အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

၆၅ နှစ်အရွယ် နိုင်ကျဉ်းအမျိုးသမီး မန္တလေးထောင်တွင် သေဆုံး

ထိုးကြိတ်မှုကို အရေးယူရန် တင်ပြမှုဖြင့် ပြည်ထောင်မှ နိုင်ကျဉ်းများ ရိုက်နှက်ခံရသလို မန္တလေး အိုးဘိုထောင်တွင်လည်း ဆေးကုသမှုလိုအပ်သူ လစ်လျူရှုခံထားရသဖြင့် နိုင်ကျဥ်းတစ်ဦး သေဆုံးသွားသည်။

ပဲခူးတိုင်း ပြည်မြို့အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတချို့ ရိုက်နှက်ခံရသလို  မန္တလေးတိုင်း အိုးဘိုထောင်တွင်လည်း    ဆေးကုခွင့်မရခြင်းကြောင့် သေဆုံးသူအချို့ရှိသည်ဟု ထောင်သတင်းရင်းမြစ်များက ပြောသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြည်ထောင် စားရိပ်သာ တာဝန်ခံ လင်းထိန်ဆိုသူက မြို့ခံနိုင်ကျဉ်းတစ်ဦးကို ထိုးကြိတ်ခဲ့သည်၊ ထိုဖြစ်ရပ်ကို ထောင်မှူးဦးကျော်အောင်ထံ တိုင်ကြားရာမှ နိုင်ကျဉ်းများ  ရိုက်နှက်ခံရခြင်းဖြစ်သည်။

နိုင်ကျဉ်းတစ်ဦးအကြောင်းမဲ့ ထိုးနှက်ခံရ၍ တင်ပြတောင်းဆိုနေချိန်တွင် ဗဟိုကင်းက သေနတ် ၂ ချက်ပစ်ဖောက်သည်၊ အကျဉ်းထောင်အရာရှိ တေဇာဝင်း၏ ခိုင်းစေမှုဖြင့် ထောင်ဝန်ထမ်းများနှင့် ရာဇဝတ်အကျဉ်းသားများက  ဝါးဆစ်တုတ်၊ သစ်သားတုတ်များဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု PPNM တာဝန်ခံ ကိုသိုက်ထွန်းဦးက Myanmar Now ကို ပြောသည်။

“ထောင်အာဏာပိုင်ကို တင်ပြဖို့လာတာကို အဲဒီမှာရှိတဲ့ အခြားရာဇဝတ်အကျဉ်းသားတွေက ဖိုခေါင်းကို လာလုပ်တယ်လို့ထင်ပြီးတော့ တုတ်၊ဓား လက်နက်တွေ ကိုင်ပြီးတော့ ဝင်ရိုက်တဲ့ဖြစ်စဉ်ဖြစ်တာ”  ဟု ၎င်းက ပြောသည်။

ရိုက်နှက်မှုကြောင့် နိုင်ကျဉ်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ ဦးခေါင်းပေါက်ကွဲ ဒဏ်ရာဖြင့်  ကုသမှု ခံယူနေရကြောင်း ရိုက်နှက်မှုကို ဦးဆောင်သူ စားရိပ်သာတာဝန်ခံ လင်းထိန်နှင့် ရာဇဝတ်အကျဉ်းသား၂ ဦးတို့ကို ခြေကျင်းခတ်၍ တိုက်ပိတ်အရေးယူထားသည်ဟု သိရကြောင်း ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

“အကျဉ်းသားအချင်းချင်းဖြစ်ပါတယ်ဆိုတဲ့ အသွင်ကိုဖန်တီးဖို့အတွက် သူတို့ကိုယ်တိုင် မရိုက် တော့ဘဲ အခြား ရာဇဝတ်သားတွေကို ရန်ဖြစ်ခိုင်းတယ်။ တကယ်တော့ နောက်ကွယ်မှာတော့ အကျဉ်းဦးစီးဌာနက အရာရှိတွေ ပါဝင်နေတယ်” ဟု ၎င်းကပြောသည်။

ရိုက်နှက်ခံရသူ ၅ ဦးမှာ ပြည်မြို့နှင့် ပေါင်းတည်မြို့တို့မှ နိုင်ကျဉ်းများဖြစ်ပြီး  မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂) ၊ နိုင်ငံတော်ဆူပူမှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)အပါအဝင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူများဖြစ်သည်။

အိုးဘိုထောင်မှ နိုင်ကျဉ်းများ သေဆုံးမှု

မန္တလေးတိုင်း အိုးဘိုထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသားများ ဆေးကုသခွင့်မရသည့်အတွက် သေဆုံးသူများရှိနေသည်ဟု စုံစမ်းသိရသည်။

အကြမ်းဖက်ပုဒ်မ ၅၂(က)၊ ၅၀(ည)တို့ဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် အသက်(၆၅)နှစ်အရွယ် ဒေါ်စန်းရီ ဖေဖော်ဝါရီ(၁၀)ရက်နေ့တွင် သေဆုံးသွားသည်။

ဒေါ်စန်းရီသည် သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်းရောဂါတို့အတွက် ဆေးထိုး၊ဆေးသောက်ကာ ဆေးကုသမှုခံယူနေရသူဖြစ်သည်။ အိုးဘိုထောင်တွင် အကျဉ်းကျခံနေရစဉ် လုံလောက်သည့် ဆေးကုသခွင့်ဆက်လက်မရရှိဘဲ ၄နှစ်နီးပါးအကြာတွင် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု PPNM တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောသည်။

“ထောင်အာဏာပိုင်တွေအနေနဲ့ ဖမ်းထားတာဖြစ်တဲ့အတွက်ကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုတော့ရှိရမယ်။ ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိလို့ဆိုတဲ့ အခြေအနေကတော့ (အကျဉ်းသား) အားလုံး အနည်းနဲ့အများ ရင်ဆိုင်ရတဲ့ အခြေအနေပေါ့လေ”ဟု ၎င်းကပြောသည်။

အကျဉ်း‌ထောင်အတွင်း ဆေးကုသခွင့်လုံလောက်စွာမရရှိ၍မန္တလေး၊ မြောင်းမြ၊ သာယာဝတီ၊ ကလေးမြို့ စသည့်အကျဉ်းထောင်တို့မှ သေဆုံးခဲ့သူ အရေအတွက်မှာ ပြီးခဲ့သည့်လနှင့် ယခုလအတွင်း  ၅ဦးရှိကြောင်း PPNMက ဆိုသည်။ 

အင်းစိန်ထောင်တွင်းနှစ်ရှည်ထောင်ချခံနေရသည့်  Myanmar Now ၏ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်၊ အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်နှင့် ကိုနိုင်ဝင်း ဆိုသူတို့ကို   ဇန်နဝါရီလအတွင်း အင်းစိန်ထောင်ဝန်ထမ်းများက  နေ့ရော၊ ညပါ ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ထောင်တွင်းသတင်းအရင်းအမြစ်များက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ပြည်သူ ၆၃၂၂ ဦးထိသေဆုံးခဲ့ပြီး ပြည်သူ ၂၈၆၃၇ ဦး ဖမ်းဆီးခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဖေဖော်ဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

Related Articles

Back to top button