ခြင်းထက် မိမိထက် အင်အားငယ်သော အခြား တပ်ဖွဲ့များကို လေးစားစိတ်ဖြင့် လက်တွဲဖိတ်ခေါ်သင့်သည်ဟု သူက ထောက်ပြသည်။ 

ဗိုလ်ကြီးဇင်ယော်ကလည်း စစ်တိုက်ရာတွင် စီမံချက်ချ ဆောင်ရွက်မှု၊ ဟန်ချက်ညီမှု၊ စစ်တပ်ပုံစံကျမှုများ အရေးပါသည်ဟု ပြောသည်။

“တစ်နေရာတည်းကို ဟိုတစ်ဖွဲ့က ထတိုက်ခိုက်၊ ဟိုတစ်ဖွဲ့ကတိုက်လိုက် ဆိုရင် အဆင်မပြေဘူး။ တိုက်ခိုက်ရေးက ဘယ်သူ၊ ဖြတ်တောက်ရေးက ဘယ်သူ၊ ရိက္ခာပို့ဖို့၊ ခဲယမ်းဖြည့်ဖို့က ဘယ်သူ၊ အဲ့လိုမျိုး စီမံချက် ကောင်းကောင်းနဲ့တိုက်မှ။ အဲ့ဒီလိုလုပ်နိုင်တဲ့ဘက်ကပဲ စစ်နိုင်တဲ့သဘောပါ”ဟု ဗိုလ်ကြီးဇင်ယော်က ပြောလိုက်သည်။

Show More

Related Articles

Back to top button