
ရခိုင်ပြည်နယ်နှင့်ဧရာဝတီတိုင်းနယ်စပ် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အခြေစိုက် အမှတ် (၃၀၈) ခြေမြန်တပ်ရင်းဌာနချုပ်ကို အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်များက ထိုးစစ်ဆင်နေပြီး တပ်ရင်း၏ အဓိကကာကင်းစခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသခံများနှင့်တော်လှန်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။
ရခိုင်ရိုးမမှ ဧရာဝတီတိုင်းသို့ အဓိကဝင်ပေါက်ဖြစ်သည့် ဂွ-ငါးသိုင်းချောင်းလမ်းကို ထိန်းချုပ်နိုင်ရန် ခမရ ၃၀၈ မှာ အရေးပါပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူများ၊ လေကြောင်းတိုက်ခိုက်မှု များသုံးပြီး အပြင်းအထန်ခုခံနေသည်ဟု ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဂွ-ငါးသိုင်းချောင်းလမ်းကို ထိန်းချုပ်နိုင်ဖို့ လိုသလို ပုသိမ်ကနေလာတဲ့ စစ်ကူအင်အားကို ဖြတ်တောက်နိုင်ဖို့လည်းလိုတယ်။ လက်ရှိမှာက သေသေချာချာရတယ်လို့ ပြောလို့ရတာက အပြင်ဘက်က ကာကင်းစခန်း ၂ ခု ကို သိမ်းပိုက်နိုင်တဲ့အခြေအနေရှိတယ်” ဟု သူက ပြောသည်။
စခန်းဝန်းကျင် ကျေးရွာများ ဗုံးကြဲခံရမည်ကို စိုးရိမ်သဖြင့် ထိုစခန်းအမည်များကို ထုတ်ဖော် မပြောလိုကြောင်း ၎င်းက ဆိုသည်။
ရခိုင်တောင်ဘက်ဆုံး ဂွမြို့နယ်ကို သိမ်းပိုက်ခဲ့ပြီးနောက် AA သည် ဘင်္ဂလားပင်လယ်အော်ကမ်းရိုး တန်းတလျှောက် ဧရာဝတီတိုင်းအတွင်း ရွေ့လျားလာရာ ပုသိမ်မြို့နယ်၊ မကျီးဇင်နှင့်ဘောမိကျေးရွာ တို့ကို ဇန်နဝါရီအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။ လေတပ်က ဗုံးကြဲသဖြင့် ပင်လယ်ကမ်းစပ်ဘေး အိမ်ခြေ ၄၀၀ နီးပါးရှိသော ဘောမိကျေးရွာ ရွာလုံးကျွတ်ပျက်စီးထားသည်။
ထို့နောက် ဖေဖော်ဝါရီလဆန်းမှ စတင်၍ AA သည် ရခိုင်ရိုးမကို ဖြတ်ကျော်ကာ မကျီးဇင်-သာပေါင်း လမ်းအတိုင်း ထိုးစစ်ဆင်လာပြီး ငါးသိုင်းချောင်းမြို့နယ်နှင့် သာပေါင်းမြို့နယ်ကြားရှိ တောတောင် ထူထပ်သည့် သစ်စမ်းပူ၊ သဲဖြူ၊ သာပေါင်းလေး၊ ခွေးကုတ်၊ အနန်းကုန်း စသောကျေးရွာများအနီး တိုက်ပွဲ ဖြစ်ပွားလာသည်။

စစ်ရေးအရ အရေးပါသော ဂွ-ငါးသိုင်းချောင်းလမ်းကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည့် AA တပ်က ကျုံပျော်ခရိုင်၊ ရေကြည်မြို့အနီးရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းကိုလည်း ထိုးစစ် ဆင်နေသည်ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
“ဂွ-ငါးသိုင်းချောင်းလမ်းရဲ့ ထိန်းချုပ်နိုင်တဲ့ ဧရိယာက ရန်သူကို ကျွန်တော်တို့ဘက်က အတင်းတိုက် ယူတာထက် ဝိုင်းပတ်ထားတဲ့ အခြေအနေမျိုးရှိတယ်” ဟု သူက ဆိုသည်။
“လက်ရှိကတော့ အာရက္ခတပ်တော်နဲ့ ပူးပေါင်း တပ်တွေက (အမြောက်တပ်) ကို ထိုးစစ်ဆင်နေတယ်။ ဒါပေမယ့် အဲဒါကို တိုက်ခိုက်သိမ်းပိုက် နိုင်ဖို့က အဓိကအခြေကျတဲ့ ခြေမြန်တပ်ရင်း (၃၀၈) ကို ထိုးဖောက်နေတာဖြစ်ပါတယ်”
တိုက်ပွဲများကို လေ့လာနေသည့် ဗိုလ်ကြီးဇင်ယော်က အဓိက ကာကင်းစခန်း ၂ ခုကို AA ရသွားသဖြင့် အနီးရှိ ခမရ (၃၀၈) ဌာနချုပ်ကိုလည်း အချိန်တိုအတွင်း ရသွားလိမ့်မည်ဟု ပြောသည်။
“(ခမရ-၃၀၈) ကို ရရင်တော့ ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ဒေသမှာ ပထမဆုံးလက်လွှတ်ရတဲ့ တပ်ရင်းဌာနချုပ်တစ်ခုဖြစ်သွားမယ်။ ပြီးရင် ဧရာဝတီတိုင်းမှာက တပ်ရင်းဌာနချုပ် ခြေလျင်၊ ခြေမြန်က ၁၃ ရင်းပဲ ရှိတယ်။ စစ်ကောင်စီတပ်သားတွေ လုံးဝကြောက်စိတ်ဝင်သွားလိမ့်မယ်” ဟု ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူ ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
ရခိုင်-ဧရာဝတီနယ်စပ်တွင် အရေးကြီးသည့် ကာကင်းစခန်းတချို့ ဆုံးရှုံးသွားသည့် စစ်ကောင်စီတပ် သည် ပုသိမ်လေတပ်မှ တက်သော လေယာဉ်များဖြင့် ဗုံးကြဲနေသလို စစ်ကူများကို မြောင်းမြအခြေစိုက် ခလရ (၉၃)၊ ဟင်္သာတ အခြေစိုက် ခလရ (၁၈)၊ ကျုံပျော်အခြေစိုက် ခလရ (၃၆) တို့မှ ခမရ (၃၀၈) သို့ ပို့ဆောင်ပေးနေသည်ဟု သိရသည်။
စစ်ကောင်စီက တိုက်ပွဲသတင်းများကို အမှောင်ချထားသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ အမ်းမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ ခုကို သိမ်းပိုက်နိုင်ပြီးနောက် AA ၏ နောက်ထပ် စစ်ရေးပစ်မှတ်မှာ ရခိုင်ရိုးမနှင့် ထိစပ် နေသည့် တိုင်းဒေသကြီး ၃ ခု ဖြစ်လာသည်။
ရခိုင်ရိုးမတောင်တန်းဒေသနှင့် ထိစပ်နေသည့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ဧရာဝတီတိုင်း ပုသိမ် မြို့နယ်၊ မကွေးတိုင်း ငဖဲမြို့နယ် တို့ရှိ စစ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ဇန်နဝါရီ ၂၇ တွင် သတင်းထုတ်ပြန်ထားသည်။
ရခိုင်ရိုးမနှင့် ဧရာဝတီတိုင်းနယ်စပ်ရှိ စစ်ကောင်စီခြေကုပ်ယူထားသောစခန်းများဖြစ်သည့် ပွိုင့် ၂၆၃ စခန်းနှင့် ပွိုင့် ၃၆၉ စခန်းတို့ကို ဇန်နဝါရီလကုန်ပိုင်းတွင် သိမ်းပိုက်ခဲ့ကြောင်း AA က ထုတ်ပြန် ထား သည်။