သတင်း

မြဝတီရောက် ကျားဖြန့်လုပ်သားနိုင်ငံခြားသား ၇၀၀၀ ကျော်ကို ပြန်ပို့မည်ဟု BGF ဆို

၁၀ ရက်တာ ဖြိုခွင်းရှာဖွေမှုများအတွင်း လူ ၇၀၀၀ ကျော် BGF က တွေ့ရှိထားသည်ဟုသိရပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ပြန်ပို့နိုင်ရေး ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဆိုသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အခြေစိုက်သော ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် (BGF) ဖြိုခွင်းမှုအတွင်း နိုင်ငံခြားသား ၇၀၀၀ ကျော်တွေ့ရှိခဲ့ပြီး ထိုအထဲတွင် တရုတ်နိုင်ငံသား ၄၀၀၀ ကျော် ပါဝင်ကြောင်း ထိုင်းသတင်းဌာန The Reporters တွင် ဖော်ပြထားသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်မှစတင်၍ ဖေဖော်ဝါရီ ၂၆ ရက်အထိ  ထိုလုပ်ငန်းများတွင် ပါဝင်ပတ်သက် သူ ၂၈ နိုင်ငံမှ ၇၁၄၁ ဦး ရှာဖွေတွေ့ရှိခဲ့ပြီး တရုတ်နိုင်ငံသား ၄၈၆၀ ဦး ပါဝင်ကြောင်း သိရသည်။

BGF တပ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် စီးနင်းမှုတချို့ ပြုလုပ်ခဲ့ပြီး ၁၆ ရက်မှစတင်ပြီး  ရွှေကုက္ကို၊ မြဝတီ နှင့် KK Park တို့တွင် ဖြိုခွင်းမှုများ လုပ်ခဲ့ရာ ယနေ့အထိ အဆိုပါ လူ ၇၀၀၀ ကျော်တွေ့ရှိခဲ့ကြောင်း၊ ထိုအထဲ အမျိုးသား ၆၇၁၆ ဦးနှင့် အမျိုးသမီး ၄၂၅ ဦးတို့ ဖြစ်ကြသည်ဟု ဆိုသည်။


တရုတ်နိုင်ငံသား ၄၈၆၀ ဦး၊ ဗီယက်နမ် ၅၇၂ ဦး၊ အိန္ဒိယ ၅၂၆ ဦး၊ အီသီယိုးပီးယား ၄၃၀ ဦး၊ အင်ဒိုနီးရှား ၂၈၃ ဦး၊ ဖိလစ်ပိုင် ၁၂၇ ဦး၊ မလေးရှား ၇၀ ဦး၊ ပါကစ္စတန် ၇၈ ဦး၊ ကင်ညာ ၆၄ ဦး၊ ထိုင်ဝမ် ၂၅ ဦး၊ နီပေါ ၁၇ ဦး၊ တောင်အာဖရိက ၂၆ ဦး၊
ယူဂန်ဒါ ၁၃ ဦး၊ သီရိလက်ာ ၈ ဦး၊ ဥဇဘက်ကစ္စတန် ၈  ဦး၊ နိုင်ဂျီး ရီးယား ၇ ဦး၊​ ဂါနာ ၆ ဦး၊ ကင်မရွန်း ၆ ဦး၊  ဘင်္ဂလားဒေ့ရှ် ၆ ဦး၊
 နမ်ဘီးယား ၄ ဦး၊ ရဝမ်ဒါ ၄ ဦး၊ တူနီးရှား ၃ ဦး၊ လာအို ၁ ဦး၊ ရိုမေးနီးယား ၁ ဦး၊ အယ်လ်ဂျီးရီးယား  ၁ ဦး၊ စင်ကာပူ ၁ ဦးတို့ ပါဝင်သည်ဟု သိရ သည်။ 

ထိုသူများက သက်ဆိုင်ရာနိုင်ငံ ပြန်လိုကြောင်း တောင်းဆိုကြသဖြင့် BGF အနေဖြင့် စာရင်းပြုစုကာ မြန်မာ စစ်တပ်ထံ တင်ပြထားကြောင်း ၊ ထိုင်းအစိုးရအပါအဝင် နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း  ဖော်ပြထားသည်။

The Reporters သတင်းဌာန၏ facebook စာမျက်နှာတွင် ယနေ့ Live လွှင့်ဖော်ပြထားရာ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ လာရောက်ကြည့်ရှုခဲ့ပြီး ထိန်းသိမ်းထားသူအများအပြား တွေ့မြင်ရသည်။

ခန်းမကျယ်တစ်ခုအတွင်း တရုတ်နိုင်ငံသား အများအပြား ၁၀၀ ဝန်းကျင်ခန့်တွေ့ရပြီး တရုတ်စကားပြန်က စိတ်မပူကြရန်၊ သက်ဆိုင်ရာနိုင်ငံများ ပူးပေါင်းကာ အချက်အလက်များကောက်ယူ၍ ဆောင်ရွက်စီစဉ်နေ ကြောင်း ၊ စိတ်ရှည်သည်းခံပေးကြရန် တရုတ်၊ မြန်မာ နှစ်ဘာသာဖြင့် ပြောနေသည်ကို တွေ့ရသည်။ 

ကျားဖြန့်လုပ်ငန်းမှ ထိန်းသိမ်းထားသည့်သူများအား BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ယနေ့ လာရောက်ကြည့်ရှုစဉ်။ (ဓာတ်ပုံ-กิตติศักดิ์ บุญจันทร์)

မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ မြဝတီ၊ ဘုရားသုံးဆူမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့ကို လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်ကို ထိုင်းဘက်မှ ဖြတ်တောက်အပြီး BGF အပါအဝင် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA)ကလည်း ထိုလုပ်ငန်းတွင် ပါဝင်ပတ်သက်သူများကို ရှာဖွေကာ ထိုင်း နိုင်ငံဘက်မှ တဆင့် သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ရေး ကြိုးပမ်းခဲ့ကြသည်။ 

ကနဦးအနေဖြင့် BGF မှ ၆၁ ဦး၊ DKBA မှ ၂၆၀ ဦး တိုက်ရိုက်လွှဲပြောင်းပေးခဲ့အပြီး စစ်ကောင်စီက ပြန်လည် လွှဲပြောင်းပေးရေးတွင် ၎င်းတို့မှတဆင့် ဆောင်ရွက်ရန် ကရင် ၂ တပ်ကို ဖိအားပေးပြီးနောက် ထိုလုပ်ငန်း စဉ်သည် စစ်ကောင်စီမှ ပြန်လွှဲပြောင်းပေးမှု ဖြစ်လာခဲ့သည်။

စစ်ကောင်စီက ယခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၅၃၈ဦးကို စစ်ဆေးဖော်ထုတ်ခဲ့ပြီး ၎င်းတို့အနက်မှ ၆၇၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ကျန်ရှိသည့် ၁၈၆၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ၎င်းတို့ က ဆိုသည်။​

အဆိုပါ ၂၃၇၀ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂန်ဒါ၊ အီသီ ယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇတ်စတန်၊ ကမ္ဘောဒီးယားနှင့် တရုတ် (တိုင်ပေ) တို့မှ နိုင်ငံ သားများဖြစ်ပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်ကာ အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်ပတ်သက်သူ တရုတ်နိုင်ငံသား အများစုကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်မှတဆင့် တရုတ်နိုင်ငံ နန်ကျင်းလေဆိပ်သို့ စင်းလုံးငှားလေယာဉ် ဖြင့် ပြန်ပို့ခဲ့ကြရာ ၈၀၀ ထက်မနည်း ပါဝင် ခဲ့ကြသည်။

ထိုင်းအရာရှိများက ထိုင်း-မြန်မာနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားကို ဖြတ်သန်း ရောက်ရှိလာ သော တရုတ်နိုင်ငံသားတို့၏အချက်အလက်များကို စစ်ဆေးကာ မဲဆောက်လေဆိပ်သို့  ပို့ဆောင်ပေးပြီး ထိုမှတဆင့် တရုတ်နိုင်ငံ၊ နန်ကျင်းလေဆိပ်သို့ လေယာဉ်ဖြင့် တိုက်ရိုက်ပြန်ပို့ခြင်းဖြစ်သည်။

ကျားဖြန့်လုပ်ငန်းများသည် နိုင်ငံတကာမှ အလုပ်အကိုင်ရှာနေသူများကို လိမ်ညာဖိတ်ခေါ်ကာ အကျဉ်းချ၊ နှိပ်စက်၊ ကျွန်ပြုခိုင်းစေသည့်လုပ်ငန်း ဖြစ်သည်။ ထိုလုပ်ငန်းများသည် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ခု၏ အကာအကွယ်ပေးမှု၊ လျှပ်စစ်မီး၊ အင်တာနက်ရရှိရန်လိုအပ်ရာ တရုတ်အစိုးရက ထိုလိုအပ်ချက်များ ကို ဖြတ်တောက်ပိတ်ဆို့ရန် ဒေသတွင်းနိုင်ငံများကို မကြာသေးမီက ပိုမိုဖိအားပေးခဲ့ကြောင်း တွေ့ရ သည်။

မကြာသေးမီက တရုတ်ပြည်မှ အမျိိုးသား သရုပ်ဆောင်တစ်ဦး မြန်မာ-ထိုင်း နယ်စပ်တွင် ပျောက်ဆုံးသွား သည့်သတင်း အွန်လိုင်းလူမှုကွန်ရက်တွင် လူပြောများလာရာမှ ၎င်းလွတ်မြောက်ရေးအတွက် ဝိုင်းဝန်း တောင်းဆိုကြခြင်းသည် မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်း ကသောင်းကနင်းဖြစ်သွားရခြင်း၏ ကနဦးဖြစ်ရပ် ဖြစ်လာသည်။

တရုတ်အစိုးရက ဒုဝန်ကြီးအဆင့်ရှိသူ အရာရှိတစ်ဦးကို နယ်စပ်သို့ စေလွှတ်ပြီး ကျားဖြန့်လုပ်ငန်း လုပ်နေ သည်ဟု ယူဆရသူများကို နယ်စပ်ဖြတ် ပြန်ပို့နိုင်ရေးလုပ်ငန်းစဉ် ကြီးကြပ်ခိုင်းခဲ့သည်။

အဆိုပါတရုတ်ဝန်ကြီးက မြန်မာနယ်စပ် ၃ မြို့များအား ဖြတ်တောက်မှုများ ဆက်လုပ်ရန် အပါအဝင် အချက် ၄ ချက် လုပ်ဆောင်ပေးရန် ထိုင်းအစိုးရကို တောင်းဆိုခဲ့သည်။

လက်ရှိတွင် ထိုလုပ်ငန်းများတွင် ပါဝင်သူများနှင့်လူကုန်ကူးခံရသူများကို ရှာဖွေရာ လူ ၇၀၀၀ ကျော်အထိ ရှိ လာပြီး ခေါင်းဆောင် ၆ ဦးကိုလည်း BGF က သီးခြားပြန်ပို့မည်ဟု ဆိုထားသည်။

အဆိုပါသူများကို မြဝတီမြို့နယ်၌ BGF,DKBA တို့က ထိန်းသိမ်းထားရာ DKBA ကလည်း ရာချီသောသူများ ထိန်းသိမ်းထားရသည့်အတွက် အခက်အခဲတွေ့နေသည်ဟု ထိုင်းသတင်းဌာနများကို ပြောထားသည်။

ထိုင်းသို့ ပြန်ပို့ရေးမှာ စစ်ကောင်စီမှတဆင့် ပြန်ပို့ရသည့်အတွက် စီစစ်ရေးများ ကြန့်ကြာနေသည်ဟု DKBA က ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက ၂၅၀၀ ကျော်သာ စီစစ်ထားရသေးပြီး ပြန်လွှဲထားသူမှာ ၆၀၀ ကျော်၊ ပြန်ပို့ရန် အဆင်သင့်ဖြစ်နေသူ ၁၈၀၀ ကျော် ရှိသည်။






Show More

Related Articles

Back to top button