သတင်း

လက်နက်ကိုင်တပ်အချင်းချင်း လေးစားပြီး အာဏာရှင်ကို အတူတိုက်ရန်  KIO ဥက္ကဋ္ဌ ပြော

လက်နက်ကိုင်တပ်များ အချင်းချင်းလေးစားပြီး စစ်အာဏာရှင်ပြုတ်ကျရေး အတူတိုက်ကြရန် ၆၄ နှစ်မြောက် ကချင့်တော်လှန်ရေးနေ့တွင် ဗိုလ်ချုပ်ကြီးအင်ဘန်လ တိုက်တွန်းခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် နယ်မြေ အငြင်းပွားမှုများဖြစ်နေသည့်အပေါ် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO)၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက လက်နက်ကိုင်အဖွဲ့များကြား အချင်းချင်းလေးစားပြီး စစ်အာဏာရှင်ကို အတူလက်တွဲ တိုက်ပွဲဝင်ရန် ယနေ့ တိုက်တွန်းသည်။

ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကျရောက်သည့် ၆၄ နှစ်မြောက် ကချင့်တော်လှန်ရေးနေ့ အထိမ်း အမှတ်အဖြစ် ရုပ်သံဖိုင်ဖြင့် မိန့်ခွန်းပြောကြားရာတွင် ထို့သို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ်ပြီး အာဏာရှင်စနစ် လွတ်မြောက်ရန် အဓိက ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောသည်။

“ ရှမ်းမြောက်မှာလည်း နယ်မြေလုတာတွေဖြစ်နေတယ်။ စစ်အင်အား လက်နက်အင်အားနဲ့ပဲ နယ်မြေ ကို စိုးမိုးရယူတာမျိုးမဟုတ်ဘူး။ နယ်မြေလုတာက အဲဲဒီမှာရှိနေတဲ့ ပြည်သူတွေကြား ပြဿနာ ဖြစ်စေတာပဲ။ ဒါကြောင့် အခုအချိန် အတူနေ လက်နက်ကိုင်တပ်တွေကြား အချင်းချင်း လေးစားပြီး လက်တွဲကာ အဓိက ရန်သူကို တိုက်ရအောင်” ဟု KIO ဥက္ကဋ္ဌက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ရှမ်းမြောက် ကွတ်ခိုင်၊ နမ့်ခမ်းနှင့် မန်တုံမြို့နယ်များရှိ ဒေသအချို့တွင် KIA နှင့် TNLA တို့ကြား နယ်မြေအငြင်းပွားမှုများကြောင့် အောက်ခြေတပ်ဖွဲ့ဝင်များအကြား တင်းမာမှု များဖြစ်ပွားခဲ့သော်လည်း တစ်ဖက်နှင့် တစ်ဖက် ထိုးကြိတ်ကြပြီး လက်နက်မပါဘဲ ဖြေရှင်းခဲ့ကြသည်။

TNLA နှင့် ၎င်းတို့ နှစ်ဖက်တပ်များအကြား အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဆွေးနွေးသည့် နည်းလမ်း များဖြင့် ဖြေရှင်းနေကြောင်းကို ပြီးခဲ့သည့် ရက်များအတွင်း ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောထားသည်။

TNLA တပ် ပြန်လည်ထူထောင်ချိန်က KIA ကူညီပေးခဲ့ဖူးပြီး ထိုသို့ကူညီမှုသည် မိတ်ဆွေ တိုင်းရင်းသားများ၏ နယ်မြေများကို ရယူလိုစိတ်ကြောင့်မဟုတ်ဘဲ စစ်အာဏာရှင်စနစ်မှ ပြည်သူတစ်ရပ်လုံး လွတ်မြောက်ရန်သာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ထည့်သွင်း ပြောသည်။

လက်နက်ကိုင်တပ်အချင်းအချင်းကြား ပြဿနာဖြစ်ချင်းထက် ကူညီချင်းကူညီရန်၊ ဆွေးနွေးပွဲများ ဖြင့် ဆုံးဖြတ်ရမည့် ကိစ္စများကို အချိန်မတိုင်ခင် မဖြေရှင်းရန် အရေးကြီးကြောင်း ၎င်းက ဆက်လက် ပြောသည်။

ဇန်နဝါရီလနောက်ဆုံးပတ်က ရှမ်းမြောက်တွင် နှစ်ဖက်ထိပ်တိုက်တွေ့နေသည့် KIA နှင့် TNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- Mai Amm La Ngean)

နိုင်ငံရေးပါတီများတွင်လည်း ပြည်သူ့ဘက်ရပ်သည့် ပါတီများရှိသလို စစ်ကောင်စီထောက်တိုင်ပါတီ များလည်းရှိနေပြီး စစ်အာဏာရှင်စနစ်နှင့်အတူ ကျဆုံးသွားခြင်းမျိုး မဖြစ်စေရန် နိုင်ငံရေးပါတီများ ကို ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းသည်။

ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် ပြန်လည်တည်ဆောက်ရေး ကောင်စီ (နဝတ) အစိုးရလက်ထက် ၁၉၉၇ တွင် စစ်တပ်နှင့် KIA တို့အကြား အပစ်ရပ် လက်မှတ်ရေးထိုးခဲ့သော် လည်း ၁၇ နှစ်လုံးလုံး နိုင်ငံရေးဆွေးနွေးမှုများကို မလုပ်နိုင်ခဲ့ကြောင်း  ၎င်းက ဆိုသည်။

နောက်ဆုံးအနေဖြင့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၎င်းကိုင်ထားသည့် အာဏာအား တိုင်းပြည်ငြိမ်းချမ်းရန် အသုံးချသင့်ကြောင်းနှင့် ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာပဲ ရှာဖွေ နေခြင်းမျိုး မဖြစ်စေရန် ၎င်းက ဆက်လက်ပြောဆိုသည်။

KIA ကို ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မဟာ (၃) အခြေစိုက်ပြီး ကချင်ပြည်နယ်တွင် တပ်မဟာ ၈ ခုတို့ဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသော နမ့်ဖတ်ကာရွာကြီး၊ မန္တလေးတိုင်း သပိတ်ကျင်းနှင့် ထိစပ်နေသည့် မဘိမ်းမြို့တို့ကို KIA က ယမန်နှစ် အတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည်။ 

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် ပြည်မမှ လူငယ်အများအပြားကို KIA က စစ်သင်တန်းများ ပေးခဲ့ပြီး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ တပ်များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။

အလားတူ NUG အမှတ်(၁) စစ်ဒေသ၏ စစ်ဒေသမှူးအဖြစ် ကွယ်လွန်သူ  KIA စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး R ခေါင်လွမ်းက တာဝန်ယူခဲ့သည်။ 

ရှမ်းမြောက်တွင် TNLA နှင့် KIA ဆက်ဆံရေးတင်းမာနေသလို KIA နှင့် MNDAA တို့လည်း ပွတ်တိုက်မှု တချို့ ရှိခဲ့သည်။  အလားတူ မန္တလေးတိုင်းအတိုင်း ဒေသအခြေစိုက် PDF တပ်တချို့နှင့် TNLA တပ် တချို့ နယ်မြေဖြတ်သန်းမှုအပေါ် အငြင်းပွားမှုများရှိခဲ့သည်။

TNLA နှင့်  MNDAA သည် မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ဝင်များ ဖြစ်ကြသလို MNDAA နှင့် KIA သည်လည်း လက်နက်ကိုင်များ ပေါင်းထားသည့်ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များ ဖြစ်ကြသည်။

FPNCC တပ်ပေါင်းစုတွင် ‘ဝ’ တပ် UWSA၊ ကချင်တပ် KIA၊ ရခိုင်တပ် AA၊ ကိုးကန့်တပ် MNDAA၊ မိုင်းလားအခြေစိုက်တပ် NDAA တို့လည်း ပါဝင်ပြီး နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းမှုများ ရှိကြသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးအဖွဲ့များအကြား ပွတ်တိုက်မှုများ၊ ဆက်ဆံရေးတင်းမာမှုများရှိခဲ့ပြီး အထူးသဖြင့် NUG လက်အောက်ခံတပ်များ နှင့် ဒေသကာကွယ်ရေးအဖွဲ့များအကြား ပစ်ခတ်ဖြေရှင်းမှုများ ရှိခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ပိုင်းရှိ ဗိုလ်ကျားကြီးအမည်ရှိ ဒေသခံ အဖွဲ့၏ ကင်းစခန်းတစ်ခုကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဝင်ရောက်ပစ်ခတ်ရာ အဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁၂ ဦး ဖမ်းဆီးခံခဲ့ရမှု ဖြစ်ပွားခဲ့သည်။

အလားတူ ချင်းလက်နက်ကိုင်အဖွဲ့များအကြား ပစ်ခတ်မှုများရှိခဲ့ပြီး သေဆုံး ဒဏ်ရာရမှုများလည်း ရှိနေသည်။ ယမန်နှစ်ဆန်းက ချင်းပြည်နယ် မတူပီမြို့နယ်၊ လိုင်လင်းပီမြို့အနီး ချင်းတော်လှန်ရေးအဖွဲ့ အချင်း ချင်း ပစ်ခတ်မှုဖြစ်ပြီး ချင်းကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button