
အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် စစ်ကောင်စီက သေဒဏ်ပြစ်ဒဏ်ချမှတ်ပြီး အင်းစိန်ထောင်အတွင်း ချုပ်နှောင်ထားသည့် ရေတပ်တပ်သား ကိုပြည့်စုံဦးသည် နိုဝင်ဘာ ၃၀ရက်တွင် ကွယ်လွန်သွားကြောင်း နိုင်ကျဉ်းအရေး ဆောင်ရွက်နေသူများထံမှသိရသည်။
အသက် ၃၄ နှစ်အရွယ် အဆိုပါရေတပ်သားသည် ရန်ကုန်မြို့သံလျင်ရေတပ်စခန်းမှဖြစ်ပြီး
စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ကာ ပြည်သူနှင့်အစောဆုံးပူးပေါင်းခဲ့သူဖြစ်သည်။ သူ၏ရုပ်အလောင်းကို ယနေ့ (ဒီဇင်ဘာ ၂ရက်) နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့သုဿန်တစ်ခုတွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
အကျဉ်ထောင်ထဲတွင် ရေသန့်စက် တပ်ဆင်ထားသည်ဆိုသော်လည်း အကျဉ်သားများကို သောက်သုံးရေလုံလောက်စွာ မပေးခြင်း၊ သန့်ရှင်းသည့်သောက်ရေကို အသုံးမပြုရဘဲ ခဲဓာတ်ပါဝင်မှုများသည့် သောက်သုံးရေကို သောက်ရခြင်းကြောင့် ကျောက်ကပ်ရောဂါဖြစ်ကာ ပြည့်စုံဦး သေဆုံးခြင်းဖြစ်သည်ဟု ကောက်ချက်ချနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“ကိုပြည့်စုံဦးကလည်း ထောင်ထဲရောက်ပြီးသွားတဲ့အချိန်မှပဲ ဒီကျောက်ကပ်ရောဂါဝေဒနာ ခံစားရတာကို သွားပြီးတော့တွေ့ရတယ်။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို အခြေခံစားသောက်နေထိုင်ရေးရော၊ သောက်သုံးရေးကိုရောပြည့်ပြည့်ဝဝထားရှိပေးဖို့ လိုအပ်တယ်လို့တော့ တိုက်တွန်းချင်ပါတယ်” ဟု သူက ပြောသည်။
ကိုပြည်စုံဦးသည် ကျောက်ကပ်ရောဂါနှင့် အဆုတ်ရေဝိုင်းရောဂါများကို ခံစားခဲ့ရပြီး ခြောက်လအကြာတွင် သေဆုံးခဲ့ကြောင်း၊ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးနှင့် ဆရာဝန်လုံလောက်မှုမရှိခြင်းကြောင့် အကျဉ်းသားများ အသက်အန္တရာယ်ဆုံးရှုံးမှု ဖြစ်နေကြောင်း PPNM အဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။
ကိုပြည်စုံဦးသည် ၂၀၂၁ မတ်တွင် စစ်ကောင်စီတပ်ကိုကျောခိုင်းကာ CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့ပြီးအာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများ၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် ဆက်လက်လုပ်ဆောင်ခဲ့ကာ ၂၀၂၂ ဩဂုတ် ၂၇တွင် လှိုင်သာယာမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
နိုင်ငံရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့်နည်းတူ စစ်ကောင်စီကိုကျောခိုင်းခဲ့ခြင်းကြောင့် တပ်ပြေးသည်ဟု အကြောင်းပြချက်ဖြင့် စစ်ခုံရုံးက တပ်မတော်အက်ဥပဒေပုဒ်မ ၃၇ ၊ ၃၂ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည တို့ဖြင့် ၂၀၂၃စက်တင်ဘာတွင် သေဒဏ်ချမှတ်ခံရကာ အင်းစိန်ထောင်သို့ အပို့ခံခဲ့ရကြောင်း ကိုသိုက်ထွန်းဦးက ပြောသည်။
အစောပိုင်းကာလတွင် အာဏာဖီဆန်ခဲ့သလို အာဏာဖီဆန်နေစဉ်အတွင်း ဖမ်းဆီးခံခဲ့ရခြင်းကြောင့် ကိုပြည့်စုံဦးသည် နိုင်ငံရေးယုံကြည်ချက်ဖြင့် အကျည်းချခံခဲ့သည့် နိုင်ကျဉ်းတစ်ဦးဖြစ်ကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်ကပြောသည်။
“နိုင်ငံရေးအရ ချုပ်နှောင်ခံရသူတစ်ဦးအနေနဲ့ ယခုလိုသေဆုံးမှုသည် စစ်ကောင်စီမှာ အပြည့်အဝ တာဝန်ရှိပါတယ်။ စစ်ကောင်စီအနေနဲ့ ယခုလို နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူတွေကို အကျဉ်းထောင်ထဲမှာ ညှင်းပမ်းနှိပ်စက်တာတွေ၊စစ်ကြောရေးမှာ ညှင်းပမ်းနှိပ်စက်တာတွေကြောင့် သေဆုံးရတွေများများလာပြီဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
PPNM မှ ပြုစုရရှိထားသည့် စာရင်းများအရ ၂၀၂၄ ဇန်နဝါရီမှ နိုဝင်ဘာအထိ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ အနည်းဆုံး ၂၀ ဦး ကွယ်လွန်ခဲ့သည်ဟု သိရသည်။
၂၀၂၁ နှစ်ဆန်းပိုင်း စစ်အာဏာသိမ်းပြီးနောက် မန္တလေးအိုဘိုထောင်တွင် ထောင်ဒဏ် ၂၉နှစ် ချခံရသော၊ သွေးကင်ဆာရောဂါဝေဒနာ ခံစားနေရသော အသက် ၇၃နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်သည် အပူဒဏ်၊ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက် မရသည့် ဒဏ်ကို အံတုကာ အသက်သေဆုံးခဲ့ရသည်။