သတင်း

ဆိပ်ဖြူမြို့ ကင်မွန်းတောင့်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၊ ကလေးများအပါအဝင် မိသားစုဝင် ၅ ဦး သေဆုံး

ကပစစက်ရုံတစ်ခု တိုက်ခိုက်ခံထားရပြီးနောက် အနီးရှိ ကပစ-၂၂ က ပစ်ခတ်လိုက်သော လက်နက်ကြီး များသည် လူနေကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၅ နှစ်အရွယ် အမွှာကလေးများ အပါ အဝင် ၅ ဦး သေဆုံးသွားကြသည်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် ဇန်နဝါရီ  ၂၆ ရက်က စစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အသက် ၅ နှစ်အရွယ် အမွှာကလေးငယ်များအပါအဝင် မိသားစုဝင် ၅ ဦး သေဆုံးခဲ့ကြောင်း  တော်လှန် ရေးအင်အားစုများထံက သိရသည်။ 

ဇန်နဝါရီ ၂၆ ရက်နေ့ ညနေက အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂) မှ ပစ်ခတ်သည့် ကင်မွန်းတောင့်ရွာရှိ နေအိမ် တစ်ခုအနီး ကျရောက် ပေါက်ကွဲပြီး  အသက် ၅ နှစ်အရွယ် အမွှာယောကျာ်း လေး ၂ ဦး၊ အသက် ၄၀ ဝန်းကျင်အရွယ် ဦးလေးဖြစ်သူ၊ အသက်  ၇၀ ကျော် အရွယ်အဘွားတို့မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၄၀ ကျော်အရွယ် အဒေါ်ဖြစ်သူ မှာ ဆေးရုံသို့ ပို့ဆောင်စဉ်လမ်းတွင် သေဆုံးခဲ့သည် ဟု ဆိပ်ဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။ 

“နေအိမ်အရှေ့မျက်နှာစာမှာကျတာ။ သူတို့ ထိုင်နေတဲ့ ကုတင်သံဘောင်နဲ့လုပ်ထားတဲ့ ကုတင်ပျက်စီး တယ် ။ တစ်လုံးတည်းပစ်လိုက်တာ။ အမွှာနှစ်ယောက်ကတော့ အောက်ပိုင်းပျက်စီးတယ်။ မျက်နှာပိုင်း လေးတွေတော့ ပုံမှန်အနေအထားရှိတယ်။ အောက်ပိုင်းလေးတွေကတော့ ပြတ်ထွက်သွားမတတ်ပဲ ဗိုက်ကနေ အောက်ပိုင်းမရှိသလောက်ပဲ” ဟု မြို့နယ် ပကဖ ဒုတာဝန်ခံ ကိုဒေးဗစ်က ပြောသည်။ 

ကပစ -၂၂ နှင့် ကင်မွန်းတော်ရွာမှာ ၇ မိုင် ဝန်းကျင်ခန့်ကွာဝေးပြီး လက်နက်ကြီးနှင့်ပစ်ခတ်မှုမှာ ပထမဆုံး အကြိမ် ဖြစ်သည်ဟု ကိုဒေးဗစ်က ပြောသည်။ 

“(ပစ်တော့) ထွက်လိုက်တဲ့အသံကလည်း  ၂၂။ အတွင်းသတင်းကလည်း ဗဟိုကင်းကလည်း ပစ်တယ်။ ဟောင်ဝစ်ဇာထိုင်ထားတဲ့နေရာကိုလည်း သိရတယ်။…. ဒီလိုလက်နက်ကြီးနဲပစ်တာ တော်လှန်ရေးကာလ တစ်လျှောက် ပထမဆုံးပဲ။ အရင်တုန်းက နေ့တဝက် လောက် ၄၀ နဲ့ထောက်တာ၊ ပြောင်းတိုနဲ့ ထောက်တာပဲ ရှိတာ”ဟု ဆိုသည်။ 

ကလေးငယ်များ၏ မိခင်ဖြစ်သူမှာ ရင်ဘတ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေသည်ဟု ၎င်းက ဆက်ပြောသည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ဆိပ်ဖြူမြို့နယ်တွင် ကပစ စက်ရုံနှစ်ခုရှိပြီး ကပစ-၂၂ မှာ MA series အမျိုးအစား လက်နက်ငယ်များ ထုတ်လုပ်ကာ ကပစ- ၂၁ တွင် လေယာဉ် ပစ်ဗုံးသီးများ ထုတ်လုပ်သည်။ 

ကပစ စက်ရုံ ၂ ခုရှိရာ ဆိပ်ဖြူမြို့နယ်တွင် တော်လှန်ရေးအင်အားစုများက ခြေကုပ်ယူနယ်မြေစိုးမိုးမှု ဖြန့် ကျက်ထားပြီး စစ်တပ်ကလည်း စစ်အင်အားဖြည့်တင်းခြင်း၊ လက်နက်ကြီးများ တပ်ဆင်ခြင်းတို့ ပြုလုပ် ထားသည်ဟု ကိုဒေးဗစ်က ဆိုသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက ကပစ -၂၁ ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရ၍  ကပစ -၂၂ က အနီးဝန်းကျင် ကို တပ်လှန့်သည့်အနေဖြင့် ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ကိုဒေးဗစ်က သုံးသပ်သည်။ 

စစ်တပ်၏ အသက်သွေးကြောဖြစ်သည့် လက်နက်ခဲယမ်းများ အဓိကထုတ်လုပ်ပေးနေသည့် ကပစ စက်ရုံ ၂၅ ခုရှိသည့်အနက် ထက်ဝက်ကျော်မှာ မကွေးတိုင်းတွင် တည်ရှိသည်။ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ  အမ်းမြို့နယ်အပါအဝင် ရခိုင်ရိုးမတကြောနှင့် ချင်း ပြည်နယ်တောင်ပိုင်းကို ယခုနှစ်ကုန်တွင် စစ်တပ်က လက်လွှတ်ခဲ့ရပြီးနောက် ကပစ စက်ရုံများ တည်ရှိရာ မကွေးတိုင်းမှာ စစ်ရေးအရ ခြိမ်းခြောက်ခံနေရပြီး စစ်တပ်က အရှိန်မြှင့် စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင် လာသည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။

Show More

Related Articles

Back to top button