သတင်း

ထောင်အကြောင်း တိုင်ကြားသည့် နိုင်ကျဉ်း ၃ ဦး အင်းစိန်တွင် နှိပ်စက်ခံရ

စစ်တပ်၏ လူ့အခွင့်အရေးကော်မရှင် အင်းစိန်ထောင်သို့ ရောက်လာစဉ် ထောင်တွင်း အခြေအနေများ ပြောပြမှုဖြင့် Myanmar Now သတင်းထောက် နှင့် အခြား ၂ ဦး နေ့ရော၊ ညပါ ရိုက်နှက်ခံခဲ့ရကြောင်း သိရသည်။

ရန်ကုန်၊အင်းစိန်ထောင်အတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖွင့်ချခဲ့သည့် Myanmar Now  သတင်းထောက်အပါအဝင် နိုင်ငံရေးအကျဉ်းသားသုံးဦးသည် ထောင်တွင်းညှဉ်းပန်းနှိပ်စက်မှုများနှင့် ရင်ဆိုင်နေကြရသည်။

အင်းစိန်ထောင်တွင်းနှစ်ရှည်ထောင်ချခံနေရသည့်  ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်၊ အလုပ်သမားခေါင်းဆောင်ကိုသက်နှင်းအောင်နှင့်   ကိုနိုင်ဝင်း ဆိုသူတို့ကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အင်းစိန်ထောင်ဝန်ထမ်းများက  နေ့ရော၊ ညပါ ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ထောင်တွင်းသတင်းအရင်းအမြစ်များထံက သိရသည်။

၎င်းတို့သုံးဦးသည် ဇန်နဝါရီလအတွင်းက အင်းစိန်ထောင်သို့လာရောက်ခဲ့သည့် စစ်ကောင်စီ၏ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်များထံ အင်းစိန်ထောင်ဝန်ထမ်းများ၏ နိုင်ငံရေးအကျဉ်းသားများအပေါ် ထောင်တွင်းလူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း ဖွင့်ချခဲ့သည့်အတွက် ထောင်ဝန်ထမ်းများ၏ တန်ပြန်နှိပ်စပ်ညှဉ်းပန်းမှုများနှင့် ရင်ဆိုင်နေရသည်ဟု စုံစမ်းသိရှိရသည်။

စစ်ကောင်စီကဖွဲ့ပေးထားသည့် လူ့အခွင့်အရေးကော်မရှင်က ၎င်းတို့သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာနှင့် ယခုနှစ်ဇန်နဝါရီတို့တွင် အင်းစိန်ထောင်တွင်းသို့သွားရောက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ထိုသုံးဦး၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ကော်မရှင်၊ အကျဉ်းဦးစီးဌာနတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ် မရသေးပေ။

နိုင်ငံရေးအကျဉ်းသားသုံးဦးကို ထောင်ဝန်ထမ်းတို့က  ဇန်နဝါရီလ ဒုတိယသတင်းပတ်အတွင်း အကျဉ်းသားအိပ်ဆောင်များတွင် မထားတော့ဘဲ ထောင်တွင်းစစ်ကြောရေးနှင့် ပုံစံဆောင်များသို့ ပြောင်းရွှေ့ခဲ့ပြီး နေ့စဉ်နာရီပေါင်းများစွာ ရိုက်နှက်အပြစ်ပေးခဲ့သည်ဟု အင်းစိန်ထောင်ဝန်ထမ်းတစ်ဦးက ဆိုသည်။

“နေ့ခင်းကျရင် အလုပ်ကြမ်းတွေလုပ်ခိုင်းတယ်။ မစင်ခပ်ခိုင်းတယ်။ မစင်ပုံးတွေ ထမ်းခိုင်းတယ်။ ကျောက်သယ်၊ မြေကြီးတူး၊ ထမ်းတာတွေလုပ်ရတယ်။ ညဘက်ကျရင် သမံတလင်းပေါ်မှာ ထားတာ။ မထင်ရင် မထင်သလို ရိုက်နှက်နှိပ်စက်တယ်”ဟု အထက်ပါ ထောင်ဝန်ထမ်းကပြောသည်။

သတင်းနှစ်ပတ်ကြာခဲ့သည့် အဆိုပါညှဉ်းပန်းနှိပ်စက်မှုတွင် အင်းစိန်ထောင်ဝန်ထမ်းများနှင့်အတူ အင်းစိန်ထောင်ဝန်ထမ်း အဆောင်မှူးဝေလင်းဆိုသူလည်း ပါဝင်ကြောင်းလည်း ၎င်းကဆိုသည်။

ထောင်တွင်းစစ်ကြောရေး ပုံစံဆောင်များသို့ ခေါ်ဆောင်၍ အင်းစိန်ထောင်အာဏာပိုင်များက နှစ်ပတ်ကျော်ကြာ ရိုက်နှက်နှိပ်စက်ခဲ့ခြင်းဖြစ်သည်ဟု ထောင်ဝန်ထမ်းတစ်ဦးက ပြောသည်။

“နေ့စဉ် ရိုက်နှက်တယ်။ နှိပ်စက်တယ်။ အလုပ်ကြမ်းတယ် ခိုင်းတယ်။ ထောင်ဝင်စာလည်း ပိတ်ထားတယ်။ အခုချိန်ထိလည်း ပုံစံခေါ်ထိုင်းခိုင်းတာ၊ ခေါ်ရိုက်တာတွေလုပ်တယ်”ဟု လည်း၎င်းကဆိုသည်။

ညှဉ်းပန်းနှိပ်စက်ခံ နိုင်ကျဉ်းသုံးဦးအနက် ကိုနိုင်ဝင်းမှာ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ အကြီးအကျယ်ထိခိုက်ခဲ့သည်ဟုလည်း အင်းစိန်ထောင်တွင်း သတင်းအရင်းအမြစ်က ဆိုသည်။ 

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်။ 

“(ကိုနိုင်ဝင်းကို) တစ်ခုမဟုတ်တစ်ခု အပြစ်ရှာပြီးတော့ ခေါ်ခေါ်ရိုက်နေတာ။ သူကစိတ်တောင် လွတ်ချင်သလိုတောင် ဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်၊  သတင်းထောက် ကိုစိုင်းဇော်သိုက်တို့၏ ကျန်းမာရေးအခြေအနေကို  ​Myanmar Now က ဆက်လက်စုံစမ်းနေသည်။  

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကို ၂၀၂၁ ခုနှစ် ဇွန်လတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး 

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ထောင်၂နှစ်ချခဲ့သည်။ လွတ်ရက်စေ့ကာနီး ၂၀၂၃ ဇွန်လတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် ထပ်မံတရားစွဲပြီး ထောင် ၇နှစ်အထိ တိုးမြှင့်ခဲ့သည်။

Myanmar Now ၏ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်သည် ၂၀၂၃ မိုခါမုန်တိုင်းအကြောင်း ရခိုင်ပြည်နယ်သို့သွားရောက်သတင်းယူစဉ် စစ်ကောင်စီကဖမ်းဆီးခဲ့သည်။ သူ့ကို သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ ၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ဖြင့် စစ်ခုံရုံးတင်ပြီး ထောင်နှစ်၂၀ ချမှတ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသား ကိုနိုင်ဝင်း  ထောင်ချခံထားရသည့် အကြောင်းရင်း အပါအဝင် သူ၏ အသေးစိတ်အချက်အလက်ကို Myanmar Now က စုံစမ်းနေဆဲဖြစ်သည်။

ထောင်မှ ပြန်လွတ်မည့်နေ့တွင် စအဖက ခေါ်သွားပြီးနောက် သတင်းအစအန မရတော့သည့် ကိုသက်နှင်းအောင်

Show More

Related Articles

Back to top button