သတင်း

မြဝတီငွေလိမ်ဂိုဏ်းများအရေး တရုတ်က ၄ ချက် တောင်းဆို 

တရုတ်နိုင်ငံဘက်မှ ၄ ချက် တောင်းဆိုခဲ့ပြီး မြန်မာစစ်တပ်ကလည်း ပိတ်ဆို့ထားမှု ပြန်ရုပ်သိမ်းပေးစေသလို လူကုန်ကူးခံရသူများကို DKBA,BGF အစား ၎င်းတို့က တစ်ဆင့်ပြန်ပို့ပေးလိုသည်ဟု ထိုင်းဘက်ကို တောင်းဆိုထားကြသည်။

မြန်မာနယ်စပ် ၃ မြို့များအား ဖြတ်တောက်မှုများ ဆက်လုပ်ရန် အပါအဝင် အချက် ၄ ချက် လုပ်ဆောင်ပေးရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးက ထိုင်းအစိုးရထံ တောင်းဆိုခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများကို ကိုးကား၍ သိရသည်။

မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ မြဝတီ၊ ဘုရားသုံးဆူမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့ ကို လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်ကို ထိုင်းဘက်မှ ဆက်လက် ဖြတ်တောက်ထားရန်ဖြစ်ပြီး တရုတ်နိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက်လည်း အကူအညီတောင်းခံခဲ့သည်ဟု Thai Enquirer သတင်းက ယမန်နေ့တွင် ဖော်ပြထားသည်။  

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရီ ဦးဆောင်သော တရုတ် ကိုယ်စားလှယ်အဖွဲ့က ၄ ချက်အဆိုပြုခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Thanathip Sawangsaeng က ပြောသည်။

ထိုင်းဘက်မှပိတ်ဆို့ဖြတ်တောက်ထားမှုများ ရုပ်သိမ်းပေးရန် မြန်မာဘက်မှ တောင်းဆိုနေသော်လည်း လျှပ်စစ်ဓာတ်အား၊ အင်တာနက်နှင့် လောင်စာဆီများ ဖြတ်တောက်မှုသည် ထိရောက်မှု ရှိသော ကြောင့် ဆက်လုပ်ရန်၊ ငွေလိမ်ဂိုဏ်းရာဇဝတ်သမားများကို နေရာရွှေ့ပြောင်းခြင်းမှ တားဆီးရန်၊ တရုတ်နိုင်ငံသားများအား နေရပ်ပြန်နိုင်ရေး ကူညီပေးရန်၊ တရုတ်အရာရှိများ စေလွှတ်ကာ အထောက်အထားများ စိစစ်ရန်နှင့် လွှဲပြောင်းမှုများကို ကြီးကြပ်ရန်တို့ ပါဝင်ပြီး ပြန်ပို့ရာတွင် ထိုင်းနိုင်ငံအနေဖြင့် ထိုင်း-မြန်မာနယ်စပ်မှ လေဆိပ်ရောက်သည်အထိ လုံခြုံရေပံ့ပိုးပေးရန်တို့ ပါဝင်သည်။ 

မြန်မာစစ်တပ်ဘက်ကလည်း ကန့်သတ်ထားမှုများ ပြန်ရုတ်သိမ်းရေး တောင်းဆိုခဲ့ပြီး ပြန်ပို့ရန် ထိန်း သိမ်းထားသူများအနေဖြင့် လူပြည့်ကျပ်နေမှုနှင့် ကျန်းမာရေးဆိုင်ရာစိုးရိမ်ရမှုများ ရှိနေသည်ဟု ပြောကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

ထိုင်းဘက်မှ ပိတ်ဆို့မှုများကြောင့် မြဝတီဒေသခံများအတွက် အကျိုးသက် ရောက်မှုများ အပါအဝင် လူနာများအတွက် ကုသနေသော ဆေးရုံသုံးပစ္စည်းများအတွက် လျှပ်စစ်ဓာတ်အားလိုအပ်နေမှုများပါ ထည့်သွင်းပြောခဲ့သည်ဟု ဆိုသည်။ 

မြန်မာစစ်တပ်အနေဖြင့်လည်း BGF,DKBA တို့ ပြန်ပို့ခြင်းထက် ၎င်းတို့၏တရားဝင်လမ်းကြောင်းများမှ တစ်ဆင့် နေရပ်ပြန်ပို့လိုသည်ဟု ပြောကြောင်း ၎င်းက ဆက်ပြောသည်။ 

တရုတ်နှင့် မြန်မာဘက်မှ အဆိုပြုတောင်းဆိုချက်များကို ထိုင်းအစိုးရတာဝန်ရှိသူများထံ တင်ပြထား ကြောင်း ၎င်းက ဆိုသည်။ 

တရုတ်နိုင်ငံဘက်ကလည်း တရုတ်နိုင်ငံသားများကို နေရပ်ပြန်ပို့ရာတွင် ခရီးသည်တင်လေယာဉ် စင်းလုံးငှား၍  တစ်ရက်လျှင် ၆ ကြိမ် ပို့ဆောင်မည်ဖြစ်ကြောင်း ၊ ၁ ကြိမ်လျှင် တရုတ်နိုင်ငံသား ၅၀ ဦးနှင့် လုံခြုံရေး ၁၀၀ ဦး လိုက်ပါမည်ဖြစ်ပြီး နေ့စဉ် လူ ၃၀၀ ခန့် ပြန်ပို့နိုင်ရန် စီစဉ်ထားသည် ဟု ပြောကြောင်း သိရသည်။

မနက်ဖြန် ဖေဖော်ဝါရီ ၂၀ ရက်တွင် လူ ၂၀၀ ကို Southern China Airlines နှင့် ပထမဆုံးအကြိမ်အဖြစ် ပြန်ပို့မည်ဖြစ်ပြီး လေကြောင်းလိုင်းက မဲဆောက်လေဆိပ်နှင့် ညှိနှိုင်းဆောင်ရွက်ထားသည်ဟု ထိုင်း သတင်းများကို ကိုးကား၍ သိရသည်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုနှင့် KK Park  တို့တွင် တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ငန်းများတွင် လူကုန်ကူးခံထားရသူ နိုင်ငံခြားသား ၂,၀၀၀ ကျော်ကို ထိုင်းဘက်သို့ ပြန်လည်လွှဲ ပြောင်းမည်ဖြစ်သည်။ 

BGF  က ၁,၀၂၉ ဦးကို စစ်ကောင်စီထံ ပေးပို့ထားသလို အခြားလူ ၆၀၀ ကျော်ကို  လွှဲပေးရန် ပြင်ဆင် လျက် ရှိနေကာ တစ်ချိန်တည်းမှာပင်  ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) သည်လည်း  ၄၀၅ ဦး အထိ ရှိလာပြီး ထိုင်းဘက်လွှဲပေးရန် ရှိနေခြင်း ဖြစ်သည်။ 

DKBA က ပြန်ပို့ရန် အဆင်သင့်ဖြစ်နေသော်လည်း လွှဲပြောင်းရေးအတွက် မြန်မာစစ်တပ်ကတဆင့် ဖြစ်သောကြောင့် ကြန့်ကြာနေကြောင်း The Reporters သတင်းတွင် ယနေ့ ဖော်ပြထားသည်။ 

နိုင်ငံ ၂၁ နိုင်ငံမှ နိုင်ငံခြားသားများကို ထိန်းသိမ်းထားသည်မှာ တစ်ပတ်ကျော်ရှိပြီဖြစ်ကြောင်း၊ ဖိလစ်ပိုင် ၉ ဦး၊ အီသီယိုးပီးယား ၂၄၇ ဦး၊ ကင်ညာ ၃၆ ဦး၊ ယူဂန်ဒါ ၂၁ ဦး၊ လက်ဘနွန် ၄၀ ဦး၊ နိုင်ဂျီးရီးယား ၄ ဦး၊ အိန္ဒိယ ၁ ဦး၊ ဆီယာရာလီယွန် ၅ ဦး၊ နီပေါ ၄ ဦး၊ အင်ဒိုနီးရှား ၁၆ ဦး၊ ပါကစ္စတန် ၉ ဦး၊ ဘူရွန်ဒီ ၂ ဦး၊ ရဝမ်ဒါ ၆ ဦး၊ မလေးရှား ၁ ဦး၊ ဇင်ဘာဘွေ ၁ ဦး၊ ဘင်္ဂလားဒေ့ရှ် ၃ ဦး တို့ပါဝင်သည်ဟု သိရသည်။

အလားတူ BGF က ကျားဖြန့်ဂိုဏ်းခေါင်းဆောင် တရုတ်နိုင်ငံသား ၆ ဦးကိုလည်း သီးခြားပြန်ပို့ပေး မည်ဟု ပြောထားသည်။ 

ယခုနှစ် ဖေဖော်ဝါရီအစောပိုင်းကာလများတွင် DKBA က နိုင်ငံခြားသား၂၆၀ ဦး ၊ BGF က ၆၁ ဦး ထိုင်းဘက်သို့ လွှဲပြောင်းပေးထားသည်။ 

လူကုန်ကူးမှု၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ အတင်းအဓမ္မ ငွေလိမ်ရန် ခိုင်းမှုများဖြင့် ပတ်သက်၍  BGF ခေါင်းဆောင်များကမူ ထိုလုပ်ငန်းများတွင် ၎င်းတို့ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အစဉ်တစိုက် ငြင်းဆန်ထားကြသည်။

Related Articles

Back to top button