သတင်း

KIA နှင့် TNLA အောက်ခြေအငြင်းပွားမှုကို လက်နက်မပါဘဲ ဖြေရှင်း

ရှမ်းမြောက်ဒေသရှိ KIA နှင့် TNLA တပ်သားများ အငြင်းပွားမှု ဖြစ်ပွားစဉ် လက်နက်များ ကိုင်ဆောင်ထားကြသော်လည်း အပြန်အလှန် ပစ်ခတ်ခြင်း မပြုခဲ့ကြပေ။

ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှစ်ခု၏ အောက်ခြေတပ်သားများ မကြာသေးခင်က ထိပ်တိုက်တွေ့ပြီး ပဋိပက္ခဖြစ်ပွားစဉ် ကိုင်ဆောင်ထားသည့် လက်နက်များကို အသုံးမပြုဘဲ အပြန်အလှန် ထိုးကြိတ်၊ တုံ့ပြန်ကြသည့် ရုပ်သံမှတ်တမ်း အွန်လိုင်းတွင် ပျံ့နှံ့နေသည်။

စစ်ကောင်စီတပ်များ ကင်းစင်သွားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် နမ့်ခမ်း မြို့နယ်တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ၏တို့အကြား နယ်မြေသတ်မှတ်မှု အငြင်းပွားရာမှ ထိပ်တိုက်တွေ့ကြခြင်း ဖြစ်သည်။

ဇန်နဝါရီ ၂၆ ရက်က ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာဒေသရှိ KIA စစ်ဆေးရေးဂိတ်ကို TNLA က အင်အားသုံးကာ ဝင်ရောက်ခဲ့ရာမှ နှစ်ဘက်တပ်များအကြား အပြန်အလှန် တွန်းထိုးကြပြီး အခြေအနေ တင်းမာခဲ့သည်။

 နှစ်ဘက်တပ်သားများ လက်နက်များကို ကျောတွင် လွယ်ထားပြီး ဒေါသတကြီး ဆဲဆိုတွန်းထိုးနေ ကြကာ၊ လုံခြုံရေးအတွက် ချထားသည့် အတားအဆီးများ  ဖယ်ရှားနေကြသည်ကို ရုပ်သံများတွင် တွေ့ရသည်။

ထိုနေ့ တစ်ရက်တည်းမှာပင် နမ့်ခမ်းမြို့နယ်အနောက်တောင်ဘက် မုံးဝီးဒေသတွင်လည်း   KIA တပ်မဟာ (၄) ဒေသ မုံးဝီးကျေးရွာရှိ KIA ဂိတ်စခန်း ၂ ခုကို TNLA က အင်အားအများအပြားဖြင့် ဖယ်ရှားခိုင်းရာမှ တင်းမာမှုဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံတချို့ က ပြောသည်။

KIA နှင့် TNLA လက်နက်ကိုင်များ တစ်ဘက်တစ်ယောက်  ထိုးကြိတ်ခဲ့ကာ အပြီးသတ်တွင် လက်ဆွဲ နှုတ်ဆက်ကာ ပွေ့ဖက်လိုက်ကြသည်ကို  ရုပ်သံတွင် တွေ့ရသည်။

ထို့ပြင် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာနှင့် မန်တုံမြို့နယ်တို့တွင်လည်း နယ်မြေထိန်းချုပ်မှု အငြင်းပွားနေရဆဲဖြစ်ကြောင်း ဒေသခံတချို့က ပြောသည်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ၎င်းတို့၏ တပ်မဟာ(၆)၊ (၄) နှင့် (၁၀) ဒေသများရှိ  တပ်များကို TNLA တပ်များက ကန့်သတ်လာခြင်းကြောင့် ထိုသို့  အငြင်းပွားတင်းမာနေခြင်းဖြစ်ကြောင်း Myanmar Now ကို‌ ယမန်နေ့က ပြောသည်။

ယမန်နေ့က နမ့်ခမ်းမြို့နယ်အနောက်တောင်ဘက် မုံးဝီးဒေသတွင် TNLA နှင့် KIA တပ်ဖွဲ့ဝင်များ ဆက်ဆံရေး တင်းမာပြီးနောက် ထိုးသတ်နေကြစဉ်။ (ဓာတ်ပုံ- T Awng ရုပ်သံမှ)

“ရှေ့တန်းက ကျွန်တော်တို့ ရဲဘော်တွေလည်း သွေးပူနေလို့ ပွတ်တိုက်မှုတွေရှိတာပါ။ မနေ့ကလည်း သုံးလေးနေရာမှာ (တင်းမာမှု)ဖြစ်ပါတယ်။ ဒီနေ့လည်း ဖြစ်တယ်လို့တော့ ကြားပါတယ်။  အဲဒီကိစ္စ ကတော့ အချင်းချင်းညှိနှိုင်းပြီးမှ ဖြေရှင်းဖို့ ပြောထားတာရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

“အခုလိုမျိုး အချင်းချင်း ရန်ဖြစ်ပြီးမှ ဖြေရှင်းတဲ့နည်းမဟုတ်ဘဲနဲ့ ဆွေးနွေးပြီးမှ ဖြေရှင်းတဲ့နည်းနဲ့ပဲ ကျွန်တော်တို့ လုပ်ရအောင်ဆိုပြီးမှ ပြောထားတာရှိပါတယ်”

သက်ဆိုင်ရာ နယ်မြေများမှ နှစ်ဘက်ခေါင်းဆောင်များ တွေ့ကြလိမ့်မည် ဖြစ်ကြောင်း၊  ဆွေးနွေးမှု အခြေအနေကို  မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး TNLA အဖွဲ့က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံမှ မှတ်ချက် ရရှိရန်  Myanmar Now  က ဆက်သွယ်မေးမြန်း နေဆဲ ဖြစ်သည်။

ဇန်နဝါရီ ၁၂ ရက်နေ့က  ကျင်းပခဲ့သည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားတွင် PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက မိန့်ခွန်းပြောကြားရာ ဒေသတွင်းဖြစ်ပွားနေသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် အကောင်းဆုံးနည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားထား သည်။

နမ့်ခမ်းမြို့နယ်တွင် နေထိုင်သည့် ဝါရင့်နိုင်ငံရေးသမား ဒေသခံ အမျိုးသားတစ်ဦးက လတ်တလော ဖြစ်ပေါ်နေသည့် မုံးဝီးဒေသအခြေအနေများနှင့် ပတ်သက်ပြီး နှစ်ဘက်တပ်များ နားလည်မှုရှိပါက အလွယ်တကူဖြေရှင်းနိုင်မည်ဟု ယူဆကြောင်း ပြောသည်။

“ဟိုဘက် ဒီဘက်က များသောအားဖြင့်က လူငယ်တွေများတယ်လေ။ လူငယ်တွေဆိုတော့ တခါတလေ ခြေလွန်လက်လွန်တော့ရှိမှာပေါ့။ အဲဒီတော့ လူကြီးတွေကတော့ ဖြေရှင်းပြီးတော့ ညှိနှိုင်းပြီးတော့ သူ့အမှားကိုယ့်အမှား နောက်မဖြစ်အောင်တော့ ဖြေရှင်းလို့ရမယ်ထင်တယ်”   ဟု ထိုသူက ဆိုသည်။

“နှစ်ဘက်လုံးက ပြောထားပြီးသား။ တော်လှန်ရေးပြီးရင်တော့ ကျွန်တော်တို့က ကိုယ့်ဘာကို ညှိနိုင်ပြီး ရအောင်လုပ်လို့ရတဲ့ အခြေအနေမှာ ရှိတယ်ဆိုပြီး ပြောထားတာရှိပါတယ်၊ ကိုယ့်အချင်းချင်းထက် ဘုံရန်သူကို တိုက်ခိုက်ဖို့ ပိုအရေးကြီးကြောင်း ပြောထားကြတာပါ”

၂၀၂၃ ခုနှစ် အောက်တိုဘာလက ရှမ်းမြောက်တွင် MNDAA, TNLA, AA ပါဝင်သော မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း ကွတ်ခိုင်မြို့နှင့် နမ့်ခမ်းမြို့တို့ အပါအဝင် မြို့ပေါင်း ၁၃ မြို့ကို TNLA  က သိမ်းပိုက်ခဲ့သည်။

KIA က အဆိုပါ မြို့နယ်များအတွင်းရှိ နမ့်ဖတ်ကာရွာအပါအဝင် ဒေသတချို့ကို သိမ်းပိုက်ထားသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်ဒေသတစ်ခုလုံးနှင့် လားရှိုး၊ သိန္နီ စသည့် မြို့များကို သိမ်းပိုက်နိုင် ခဲ့သည့် MNDAA နှင့် KIA တို့အကြား မုံးကိုးဒေသတွင်   နယ်မြေ အငြင်းပွားမှု ရံဖန်ရံခါ ဖြစ်ပွားနေသည်။

လတ်တလောတွင် TNLA နှင့် စစ်ကောင်စီတပ်တို့ နောင်ချိုမြို့နယ် တောင်ခမ်းရွာတွင် တိုက်ပွဲများ ဖြစ်ပွားနေသလို KIA ကလည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေကာ စစ်ကောင်စီတပ် က ၎င်းတို့အားသာချက်ဖြစ်သည့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နိုင်မှုကို ကောင်းစွာ အသုံးပြုနေသည်။

လေကြောင်းတိုက်ခိုက်မှုသည် မကြာခဏဆိုသလို အရပ်သားများကိုပါ ထိခိုက်နေသည်။

TNLA ထိန်းချုပ်သည့် ကျောက်မဲမြို့ကိုလည်း စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ မူဆယ်နှင့် တန့်ယန်း၊ မိုင်းရယ်မှလွဲပြီး ကျန်မြို့အားလုံးကို လက်လွှတ်ထားရသည့် စစ်တပ်က ဆုံးရှုံးနယ်မြေများကို မကြာခဏ ဗုံးကြဲတိုက်ခိုက်နေ သည်။

တရုတ်ကြားဝင်မှုဖြင့် MNDAA နှင့် မကြာသေးခင်ကမှ အပစ်ရပ်ထားသောစစ်ကောင်စီက TNLA နှင့် AA  ထိန်းချုပ်ဒေသများကို ပစ်မှတ်ထားနေသည်။

ဇန်နဝါရီ ၂၆ ရက်က နမ့်ဖတ်ကာတွင် ဖြစ်ပွားသော TNLA, KIA အငြင်းပွားမှုတစ်ခု။ (ဓာတ်ပုံ- T Awng ရုပ်သံမှ)

Show More

Related Articles

Back to top button