ဆောင်းပါးသတင်း

အာရက္ခတပ်တော်၏ မြေပြန့်စစ်ဆင်ရေး လမ်းသုံးသွယ်

မဟာမိတ်တပ်များနှင့်လက်တွဲထားသည့် AA ၏ ထိုးစစ်သည် တိုင်းဒေသကြီး ၃ ခုသို့ ရောက်လာရာ စစ်စခန်းများကိုသာမက စစ်ကူလမ်းကြောင်းများကိုပါ တိုက်ခိုက်နေကြောင်း တွေ့ရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်  အခြေစိုက်ရာ အမ်းမြို့ အပါအဝင် ရခိုင်ပြည်နယ်အတွင်း မြို့ကြီး အားလုံးနီးပါးကို သိမ်းပိုက်နိုင်ပြီးနောက်  ရခိုင်ရိုးမနှင့် ထိစပ်နေသည့် တိုင်းဒေသကြီး ၃ ခုမှာ အာရက္ခတပ်တော် (AA)နှင့် မဟာမိတ်တို့၏စစ်ရေး ပစ်မှတ်များ ဖြစ်လာသည်။ 

ရခိုင်ရိုးမတောင်တန်း တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေပြီး ထိုဒေသနှင့် ထိစပ်နေသည့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊  ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊  မကွေးတိုင်း ငဖဲမြို့နယ် တို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်ဟု  AA က ဇန်နဝါရီ ၂၇ တွင် သတင်းထုတ်ပြန်ထားသည်။ 

ထိုတိုက်ပွဲများမှာ ရခိုင်ရိုးမနှင့်မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသများကို  ဆက်သွယ်ထားသည့် အဓိကလမ်းမကြီး သုံးခုတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ထောက်ပို့ ဆက်သွယ်ရေး တပ်စခန်းများကို ဖြတ်တောက်ရန်ကြိုးပမ်းနေခြင်းဖြစ်သည်ဟု စစ်ရေး  လေ့လာသူများက သုံးသပ်သည်။ 

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေ၌ ပြုလုပ်သည့် စစ်ဆင်ရေးလေ့ကျင့်မှုအတွင်း စစ်သားများ ချီတက်နေစဉ်။ (ဓာတ်ပုံ – EPA/EFE)

မြေပြန့်စစ်ဆင်ရေး လမ်းသုံးသွယ်

ရခိုင်ပြည်နယ်ကို ဧရာဝတီတိုင်းနှင့်  ဆက်သွယ်ထားသည့်  ဂွ-ငသိုင်းချောင်းလမ်း၊  ပဲခူးတိုင်းနှင့်   ချိတ်ဆက်ထားသည့် တောင်ကုတ်-ပန်းတောင်းလမ်း၊  မကွေးတိုင်းနှင့်  ဆက်သွယ်ထားသည့် အမ်း-ပဒေါင်းလမ်းတို့ကို မဟာမိတ်တပ်များ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ 

ကျောင်းသားလက်ရုံးတပ်တော်(SAF) သည် AA ထံတွင် စစ်ပညာသင်ကြားပြီးနောက် ဖော်ဆောင်ခဲ့သည့် ပူးပေါင်း စစ်ဆင်ရေးများ၊   အမ်းမြို့နှင့်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တိုက်ခိုက် သိမ်းပိုက်သည့် စစ်ပွဲများတွင်လည်း ပါဝင်ခဲ့သည်။ 

AA နှင့် မဟာမိတ်ပူးပေါင်းတပ်များမှာ အဓိက ထိုးစစ် ဝင်ရိုး ၃ ခုမှ ထိုး စစ် ဆင်နေခြင်းဖြစ်သည်ဟု  SAF စစ်ဦးစီးချုပ် ကိုမင်းလတ်ဥက္ကာက ပြောသည်။ 

“မြေပြန့်ဒေသ ထိုးစစ်လို့ ပြောရရင်တော့ အာရက္ခဒေသ နဲ့ ထိစပ်နေတဲ့ တိုင်း ၃ တိုင်းရှိတယ်။ အဓိက ထိုးစစ်ရဲ့ ဝင်ရိုးပေါ့။ အဲဒီလို စစ်ဝင်ရိုး ၃ ခုမှာ ကျွန်တော်တို့က အဓိကအားဖြင့်က ပါဝင်ဆောင်ရွက်နေတာက ၂ ခု ရှိပါတယ်” ဟု ၎င်းက ပြောသည်။ 

SAF က ပါဝင်တိုက်ခိုက်နေသည်မှာ  အမ်း-ပဒါန်းလမ်းနှင့် တောင်ကုတ်-ပန်းတောင်း လမ်းတို့တွင် ဖြစ်သည်။

ပဒါန်းမြို့နှင့် ၁၉ မိုင် အကွာရှိ နတ်ရေကန်ဗျူဟာကုန်း လေကြောင်းရန်ကာကွယ်ရေးတပ်ကို  တိုက်ခိုက်နေပြီ ဖြစ်သည်။

ငဖဲမြို့နယ် အမ်း-ပဒါန်းကားလမ်းမပေါ်ရှိ ဂုတ်စီးရိုးကျေးရွာတွင် တပ်မ ၉၉လက်အောက်ခံ ခမရ ၄၁၉၊  ခမရ ၁၄ တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA က ဇန်နဝါရီ ၁၇ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ထိုလမ်းတစ်လျှောက်ရှိ တောင်စောက်စခန်း၊  ကံမြင့်ကန်နှင့်ဂုတ်စီးရိုးအပါအဝင်  ကာကင်းစခန်းများကို တစ်လအတွင်းမှာပင် မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမ်းပိုက်ရန်ကြိုးပမ်းနေခြင်း ဖြစ်သည်။

ထိုလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်က ကာကင်းစခန်းများချထားသော်လည်း ထိုစခန်းများမှ လက်နက်ချအညံ့ခံသူများနှင့် ထွက်ပြေးသူများ ရှိသည်၊  ထိုသူများကို မဟာမိတ်တပ်များက လိုက်လံဖမ်းဆီးနေသည်ဟု ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ဗဟိုကော်မတီဝင် ကိုမိုးနေလက ပြောသည်။

“အမ်း-ပဒန်းလမ်းနဲ့ ပုသိမ်-မုံရွာလမ်း တောက်လျှောက်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ် ပွားနေပါတယ်။ နတ်ရေကန်ဘက်ကတော့ သူတို့ဘက်က ကာကင်းတွေကနေပြီးတော့ ဆုတ်ခွာ မှုတွေ ထွက်ပြေးမှု တွေရှိတယ်” ဟု သူက ပြောသည်။

မဟာမိတ်တပ်များသည် ဇန်နဝါရီလမှ စတင်ပြီး  ဧရာဝတီတိုင်း အတွင်းသို့ ဂွ-ငသိုင်းချောင်းလမ်းပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်ကမ်းခြေအတိုင်း ထိုးစစ်ဆင်လာခဲ့ရာ ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊  ငါးသိုင်းချောင်း၊  ရေကြည်၊  သာပေါင်း မြို့နယ်များရှိ တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။

ထိုးစစ်တွင် တစ်လအတွင်း ပုသိမ်မြို့နယ် အတွင်းရှိ ဘောမိ၊  မကျီးဇင်တို့အပါအဝင် ရွှေသောင်ယံမြို့အတွင်းရှိ ကျေးရွာများကို သိမ်းပိုက်နိုင်ခဲ့ ပြီး ငါးသိုင်းချောင်းနှင့် သာပေါင်းမြို့နယ်အတွင်းရှိ တပ်စခန်းများကိုပါ ဆက်လက်သိမ်းပိုက်နိုင်ရန် ထိုးစစ် ဆင်နေပြီဖြစ်သည်။

မဟာမိတ်တပ်များက သာပေါင်းနှင့် ရေကြည်မြို့နယ်ကြားရှိ အမှတ် ၃၄၄ အမြောက်တပ်ကို ပိတ်ဆို့ တိုက်ခိုက်နေပြီး ငါးသိုင်းချောင်းမြို့နယ်ဘက်မှ လာသည့် စစ်ကောင်စီ၏ စစ်ကူများတပ်များကိုလည်း ကြားဖြတ်တိုက်ခိုက်နေသည်ဟု အမည်မဖော်လိုသည့် ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ခံ တစ်ဦးက ပြောသည်။

“၃၄၄ ဘက်မှာ​တော့ အ​မြောက်တပ်မကျ​ရေးကို အပြင်းထန် ခုခံ​နေတာရှိပါတယ်။ ပတ်လည်က ကာကင်း​တွေကို သိမ်း​နေတယ်။ တပ်ရင်းမကျ​ရေး​တော့ ရန်သူက ​လေယာဥ်​တွေ၊  ​လေထီး၊  ဒရုန်း​တွေ၊  ရဟတ်ယာဥ်​တွေပါ သုံးပြီး ခုခံ​နေ​တဲ့အ​ခြေအ​နေပါ” ဟု ၎င်းက ပြောသည်။

ပဲခူးတိုင်းအတွင်းသို့လဲ ပြည်-တောင်ကုတ်လမ်းမမှ တဆင့် ထိုးစစ်ဆင်လာခဲ့ရာ ဖေဖော်ဝါရီ ၂၂ တွင် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ နတ်စင်ကုန်းစခန်းနှင့် တာဝါတိုင်စခန်းတို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဥသျှစ်ပင်မြို့နှင့် ၁၅ မိုင်ကျော်အကွာရှိ ညောင်ကျိုးရွာအထိ ထိုးစစ်ရောက်နေပြီ ဖြစ်သည်။

အဆိုပါတိုင်း ၃ တိုင်းမှာ လက်နက်စက်ရုံများတည်ရှိသည့် ဒေသများလည်း ဖြစ်ကြရာ ၂၀၂၁ တွင် အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများကို ပစ်ခတ်ရာမှ နိုင်ငံအနှံ့လက်နက်ကိုင်တော်လှန်မှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်အတွက် အရေးပါလှသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေ၌ ပြုလုပ်သည့် စစ်ဆင်ရေးလေ့ကျင့်မှုအတွင်း စစ်သားများ ချီတက်နေစဉ်။ (ဓာတ်ပုံ – EPA/EFE)


အာရက္ခတပ်တော်၏ မျှော်မှန်းချက်

ရခိုင်ပြည်နယ်၏ လူများစုဖြစ်သည့် ရခိုင်လူမျိုးများကို ကိုယ်စားပြုသည့် ရက္ခိုင့်တပ်တော် AA ၏ အမည်ကို ၂၀၂၄ ဧပြီတွင် အာရက္ခတပ်တော် AA ဟု အမည်ပြောင်းလဲခဲ့သည်။

 ရခိုင်လူမျိုးများ အတွက်သာမက အာရက္ခဒေသတွင် နေထိုင်သူများ၏ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်စေရန် အမည်ပြောင်းခြင်းဟုဆိုသည်။

အချုပ်အခြာအာဏာပိုင်ခဲ့သည့်  ရခိုင်ဘုရင့်နိုင်ငံတော် (ဘီစီ- ၃၃၂၅ မှ အေဒီ- ၁၇၈၄)  သည် ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်တို့ကို ဖြတ်သန်း ခဲ့သည်။ ထို့နောက်  ၁၇၈၄ မြောက်ဦးခေတ်တွင် ကုန်းဘောင်မင်းဆက် ဘိုးတော်ဘုရားက ရခိုင်ဘုရင့်နိုင်ငံတော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

AA ၏ မူလရည်မှန်းချက် ၂ ချက်ဖြစ်သည့် ရခိုင်ပြည်နယ် တစ်ခုလုံးတွင် စစ်ကောင်စီ တပ်ဖွဲ့ များ ကင်စင်ရေး၊  မြန်မာ့မြေပေါ်မှာ စစ်အာဏာရှင်စနစ် အပြီးတိုင် အဆုံး သတ်ရေးကို အကောင်အထည်ဖော်နေပြီး ရခိုင်ပြည်နယ်တစ်ခုထဲတွင်သာမကဘဲ စစ်အာဏာရှင် စနစ်ကျဆုံးရေးအတွက် တစ်နိုင်ငံလုံးတွင် စစ်မျက်နှာဖွင့်ထားသည်ဟု ရခိုင်ဝါရင့် နိုင်ငံရေးသမား  ဦးဖေသန်းက ပြောသည်။

“ဧရာဝတီ၊  ပဲခူး၊  မကွေးတိုင်းတို့မှာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေး​တွေလုပ်နေတယ်လို့ မြင်တယ်။ တကယ်လို့ ဧရာဝတီမြစ် အနောက်ခြမ်းကိုသာ မဟာမိတ်တပ်တွေနဲ့ အာရက္ခတပ်တော် ထိန်းထားနိုင်မယ်ဆိုရင်တော့ စစ်အာဏာရှင်စနစ်ကျဆုံးရေးဆိုတဲ့ မူလရည်မှန်းချက် တော်တော့်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်လာလိမ့်မယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းဒေသမှာ စစ်ရေးအရ အလွန်အရေးပါသည့် ဒေသဖြစ်ပြီး မဟာမိတ်တပ်များနှင့်အာရက္ခတပ်တော်တို့ကြား အပြန်အလှန်အကူအညီရယူပြီး တိုက်ခိုက် သိမ်းပိုက်နိုင်ပါက စစ်အာဏာရှင်တို့ ရုံးစိုက်သည့်နေရာကိုပါ စစ်ရေးအရ ခြိမ်းခြောက်လာ နိုင်သည်ဟုဦးဖေသန်းက ပြောသည်။

“ဧရာဝတီမြစ် အရှေ့ခြမ်းဘက်ကိုလည်း ဒီဘက် အနောက်ခြမ်းကို သိမ်းမိတာနဲ့ ဘယ်လိုပဲ ဖြတ် ကျော်ကျော် ရနိုင်တဲ့အတွက် နေပြည်တော်ကိုတောင်မှ ခြိမ်းခြောက်နိုင်တဲ့ အနေအထားမျိုး ဖြစ် တယ်။ အဲဒီနေရာက တော်တော့်ကို အရေးကြီးတဲ့နေရာဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

အဖက်ဖက်က အင်အားချိနဲ့နေသည့် စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်များနှင့်လည်း ရင်ဆိုင်နေရသည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် ပဲခူးရိုးမကို အခြေခံပြီး တောင်ပိုင်းစစ်ဒေသ၊  စစ်ဒေသခွဲ ၂ လက်အောက်ခံ သာယာဝတီခရိုင် PDF နှင့် ပြည်ခရိုင် PDF တို့က အဓိက ဦးဆောင် တိုက်ခိုက် နေခြင်းဖြစ်သည်။

တောင်ပိုင်း စစ်ဒေသ၊  အမှတ် ၂ စစ်ဒေသခွဲတွင် ပဲခူးတိုင်း၊  ရန်ကုန်တိုင်း၊  ဧရာဝတီတိုင်း၊  နေပြည် တော်တို့ ပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ကြိုးပမ်း နေသည်ဟု စစ်ဒေသခွဲ ၂ စစ်ဒေသမှူး ဦးတင်ဦးက ပြောသည်။

“အနောက်ဘက်ခြမ်းက မဟာမိတ် ရခိုင့်တပ်တော်နဲ့လည်း ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ အရှေ့ ဘက်မှာဆိုလဲ မဟာမိတ်ဖြစ်တဲ့ KNLA တပ်များနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်ရှိ မေခနှင့်မလိခမြစ်ဆုံရာမှ စီးဆင်းလာသည့် ဧရာဝတီ မြစ်သည် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့်ဧရာဝတီတိုင်းတို့ကို ဖြတ်သန်း စီးဆင်းပြီး ဘင်္ဂလား ပင်လယ်အော်အတွင်းသို့ စီးဝင်သည်။

AA နှင့် မဟာမိတ်တပ်များက ရခိုင်ရိုးမနှင့် ဆက်စပ်နေသည့် ဧရာဝတီမြစ်အနောက်ဘက်ကမ်း ပုသိမ်-မုံရွာ ကားလမ်းတစ်လျှောက်ရှိ တိုင်းဒေသကြီး ၃ ခုကို ထိုးဖောက် ဝင်ရောက်လာခြင်းဖြစ်သည်။

ဧရာဝတီမြစ်အနောက်ဘက်ခြမ်းတွင် ခံစစ်ပြင်နေသည့် စစ်ကောင်စီတပ်ကို ပြန့်ကျဲနေသည့် တော်လှန်ရေး တပ်ဖွဲ့များက စုစည်းတိုက်ခိုက်နိုင်မှသာ စစ်ရေးအောင်မြင်မှု ရရှိမည်ဖြစ်သည်ဟု AA နှင့် နီးစပ်သည့် ဦးဖေသန်းက သုံးသပ်သည်။

“မဟာမိတ်တပ်တွေကလည်း အဲဒီနေရာမှာ အာရက္ခတပ်တော်အကူအညီနဲ့ နောက်ကျောလုံတယ်။ အာရက္ခတပ်တော်အနေနဲ့လဲ သူတို့ရှိနေတဲ့အတွက် ပိုပြီးတော့ လုံခြုံတယ်။ အဲဒီလိုနှစ်ဖက်အကျိုး ကျေးဇူးနဲ့ စစ်အာဏာရှင် စနစ်ကျဆုံးရေးအတွက်စုဖွဲ့ခြင်းက တစ်နိုင်ငံလုံးအတွက်လည်း အား တစ်ခုဖြစ်ပါတယ်” ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောလိုက်သည်။

မကွေးတိုင်း-ရခိုင်နယ်စပ်တစ်နေရာတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – AA)

Show More

Related Articles

Back to top button