အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စီးပွားရေးသတင်း

ရွှေတူးဖော်မှုများကြောင့် ဧရာဝတီမြစ်ပျက်စီးပြီး ရေအရည်အသွေးကျဆင်းလာ 

ဒေသအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေချိန် အရှိန်အဟုန်မပျက် အလွန်အကျွံ လုပ်ကိုင်နေကြသော ရွှေတူးဖော်ရေး လုပ်ငန်းကြောင့် မြစ်ငါး ရှားပါးလာမှု အပါအဝင် နောက်ဆက်တွဲအခြေအနေဆိုးများ ထွက်ပေါ်လာနေသည်။

စစ်အာဏာသိမ်းပြီးနောက် ဧရာဝတီမြစ်ကြောင်းတလျှောက် ရွှေ အကန့်အသတ်မဲ့ တူးဖော်နေမှုကြောင့် မြစ်ကြောင်းပျက်စီးလာ၊ မြစ်ရေတွင် ခဲ၊ ပြဒါး၊ ကက်ဒမီယံနှင့် မဂ္ဂနီစီယမ် ဓာတ်သတ္တု ပါဝင်မှုနှုန်း အလွန်အကျွံမြင့်မားကာ ရေအရည်အသွေးဆိုးရွားစွာကျဆင်းလာသည်ဟု သုတေသန ပြုလုပ်ခဲ့သည့် Myanmar Resource Watch အဖွဲ့က ဖေဖော်ဝါရီ ၂၂ တွင် သတင်းထုတ်ပြန်သည်။

ရေနမူနာ ၃၆ ခုကို ဓာတ်ခွဲစစ်ဆေးရာတွင် သောက်သုံးရေတွင် ပါဝင်ရမည့် ဓာတ်သတ္တုစံသတ်မှတ်ချက်ထက် မြင့်မားနေကြောင်း ထိုအဖွဲ့ကဆိုသည်။

ဧရာဝတီမြစ်ဖျား၊ ထိုမြစ်အတွင်းစီးဝင်သော လက်ဝဲလက်ယာဘက်မှ မြစ်ချောင်းထဲတွင် မာကျူလီဓာတ် အများဆုံးတွေ့ရှိရကြောင်း၊  ကက်ဒမီယမ်၊ ခဲနှင့် မဂ္ဂနီးစ်ဓာတ်သတ္တုအများဆုံးတွေ့ရသည့် နေရာ ၈ ခုရှိကြောင်း သဘာဝသယံဇာတူးဖော်ထုတ်လုပ်မှုများကို စောင့်ကြည့်သည့် ထိုအဖွဲ့၏ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ရေအရည်အသွေး ဆန်းစစ်လေ့လာခြင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။  

စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ၊ တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေများတွင် ရေနမူနာများကို ကွင်းဆင်းရယူ၍ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ပြဒါးဓာတ်ပါဝင်မှုနှုန်း စိုးရိမ်စရာဖြစ်ကြောင်း ထိုအဖွဲ့၏ အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“(ရွှေတူးတဲ့နေရာတွေမှာ) ပြဒါးတို့၊ ဆာရာနိုက်တို့က ဘုံးဘောလအောပဲသုံးနေကြတာပေါ့။ ဒါကြောင့် ကျွန်မတို့က ပြဒါးပါဝင်မှုကို အဓိကသိချင်လို့စစ်လိုက်တာပေါ့။ လူတွေအပေါ်မှာ ကျန်းမာရေးအရ Side Effect များတဲ့ဟာမျိုးပေါ့။ အဓိကက ပြဒါးဆိပ်က လူအတွက်အန္တရာယ်ရှိတယ်။ ကလေးတွေအတွက်၊ မွေးဖွားမဲ့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက်ရောအန္တရာယ်ရှိတယ်” ဟု သူက ပြောသည်။

“ပြဒါးက ဘယ်လောက်ထိတောင် ဆိုးရွားစေလဲဆိုတော့ ကျွန်မတို့ စစ်ကိုင်းတိုင်းဘက်မှာ တွေ့ခဲ့တဲ့သူတွေ ဆိုလို့ရှိရင် လေဖြတ်တာတော်တော် များကြတယ်”

ဧရာဝတီမြစ်ရေသည် ယခင်လို မကြည်လင်တော့ဘဲ နောက်ကျိနေပြီး မြစ်ရေချိုးသူတို့ ယားယံမှု၊ အရေပြားရောဂါဖြစ်ပွားမှုပင်ရှိကြောင်း ၎င်းက ဒေသခံအချို့ကို ကိုးကား၍ ပြောသည်။

မြစ်ရေနမူနာများကို ကချင်ပြည်နယ် မြစ်ဆုံဒေသမှ ဧရာတီတိုင်း ပုသိမ်မြို့ကြား  ရယူခဲ့သည်၊  ကွင်းဆင်းရာတွင် မြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှုများ၊ သဲထုတ်သည်ဆိုကာ ရွှေတူးဖော်မှုများတွေ့ရသည်၊  ရွှေတူးဖော်မှု အများဆုံးမှာ ကချင်နှင့် စစ်ကိုင်းတိုင်းတွင် ဖြစ်သည်ဟု   ၎င်းက ပြောသည်။

“ရွာတွေဘက်ကို ရေလမ်းကြောင်းက တိုးသွားပြီးတော့၊ ကမ်းပါးတွေပြိုပြီးတော့ ရွာလိုက်ပြောင်းရတာ ဟုမ္မလင်းဘက်မှာ ရှိတယ်။ အဲ့ဒါတော့ ဒေသခံတွေကိုယ်တိုင်သိတယ်” ဟု သူက ပြောသည်။

“ရှေ့နှစ်တွေဆိုရင် ဒီထက်ဆိုးတာ ခံရနိုင်ခြေရှိတယ်။ ရွာလုံးကျွတ်ပျောက်တာတွေ ဖြစ်နိုင်တယ်” 

မြစ်ကြီးနားမြို့မြောက်ဘက် ၂၈ မိုင်ခန့်အကွာရှိ မေခနှင့် မလိခ ပေါင်းစပ်ရာ မြစ်ဆုံဒေသတွင်  စက်ယန္တယားကြီးများအသုံးပြု၍ ရွှေတူးဖော်နေကြောင်း ကချင်တိုင်းရင်းသားလုပ်ငန်းရှင် ကျောက်စိမ်းသူဌေး ဦးယွပ်ဇော်ခေါင်၊ တရုတ်လုပ်ငန်းရှင်များ၊ ကချင်နှင့် ဒေသအနှံ့မှ လုပ်ငန်းရှင်များက အဓိကလုပ်ကိုင် နေကြောင်း သိရသည်။

 စက်ယန္တယားတင်ဆောင်လာသော သင်္ဘောတစ်စင်း ဧရာဝတီမြစ်အတွင်း ခုတ်မောင်သွားလာနေစဉ်။ (ဓာတ်ပုံ – Myanmar Resource Watch)

ဦးယွပ်ဇော်ခေါင်သည် အာဏာသိမ်းစစ်ကောင်စီ ခန့်အပ်ထားသည့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ခမည်းခမက်တော်စပ်သူဖြစ်သည်။ သားဖြစ်သူ ယွပ်ဆိန်ဂေါင်နော်ထွယ်သည် ဦးခက်ထိန်နန်၏သမီးနှင့် လက်ထပ်ထားသည်။  ဦးယွပ်ဇော်ခေါင်ကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခဲ့သည်။

မြစ်ဆုံအနီးတွင် ရွှေ အကြီးအကျယ် တူးဖော်လာခြင်းကြောင့် ဧရာဝတီမြစ်  ရေလမ်းကြောင်းပြောင်းလဲခြင်း၊ သောင်ထွန်းခြင်းနှင့် ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်လာသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြစ်ကြီးနားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရေကြောင်းသွားလာတဲ့အခါ အန္တရာယ်တော့ တော်တော်များတယ်။ မြစ်ကလည်း ရေနောက်လာတာတောင် မကဘူး၊ မြစ်ကလည်းနည်းနည်းကျဉ်းလာတယ်။ အဲ့ဒါကြောင့် သူရဲ့ရေလမ်းကြောင်းက စက်လှေတို့ဘာတို့သွားတဲ့အခါမှာ အန္တရာယ်များတဲ့နေရာတွေများလာတယ်” ဟု ၎င်းက ပြောသည်။

“ဧရာဝတီမြစ်က ငါးကိုလည်း အရင်တုန်းကလို အများကြီးမရနိုင်တော့ဘူး။ ရတဲ့ဟာကိုလည်း လူတွေက မြစ်ကြောင်းမှာ တောက်လျှောက်ရွှေတွေတူးတော့ အဲ့ဒီနေရာမှာ ပြဒါးတွေသုံးတော့ လူတွေက အဲ့ဒီငါးတွေကိုလည်း စားဖို့ကြောက်လာကြတယ်”

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် မဝေးသည့် ဧရာဝတီမြစ်ကမ်းနားတလျှောက် စက်ယန္တယားကြီးများဖြင့် ထင်တိုင်းကျဲ ရွှေတူးဖော်နေသည်ဟုဆိုသည်။ (ဓာတ်ပုံ – Myanmar Resource Watch)

တူးယူ ဆေးကြောလိုက်သည့် သဲ၊ နုံး၊ မြေစာထဲမှ ရွှေမှုံများကို စုစည်းရာတွင် အသုံးပြုသည့်  ပြဒါးက မြစ်အတွင်း ကျန်ရစ်ခဲ့သောကြောင့် မြစ်ရေ၊ ချောင်းရေတို့ အဆိပ်သင့်လေ့ရှိသည်၊  သိသာထင်ရှားသည့် ဆိုးကျိုးတစ်ခုမှာ ငါးနှင့် ရေနေသတ္တဝါတို့ ရှင်သန်နိုင်မှုလည်းနည်းပါးလာခြင်းဖြစ်သည်၊  ငါးရှားပါးလာသဖြင့် တံငါးလုပ်ငန်းလုပ်ကိုင်သူပင် နည်းလာသည်ဟု ၎င်းက ပြောသည်။ 

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တော်လှန်စစ်ပွဲများဖြစ်ပွားနေချိန် မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အရေးပါဆုံးမြစ်တစ်စင်းဖြစ်သည့် ဧရာဝတီမြစ်ကို ထိန်းသိမ်းရန် အရေးတကြီးလိုအပ်နေကြောင်း  Myanmar Resource Watch အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။ 

“ဧရာဝတီမြစ်က ကျွန်မတို့ရဲ့ အသက်သွေးကြောဖြစ်တာဖြစ်တဲ့အတွက် အားလုံးနဲ့သက်ဆိုင်တယ်။ ဒါတွေကို ကျွန်မတို့ ဝိုင်းဝန်းမထိန်းသိမ်းဘူး၊  လတ်တလော ငွေကြေးလိုအပ်ချက်အရ လုပ်နေမယ်၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့ လုပ်နေမယ်ဆိုရင် အဘက်ဘက်က ယိုယွင်းပြီး ပိုဆိုးမှာပေါ့” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းမှုကို လက်မခံကြောင်း ငြိမ်းချမ်းစွာဆန္ဒပြရာမှ စစ်တပ်၏ ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးတွင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေကြသည်။ တိုင်းရင်းသားတော်လှန်ရေးတပ်များကလည်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေကြသည်။

ဧရာဝတီမြစ်ကြောင်းတလျှောက် တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည်။   နယ်မြေစိုးမိုးမှုရလာသည့် တော်လှန်ရေးအင်အားစုက သယံဇာတ လုပ်ကွက် အများအပြားကို စီမံလာကြသည်။

စစ်ကောင်စီက တော်လှန်ရေးနယ်မြေများရှိ သယံဇာတတူးဖော်ရေးလုပ်ငန်းတွင် မပါဝင်ကြရန် ဖေဖော်ဝါရီ ၂၀ တွင် သတင်းထုတ်ပြန်ခဲ့ပြီး သယံဇာတများကို တူးဖော်၍ လက်နက်ကိုင်တော်လှန်ရေး ထောက်ပံ့နေမှုများကို တိုက်ဖျက်သွားမည်ဟု ဆိုထားသည်။

Related Articles

Back to top button