သတင်း

လေတပ်ဗုံးကြဲမှုကြောင့် ပုသိမ်မြို့နယ်တွင် ရွာလုံးကျွတ် ပျက်စီး

ရခိုင်ဘက်မှ ရွေ့လျားလာသော တိုက်ပွဲများ ဧရာဝတီတိုင်း၊ ပုသိမ်သို့ ကူးလာစဉ် စစ်ကောင်စီက အိမ်ခြေ ၄၀၀ နီးပါးရှိသော ကျေးရွာကို တစ်ရက်အတွင်း ဗုံးကြဲ ဖျက်ဆီးခဲ့သည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများဖြစ်နေစဉ်  လေတပ်က  ဗုံးကြဲ သဖြင့် အိမ်ခြေ ၄၀၀ နီးပါးရှိသော ဘောမိကျေးရွာ ရွာလုံးကျွတ် ပျက်စီးသွားပြီး တိုက်ပွဲဧရိယာ ပိုကျယ်ပြန့်လာကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့ များထံက သိရသည်။ 

ဇန်နဝါရီ ၁၆ ရက်နေ့က ဘောမိကျေးရွာတွင်  တိုက်ပွဲပြင်းထန်ခဲ့ပြီး  ဇန်နဝါရီ ၁၇ ရက်တွင် စစ်ကောင်စီက ကြည်း၊ ရေ၊ လေတပ် များ အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ AA က ဇန်နဝါရီ ၁၈ ရက်နေ့တွင် ထိုရွာနှင့်အနီးတဝိုက်ကို ထိန်းချုပ်နိုင်ခဲ့သည်။ 

ဘောမိကျေးရွာတွင် နေအိမ်များ ပျက်စီး၊ အရပ်သားတချို့ ဒဏ်ရာရရှိခဲ့ကြောင်း ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကလည်း ထုတ်ပြန်ထားသည်။

ဘောမိကျေးရွာ မီးလောင်ကျွမ်းနေသည့် ရုပ်သံများ အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး ကမ်းခြေအနီး နေအိမ်များမှာ မီးကျွမ်းနေပြီး၊ အိမ်တိုင်ငုတ်သာ ကျန်တော့သည်ကို တွေ့ရသည်။ 

ရွှေသောင်ယံ ကျေးရွာအနီးတွင်နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက  ဘောမိရွာရုပ်သံမြင်ကွင်းများ  ဖြစ်ကြောင်း အတည်ပြုသည်။

“ဘောမိက ရွာပျက်သွားပြီ” ဟု ၎င်းက ဆိုသည်။

စစ်တပ်ကို ထောက်ခံသည့် အွန်လိုင်းစာမျက်နှာများကမူ  ဘောမိကျေးရွာသည် AA တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးပြီး ငုတ်တိုင်များသာ ကျန်ရှိတော့ကြောင်း ရေးသားဖော်ပြနေကြသည်။ 

ဘောမိကျေးရွာသည် ရွှေသောင်ယံကမ်းခြေနှင့် ၁၆ မိုင်ကျော်ခန့်အကွာ ရွှေသောင်ယံမြို့ နှင့် ချောင်းတစ်ခုသာ ခြားသည်။ နာမည်ကျော် ကမ်းခြေများဖြစ်သော ချောင်းသာနှင့် ၂၇ မိုင်ကျော်၊ ငွေဆောင်နှင့် ၃၈ မိုင်ကျော် ခန့်သာ ကွာဝေးသည်။

ထိုနေရာများသည် ကမ်းခြေတစ်ဆက်တည်းဖြစ်ပြီး ကားနှင့် သွားပါက ၅ နာရီခန့် ကြာမြင့်ပြီး  ရေလမ်းကို အသုံးပြုပါက ပိုမိုခရီးတိုသည်။

မီးလောင်ပျက်စီးသွားသော ဘောမိကျေးရွာအား တွေ့ရစဉ်။ (ဓာတ်ပုံ- Ei May facebook )

AA ထိန်းချုပ်ထားသော ရခိုင်တောင်ဘက်ဆုံး ဂွမြို့နယ်၏ တောင်ဘက် ဧရာဝတီတိုင်း ပုသိမ်မြို့နယ် အတွင်း ယခုလ ပထမပတ်မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

ဇန်နဝါရီ ၈ ရက်နေ့တွင် ရွှေသောင်ယံမြို့နှင့် မိုင် ၂၀ ကျော်ခန့်အကွာ မကျီးဇင်ကျေးရွာတွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ၃ ရက်အကြာ ဇန်နဝါရီ ၁၀ ရက်နေ့ တွင် ထိုနေရာကို AA က ထိန်းချုပ်နိုင်ခဲ့ သည်။ ထို့နောက် တိုက်ပွဲသည်  မကျီးဇင်ရွာ တောင်ဘက် ၃ မိုင်ခန့်အကွာမှ ဘောမိကျေးရွာကိုပါ ကူးစက် လာခဲ့သည်။

တိုက်ပွဲကြောင့် ခရီးသွားနည်းသွားသည့် ကမ်းခြေများ

ထိုသို့ ဘောမိရွာ မီးလောင်ပျက်စီးပြီးနောက် ပုသိမ်မြို့နယ်အတွင်းရှိသော ရွှေသောင်ယံ အပါအဝင် နာမည်ကျော်ကမ်းခြေများ ဖြစ်သည့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေတို့တွင်လည်း ခရီးသွား အနည်း ငယ်သာရှိတော့ပြီး ဟိုတယ်တချို့လည်း လုပ်ငန်းပိတ်သိမ်းလာကြသည်။

တိုက်ပွဲများဖြစ်နေသည် ပုသိမ်မြို့နယ်ကို ပုသိမ်မြို့၊ ငွေဆောင်မြို့၊ ရွှေသောင်ယံမြို့၊ ချောင်းသာမြို့ များနှင့် ဖွဲ့စည်းထားပြီး ဒေသခံအများစုမှ ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ကိုင်ကြသလို ကမ်းခြေကို အမှီသဟဲပြု၍လည်း လုပ်ကိုင် စားသောက်ကြသည်။

စစ်တပ်သည် ရွှေသောင်ယံမြို့တွင် တပ်အထိုင်ချထား၍ ခံစစ်ပြင်ဆင်ထားသလို ဒေသခံများကိုလည်း မပြောင်းရွှေ့ရန် ဖိအားပေးနေသော်လည်း အများစုက တိမ်းရှောင်နေကြကြောင်း၊ တိမ်းရှောင်သွားလာရန် ငွေကြေးမတတ်နိုင်သူများ၊ အိမ်စောင့်သူများသာကျန်ရှိတော့ကြောင်း ပုသိမ်မြို့နယ် ပကဖနှင့် ရွှေသောင်ယံ ဒေသခံ အမျိုးသားက ပြောသည်။

“မနေ့က(ဇန်နဝါရီ ၂၁)ထိ လက်နက်ကြီး ထုသံတွေ ကြားနေရတုန်းပဲ”ဟု ရွှေသောင်ယံ အနီးတွင် နေထိုင် သည့် အထက်ပါအမျိုးသားက ဆိုသည်။

တိုက်ပွဲများ နီးကပ်လာပြီး ရံဖန်ရံခါ လက်နက်ကြီး ပစ်ခတ်သံများ ချောင်းသာကမ်းခြေဘက်မှ ကြားရ တတ်သည့်အတွက် ယခုရက်ပိုင်း ဟိုတယ်တချို့ပိတ်သိမ်းထားပြီး ကမ်းခြေတွင် လူသွားလူလာမရှိဘဲ ခြောက်ကပ်နေကြောင်း ဒေသခံများနှင့်  ဟိုတယ်ဝန်ထမ်းတချို့ထံက စုံစမ်းသိရှိရသည်။

ချောင်းသာကမ်းခြေတွင် ဟိုတယ် ၃ လုံးထက်မနည်း ပိတ်ထားသော်လည်း အများစုမှာ ဖွင့်လှစ်နေဆဲ ဖြစ်ပြီး တည်းခိုနေဆဲ ခရီးသည်တချို့ကျန်ရှိနေသေးကြောင်း ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း  လုပ်ကိုင်သည့် ဒေသခံအမျိုးသား နောက်တစ်ဦးက ဆိုသည်။

“ရွှေသောင်ယံတောင် မရောက်သေးတာ၊ ကျွန်တော်တို့ဆီကို ရောက်ဖို့ဆိုတာ လိုပါသေးတယ်၊ တော်တော် လေး” ဟု ယင်းအမျိုးသားက ပြောသည်။

သို့သော် ယခင်နှစ်ထက် ဧည့်ဝင်နည်းသွားပြီး ယမန်နှစ်က တစ်နေ့လျှင် ခရီးသွားကား အစီး ၃၀ ထက်မနည်း ဝင်ရောက်လေ့ရှိကြောင်း ၎င်းက ဆိုသည်။

“ဧည့်သည်အလာက နည်းသွားတယ်၊ တအားနည်းသွားတယ်၊၊ တစ်ဝက်လောက်တောင်မလာဘူး၊ တစ်နေ့ ကို အလွန်ဆုံးဝင်ရင် ဧည့်သည်ကားက တစ်နေ့ဝင်ရင် လေးငါးခြောက်စီးပဲ” ဟု ၎င်းက ဆက်ပြောသည်။

ဟိုတယ် ၂ ခု ထက်မနည်း ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်ရာ ဟိုတယ် ၁ လုံးစီတွင် တည်းခိုနေသည့် ၄ ခန်း လောက်သာရှိပြီး တချို့မှာ ယာယီပိတ်ထားကာ ခရီးသည်လာမှသာ ဟိုတယ်ကိုလာဖွင့်ကြကြောင်း ဖုန်းလက်ခံဖြေဆိုသည့် ချောင်းသာကမ်းခြေမှ ဟိုတယ်ဝန်ထမ်းတစ်ဦးက ဆိုသည်။

ရန်ကုန်-ပုသိမ်-ချောင်းသာကို ပြေးဆွဲသည့် ယဉ်လိုင်းတချို့မှာ ပုံမှန်ပြေးဆွဲနေသော်လည်း ချောင်းသာ ခရီးစဉ် ခေတ္တရပ်နားထားကြောင်း စုံစမ်းသိရှိရသည်။

ကပ်လျက်ရှိသော ငွေဆောင်ကမ်းခြေတွင်မူ ဒေသခံများမှာ ပုံမှန်သွားလာနေဆဲဖြစ်သော်လည်း ခရီးသွား ဝင်ရောက်မှု နည်းသွားကြောင်း ဒေသခံအမျိုးသား အခြားတစ်ဦးက ဆိုသည်။ 

ကမ်းခြေတွင် ခရီးသွားများမှာ မတွေ့ရသလောက် ရှားပါးပြီး ခြောက်ကပ်ကပ်ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။AA က ရခိုင်နှင့် နယ်မြေထိစပ်နေသော ဧရာဝတီ၊ ပဲခူး၊ မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ များ ဖြစ်ပွားနေကြောင်း အာရက္ခတပ်တော် (AA) က  ဇန်နဝါရီ ၂၀ ရက်နေ့ညပိုင်းတွင်  သတင်း ထုတ်ပြန် ထားသည်။

 ၂၀၀၈ ခုနှစ်က ငွေဆောင်ကမ်းခြေတွင် တွေ့ရသော ဒေသခံ အမျိုးသမီး ၂ ဦး။ (ဓာတ်ပုံ-EPA)

Show More

Related Articles

Back to top button