ဆောင်းပါးရွေးကောက်ပွဲ

ရွေးကောက်ပွဲကော်မရှင် ခေါင်းကိုက်ရတဲ့ ကြိုတင်မဲ

ရန်ကုန် – ရန်ကုန်၊ လှိုင်မြို့နယ်၊ အမှတ် ၁၆ ရပ်ကွက် မဲရုံမှာ မဲပေးခွင့်ရသူ အရေအတွက် တစ်သောင်းကျော် ရှိပါတယ်။

ရွေးကောက်ပွဲနေ့ မဲရုံမှာ လူအဆမတန်များခဲ့ရင် မဲပေးခွင့်မရလိုက်မှာကို စိုးရိမ်ပြီး ကြိုတင်မဲပေးချင်သူ အများအပြားရှိခဲ့ပါတယ်။

မဲပေးဖို့ ရောက်လာသူတိုင်းကို ကြိုတင်မဲပေးလိုတဲ့ အကြောင်းရင်း ခိုင်မာမှု ရှိမရှိ သေချာ စစ်ဆေးခဲ့ရတယ်လို့ အဲဒီရပ်ကွက်ရဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်သန်းက ပြောပါတယ်။

“မဲပေးမယ့်နေ့မှာ လူကျပ်မှာစိုးလို့၊ မူးလဲမှာစိုးလို့ဆိုပြီး ကြိုတင်မဲပေးချင်တယ်ဆိုရင် ကျွန်တော်တို့က ဘယ်လိုလုပ် (ခွင့်)ပေးရမလဲဗျ” လို့ လေတပ်အရာရှိဟောင်း ဦးမြင့်သန်းက ရှင်းပြပါတယ်။

နိုင်ငံအနှံ့ ဒီလိုမဲရုံပေါင်း လေးသောင်းကျော်မှာ ကြိုတင်မဲနဲ့ ပတ်သက်ပြီး မတူညီတဲ့ပြဿနာတွေ ပေါ်လာနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က မျှော်လင့်ထားပြီး ကော်မရှင်ရဲ့ များပြားလှတဲ့ အလုပ်တွေထဲမှာ ကြိုတင်မဲကိစ္စက ခေါင်းခဲစရာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါတယ်။

ရွေးကောက်ပွဲနဲ့ နှစ်ပေါင်းများစွာ ကင်းကွာခဲ့ရတဲ့အတွက် ကြိုတင်မဲ အပါအဝင် မဲပေးခြင်းဆိုင်ရာ ပြဿနာများ တက်ရခြင်းဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြောပါတယ်။

“ကျွန်တော်တို့နိုင်ငံဟာ ရွေးကောက်ပွဲ အတွေ့အကြုံမှ မရှိတာဗျ။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ (ကော်မရှင်အဖွဲ့ခွဲ အရာရှိ) တွေရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးလေ” လို့ ဦးစိုင်းကျော်သူက ပြောပါတယ်။

ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး အပြင်းအထန် ထောက်ပြနေကြချိန်မှာ တချို့ကတော့ ကြိုတင်မဲစနစ်ကို နားမလည်ဘဲနဲ့ ပြောဆိုဝေဖန်နေကြတာ ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

“ခင်ဗျားတို့ ကော်မရှင်ကရော ဘယ်လောက်နားလည်သလဲလို့ မေးရင် ကျွန်တော်တို့တောင်မှ မဲဆန္ဒနယ်အတွင်းရယ်၊ မဲဆန္ဒနယ်ပြင်ပရယ်နဲ့ တော်တော်ရှုပ်တယ်။ နီပေါနိုင်ငံမှာဆိုရင် ကြိုတင်မဲ လုံးဝမရှိဘူး။ နိုင်ငံပြင်ပကမဲ လုံးဝ မရှိဘူး။ အဲဒါတွေကြောင့် ကျွန်တော်တို့က အလုပ်တွေရှုပ်ပြီး အပြောခံနေရတာ”

ကြိုတင်မဲ နဲ့ မသမာမှု

ကြိုတင်မဲ ပေးခွင့်ရှိသူတွေထဲမှာ ရွေးကောက်ပွဲကျင်းပမယ့်ရက်မှာ တာဝန်ထမ်းဆောင်ကြရမယ့် ဝန်ထမ်းတွေ၊ ခရီးထွက်စရာရှိသူတွေ၊ အချုပ်ကျနေသူတွေ ပါဝင်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲ၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့မှာ မဲရုံဝန်ထမ်းအဖြစ် တာဝန်ထမ်းဖူးတဲ့ သာကေတမြို့နယ်က အလယ်တန်းပြဆရာမ ဒေါ်နုယဉ်ကတော့ စာနယ်ဇင်းတွေမှာ ရွေးကောက်ပွဲနေ့ မဲပေးခွင့် ဆုံးရှုံးနိုင်ခြေတချို့ကို သတိထားမိလာကြပြီး မဲကြိုတင်ပေးဖို့ စိတ်ဝင်စားလာကြသူ များလာတယ်လို့ ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ်နိုင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သပိတ်မှောက်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာတော့ အငြင်းပွားဖွယ်ကြိုတင်မဲ ပြဿနာတွေ တက်ခဲ့ပါတယ်။ ယခင်စစ်အစိုးရက သူတို့တည်ထောင်လိုက်တဲ့ ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်းတချို့ သေချာပေါက် အနိုင်ရရေးအတွက် စီစဉ်ထားတဲ့ ကြိုတင်မဲတွေ အများအပြား ထည့်သွင်း အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

ဒီနှစ်ရွေးကောက်ပွဲမှာလည်း ကြိုတင်မဲနဲ့ပတ်သက်ပြီး သံသယရှိသူကတော့ သင်္ဃန်းကျွန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဒေါ်တင်တင်အုန်း ဖြစ်ပါတယ်။

“ကျွန်မက မဲရုံကိုယ်စားလှယ်တာဝန်ကျတဲ့အတွက် ကြိုတင်မဲပေးလည်းရတယ်၊ မပေးလည်းရတယ်။ ဒါပေမယ့် ကြိုတင်မဲဆိုတာကို မယုံလို့ ကြိုတင်မဲကို မပေးဘူး။ ရွေးကောက်ပွဲနေ့ကျမှ ကိုယ်တိုင်သွားပေးမှာ” လို့ ဒေါ်တင်တင်အုန်းက ပြောပါတယ်။

ကြိုတင်မဲတွေကို ရွေးကောက်ပွဲမတိုင်ခင် ညနေပိုင်းမှာ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ထံသို့ ပေးပို့သွားရမယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ရွေးကောက်ပွဲနေ့မှာတော့ ကြိုတင်မဲတွေကို သက်ဆိုင်ရာမဲရုံမှာရှိတဲ့ မဲတွေနဲ့ ပေါင်းလိုက်မှာဖြစ်ပါတယ်။ မရိုးသားတဲ့ကြိုတင်မဲတွေ သတ်မှတ်မဲပုံးထဲ ရောက်သွားခဲ့မယ်ဆိုရင်တော့ တခြားမဲတွေနဲ့ ရောထွေးသွားပြီး အတည်ဖြစ်သွားနိုင်ခြေရှိတယ်လို့ ကော်မရှင် ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ဆိုပါတယ်။

“မဲမသမာမှုလုပ်တဲ့သူ ဘယ်သူမဆို ကျွန်တော်တို့က အရေးယူမှာကို ပြောထားပြီးသား။ တရားသဖြင့် ရောက်လာတဲ့မဲနဲ့ မတရားသဖြင့် ရောက်လာတဲ့မဲ ရောသွားရင်တော့ ဒီမဲပုံးတစ်ပုံးလုံးကို ပယ်ဖျက်လိုက်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး” လို့ ဦးစိုင်းကျော်သူက ရှင်းပြပါတယ်။

မဲပေးခွင့်ရသူ သိပ်မများတဲ့ မဲဆန္ဒနယ်တွေမှာတော့ ကြိုတင်မဲနဲ့ပတ်သက်တဲ့ မသမာမှုဟာ ရာဂဏန်း၊ ဆယ်ဂဏန်း အရေအတွက်က အကဲဆတ်၊ အရေးကြီးတဲ့ အရေအတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကြိုတင်မဲ မသမာမှုတွေနဲ့ ပတ်သက်ပြီး အထောက်အထားတချို့ကိုလည်း ရရှိထားပြီးဖြစ်တယ်လို့ သူ့ရဲ့နေအိမ်မှာ ပြုလုပ်တဲ့ နိုဝင်ဘာ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်ကြီးမှာတော့ လွှတ်တော် ၃ ရပ်အတွက်ပဲ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်ခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ရွေးချယ်မှုအတွက် မစီစဉ်ပေးနိုင်ခဲ့ဘူးလို့ အဲဒီရပ်ကွက်ရဲ့ ကော်မရှင် အတွင်းရေးမှူး ဦးစည်သူဖြိုးက ပြောပါတယ်။

ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် လွတ်လပ်၊ မျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမယ်လို့ ပြည်တွင်းပြည်ပက မျှော်လင့်နေကြပြီး အတိုက်အခံပါတီပေါင်းစုံ ပါဝင် ယှဉ်ပြိုင်ကြတဲ့ ဒီနှစ်ရွေးကောက်ပွဲမှာ ဆန္ဒပြုတဲ့ပုံစံက မဲလက်ပေါ် တံဆိပ်တုံးထုရခြင်းပါပဲ။

ကြိုတင်မဲစတင်ပေးကြရာမှာ တံဆိပ်တုံးထုတဲ့ နည်းလမ်းကို သုံးတာ ရှိသလို ဘောပင်နဲ့ခြစ်တဲ့နည်း သုံးတာလည်း ရှိပါတယ်။ ဒီနည်းလမ်းနှစ်ခုစလုံးကို ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်က ညွှန်ကြားထားတာဖြစ်တယ်လို့ ဆိုပါတယ်။

မဲကို ကိုယ်စား ထည့်ပေးလို့ ရသလား

ကြိုတင်မဲကို ကာယကံရှင်တွေကိုယ်တိုင် ထည့်ရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ သို့သော်လည်း အငြင်းပွားဖွယ်မဲဆန္ဒနယ်မြေ တစ်ခုဖြစ်တဲ့ ကိုကိုးကျွန်းမှာတော့ ရွေးကောက်ပွဲမတိုင်ခင် ၃ ရက်အလိုမှာ ရေတပ် ဒုတိယဗိုလ်မှူးကြီး စိုင်းသက်နိုင်က တပ်မတော်သားမိသားစုများ မဲပေးဖို့အတွက်ဆိုပြီး မဲရုံကနေ ကြိုတင်မဲလက်မှတ် ၁၈ဝ ထုတ်ယူသွားတယ် ဆိုတဲ့အကြောင်း NLD အမတ်လောင်းတစ်ယောက်ကို ကိုးကားပြီး သတင်းစာတချို့မှာ ရေးထားပါတယ်။

ရေတပ်ဦးစီးချုပ်ဟောင်း ဝင်ပြိုင်တဲ့ ကိုကိုးကျွန်းမှာ မဲပေးနိုင်သူ ၁,၆ဝဝ ဝန်းကျင်သာ ရှိတဲ့အတွက် မဲလက်မှတ် ဆယ်ဂဏန်း၊ ရာဂဏန်း အရေအတွက်ဟာ အင်မတန် အကဲဆတ်လှပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ကော်မရှင် ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူကို ဆက်သွယ်မေးမြန်းရာမှာတော့ ကြိုတင်မဲကို သက်ဆိုင်ရာ တပ်မှူးက သွားရောက် ထုတ်ယူပိုင်ခွင့်ရှိတယ်၊ သို့သော်လည်း မဲဆန္ဒရှင်စာရင်းထဲ ပါဝင်တဲ့ အရေအတွက်အတိုင်းပဲ ထုတ်ယူခွင့်ရှိတယ်လို့ ရှင်းပြပါတယ်။

“အဲဒီစစ်သည်တွေ ကိုယ်စား သူမဲပေးလို့ မရပါဘူး။ ကိုယ်စား ဘယ်သူမှ မဲပေးလို့ မရပါဘူး။ တပ်မတော်သားတွေ ရှေ့တန်းရောက်နေရင်လည်း ရှေ့တန်းအထိ ပို့ပေးရမှာပါ” လို့ ဦးစိုင်းကျော်သူက ပြောပါတယ်။

ရေတပ်အရာရှိ ထုတ်ယူသွားတဲ့ မဲလက်မှတ်တွေနဲ့ ပတ်သက်ပြီး ကိုကိုးကျွန်းက NLD အမတ်လောင်းတစ်ယောက်ကတော့ သက်ဆိုင်ရာကို ကန့်ကွက်ထားကြောင်း သိရပါတယ်။

ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူကတော့ မဲမသမာမှုအကြောင်း တိုင်ကြားမယ်၊ ကန့်ကွက်မယ် ဆိုရင်တော့ ခိုင်လုံတဲ့ အကြောင်းအရာတွေလည်း လိုအပ်ကြောင်း သူက ရှင်းပြတယ်။

“ခိုင်လုံတဲ့မဲနဲ့ညီရင် ခိုင်လုံမဲ၊ ပယ်မဲနဲ့ညီရင် ပယ်မဲလို့ပဲ သတ်မှတ်သွားရတော့မှာ။ နောက်ပိုင်းမှာသာ ဒီကြိုတင်မဲကို ဘယ်သူက မတရားလုပ်သလဲ၊ ရပ်ကျေး (ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ) က လုပ်သလား၊ ဌာနဆိုင်ရာက လုပ်သလားဆိုတာက ဒုတိယတစ်ပိုင် းဖြစ်သွားပါလိမ့်မယ်” လို့ ဆိုပါတယ်။

ကြိုတင်မဲကိစ္စဟာ ရှုပ်ထွေးနေတဲ့အကြောင်း၊ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင်က ဒီကြိုတင်မဲစနစ်ကို ဖျက်သိမ်းလိုက်တာ ကောင်းမယ်လို့ မှတ်ချက်ချခဲ့ဖူးကြောင်း ပြောပြပါတယ်။

Show More

Related Articles

Back to top button