ဆောင်းပါးရွေးကောက်ပွဲ

လသားအရွယ်ပါတီကြီးရဲ့ ရွေးကောက်ပွဲခြေလှမ်း

မော်လမြိုင် – ရာသီဥတုသာယာလှပတဲ့ အောက်တိုဘာလလယ်ပိုင်း ညနေခင်းတစ်ခုမှာ သံဃာတွေ၊ အရွယ်စုံ အမျိုးသား၊ အမျိုးသမီးတွေ လိုက်ပါလာတဲ့  မော်တော်ယာဉ်တန်းကြီးဟာ မွန်ပြည်နယ် မြို့တော် မော်လမြိုင်မှာ စီတန်းလှည့်လည်နေပါတယ်။  ဒါကတော့ အမျိုးသားတိုးတက်ရေးပါတီ (NDP) ရဲ့ မဲဆွယ်ယာဉ်တန်းပါ။  နေရောင်အောက်မှာ တလွှားလွှားလွင့်ပျံနေတဲ့ ရွှေရောင်ကဒေါင်းပုံပါ ပါတီအလံတွေ တပ်ဆင်ထားတဲ့ကားတွေ ဦးတည်နေတာကတော့  သံလွင်မြစ်ဘေး ကမ်းနားဟိုတယ်ရှေ့ ဖြစ်ပါတယ်။

NDP ပါတီဟာ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ကြွေးကြော်သံနဲ့ လွန်ခဲ့တဲ့လအနည်းငယ်အတွင်းကမှ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဗြုန်းခနဲ ပေါ်ပေါက်လာတာ ဖြစ်ပေမယ့် ဘဏ္ဍာရေးအဆင်ပြေပြီး တခြားပါတီတွေနဲ့ယှဉ်ရင် နိုဝင်ဘာရွေးကောက်ပွဲဝင်မယ့် လွှတ်တော်အမတ်လောင်းအရေအတွက်ကလည်း စတုတ္ထအများဆုံးဖြစ်ပါတယ်။

ဟိုတယ်ရှေ့မြက်ခင်းပြင်မှာတော့  သံဃာအပါး ၆ဝ ခန့်က ထိုင်ခုံတွေနဲ့နေရာယူထားကြပြီး အဲဒီနောက်မှာတော့ ထောင်ဂဏန်းနီးပါးလောက်ရှိတဲ့ လူအုပ်ကြီး ရှိပါတယ်။  သူတို့ရဲ့တီရှပ်မှာ ပါတီတံဆိပ်တွေ ရိုက်နှိပ်ထားပြီး  တချို့တီရှပ်မှာတော့  “အမျိုးစောင့်ဥပဒေ အောင်ခဲ့ပြီ” ဆိုတဲ့  စာတန်းကို တွေ့ရပါတယ်။ စင်ပေါ်က ပါတီဥက္ကဋ္ဌ ဦးနေဇင်လတ်ရဲ့ မိန့်ခွန်းထဲမှာလည်း မျိုးစောင့်ဥပဒေ ပါဝင်နေပါတယ်။  

“နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတိုင်းက သူ့နိုင်ငံ၊ သူ့လူမျိုး၊ သူ့ဘာသာ အကျိုးစီးပွားအပေါ်မှာ ရပ်တည်နေကြပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံကျမှ ကိုယ့်နိုင်ငံရဲ့ အမျိုးဘာသာ သာသနာနဲ့ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို ရပ်တည်တဲ့အခါမှ ကျွန်တော်တို့ကျမှ မေးခွန်းထုတ်စရာလား”  လို့ ဦးနေဇင်လတ်က ပြောလိုက်တဲ့အခါမှာတော့ ပရိသတ်က  ဟေးခနဲ အော်သံပေးပြီးတော့  လက်ခုပ်တီး အားပေးလိုက်ကြပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ဘာသာရေးဆိုင်ရာ တင်းမာမှုတွေ ပေါ်ပေါက်နေပြီး အများစုကတော့ အင်အား ကြီးမားလာတ မဘသအဖွဲ့ရဲ့ လှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်လာတာပါ။ မကြာသေးခင်လတွေအတွင်း သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြဋ္ဌာန်းလိုက်တဲ့ မျိုးစောင့်ဥပဒေတွေဟာ လူ့အခွင့်အရေးစံတွေနဲ့ မညီဘူး၊ မွတ်စလင်တွေကို ပစ်မှတ်ထား ကန့်သတ်တာ ဖြစ်တယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်ကြပေမယ့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ကြွေးကြော်သူတွေကတော့ လှိုက်လှိုက်လှဲလှဲ ထောက်ခံနေကြပါတယ်။  

NDP ပါတီကတော့ မဲဆွယ်စည်းရုံးတဲ့ကာလအတွင်း ဒီဥပဒေတွေကို  ထောက်ခံကြောင်း ပေါ်ပေါ်တင်တင်  ဟောပြော ကြေညာပေမယ့် နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် နိုင်ငံထဲမှာရှိတဲ့ လူနည်းစု မွတ်စလင်တွေကို ဦးတည် ဆန့်ကျင်နေတာမဟုတ်ဘူးလို့ ဆိုပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ မော်လမြိုင်မြို့နယ်ဥက္ကဋ္ဌ ဦးသောင်းလှက မွန်ပြည်နယ်မှာရှိတဲ့ သူတို့ပါတီရဲ့ အမတ်လောင်း ၃၁ ဦး မဲဆွယ်ကြရာမှာ ဘာသာရေး အကြောင်းအရာ ထည့်သွင်းပြောဆိုခြင်း မရှိကြောင်း ရှင်းပြပါတယ်။

“နိုင်ငံရေးနဲ့ဘာသာရေးနဲ့တော့ မရောယှက်စေချင်ဘူး။ ဒီလိုဆိုရင်တော့ ရူပ်ထွေးသွား နိုင်တယ်။ ကျွန်တော်တို့ကတော့ လုံးဝလက်မခံဘူး။  ဘာသာရေးကိုအသုံးချတာမျိုး၊ အလွဲသုံးစားလုပ်တာမျိုးတော့ မဖြစ်စေချင်ဘူး” လို့ ဦးသောင်းလှက ပြောပါတယ်။
 
သုံးလအတွင်း  ပါတီဝင်တစ်သိန်းကျော်ရှိလာ

NDP ပါတီက ပြည်သူ့လွှတ်တော်အတွက် ၁၃၄ နေရာ၊ အမျိုးသားလွှတ်တော်အတွက် နေရာ ၆ဝ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် ၁၆ဝ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့ ပါတီပြည်နယ်ရုံးမှာ တွေ့ရတဲ့ ပါတီရဲ့ မူဝါဒရေးရာတာဝန်ခံ၊  နိုင်ငံရေးသုံးသပ်ချက်ဆောင်းပါးရှင် ဦးပိုက်တင်ကတော့  သူတို့ပါတီမှာ ငွေကြေးတတ်နိုင်သူ အများအပြား  ပါဝင်တယ်လို့ ဆိုပါတယ်။

အင်တာဗျူးနေချိန်မှာပဲ သူ့အနားက လူတချို့က အဆက်မပြတ်စောင့်ကြည့်ပြီး သူတို့ဖုန်းတွေနဲ့ အသံဖမ်း၊ ဓာတ်ပုံရိုက် မှတ်တမ်းတင်နေကြပါတယ်။ သူတို့ပါတီဟာ အမျိုးသားတိုးတက်ရေးပါတီက ဘာသာရေးနဲ့ နိုင်ငံရေးရောထွေးနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ ပတ်သက်ပြီး သူက ဖြေရှင်းချက်ထုတ်ပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံကို ထေရဝါဒရဲ့ နောက်ဆုံးခံတပ်လို့လည်း ပြောကြတာလည်းရှိတယ်။ ကျွန်တော်တို့က အထူးသတိဝီရိယထားပြီးတော့ ကျွန်တော်တို့ရဲ့ ဘာသာ၊ သာသနာကို စောင့်ရှောက်ရမယ့်တာဝန်ဖြစ်နေတယ်။ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချမယ်ဆိုတဲ့ သဘောမျိုးတော့ မရှိပါဘူး” လို့ ဦးပိုက်တင်က လေးထောင့်ပုံ ပါဝါမျက်မှန်ကို ပင့်တင်လိုက်ပြီး ပြောပါတယ်။

ပါတီဥက္ကဋ္ဌဖြစ်သူ ဦးနေဇင်လတ် သမ္မတအကြံပေးအဖြစ်မှ နုတ်ထွက်ပြီး နိုင်ငံရေးပါတီတစ်ခု တည်ထောင်ရန် စတင်နေပြီဆိုတဲ့ သတင်းများ ထွက်ပေါ်နေခဲ့တဲ့၂ဝ၁၅ အစောပိုင်းကာလတွေကတည်းက အမျိုးသားတိုးတက်ရေးပါတီဟာ အကဲခတ်တွေ အာရုံစိုက်စရာ နိုင်ငံရေးပါတီတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။

NDP ပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ထွေးကို ဆက်သွယ်မေးမြန်းရာမှာတော့ နိုင်ငံအနှံ့မှာ ပါတီဝင်အင်အား သိန်းနဲ့ချီရှိနေပြီလို့ ပြောပါတယ်။
 
မဲဆွယ်မှုနဲ့ ဘာသာရေး   

NDP ပါတီက မဲဆွယ်ဟောပြောရာမှာ မျိုးစောင့်ဥပဒေကောင်းကြောင်း ထည့်သွင်းပြောကြားရုံတင် မကပါဘူး၊ ပါတီရဲ့ မဲဆွယ်အလှပြယာဉ်မှာလည်း ပါတီအမှတ်တံဆိပ် ရွှေရောင်ကဒေါင်းရဲ့ အထက်မှာ အမျိုးစောင့်ဥပဒေကို အပြည့်အဝ ထောက်ခံပါသည်လို့ ထင်ထင်ရှားရှား ရေးသားထားပါတယ်။

မော်လမြိုင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ် ပြိုင်မယ့်  ဦးအောင်ကိုကိုကတော့  သူတို့ရဲ့ပါတီကို ဘာသာရေးအဖွဲ့အစည်းတစ်ခုနဲ့ နှိုင်းယှဉ်ပြောဆိုတဲ့အတွက် မကျေမနပ်ဖြစ်နေပုံပေါ်ပါတယ်။

“မဘသနဲ့ကျွန်တော်တို့ကို ပေါင်းပြီးတော့လုပ်တယ်လို့လည်း စွပ်စွဲကြတယ်။ တကယ်ကတော့ ရည်ရွယ်ချက်ချင်းသွားတူတာဗျ” လို့ ဦးအောင်ကိုကိုက ရှင်းပြပါတယ်။

NDP ပါတီရဲ့မဲဆွယ်စည်းရုံးမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေသူတွေ အများစုဟာ ရပ်ကွက် ဆွမ်းတော်ကြီးလောင်းအသင်းတွေက လူငယ်တွေဖြစ်ပြီး ပါတီရဲ့မူဝါဒကို ကြိုက်နှစ်သက်သူတွေဖြစ်တယ်လို့ အသက် ၄ဝ ဝန်းကျင် မော်လမြိုင်ဇာတိ မွန်တိုင်းရင်းသား ဦးအောင်ကိုကိုက ပြောပါတယ်။

သူက ရန်ကုန်မှာအခြေချနေသူတစ်ဦးဖြစ်ပြီး  ၂ဝ၁ဝ ရွေးကောက်ပွဲမှာ  ရန်ကင်းမြို့နယ်ထဲက ရပ်ကွက်တစ်ခုမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူပါ။

ဘာသာရေးကို အသုံးချပြီး မဲဆွယ်မှုတွေလုပ်ကိုင်နေတာကို မွန်တိုင်းရင်းသားသံဃာ အများအပြားကတော့ ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောဆိုထားပါတယ်။

ဒေသခံမွန်တိုင်းရင်းသားတွေအပေါ်မှာ သြဇာလွှမ်းမိုးမှုရှိတဲ့ ရာမညနိကာယဂိုဏ်းက ဒုတိယဂိုဏ်းချုပ်ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ ဦးသီလစာရကတော့ မျိုးစောင့်ဥပဒေများကို ထောက်ခံတဲ့ ထိပ်တန်းရဟန်းတစ်ပါး ဖြစ်ပါတယ်။ သို့သော်လည်း ဒီဥပဒေနဲ့ ပတ်သက်ပြီး  မဲဆွယ်ရာတွင် အသုံးမပြုသင့်ကြောင်း မော်လမြိုင်မြို့ အနောက်ပဲခူးကျောင်းတိုက်အတွင်း  စာသင်သား သံဃာ ၈ဝဝခန့်ကို ဗုဒ္ဓစာပေတွေ နေ့ညမပြတ်ပို့ချပေးနေတဲ့  ဦးသီလစာရက မိန့်ကြားပါတယ်။   

“ အမျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးတာတော့ ကျေးဇူးတင်ပါတယ်။ ပါတီတွေအောင်နိုင်ရေးကတော့ ဘုန်းကြီးတို့က လိုက်ဟောပြောပေးနေရမှာ မဟုတ်ပါဘူး”လို့ သက်တော် ၇ဝ ဝန်းကျင်ရှိပြီဖြစ်တဲ့ ဆရာတော်က အသံခပ်မှန်မှန်နဲ့ မိန့်ပါတယ်။

မဲရရှိရေးအတွက် ဘာသာရေးကို အသုံးမပြုသင့်ကြောင်း မိန့်ကြားတဲ့ထဲမှာ မွန်တိုင်းရင်းသား ဆရာတော်တစ်ပါးဖြစ်သူ ဦးဥက္ကံသကလည်း ပါပါတယ်။

“ပါတီကြီးတွေရော အင်အားငယ်တဲ့ ပါတီငယ်တွေရော အနိုင်ရဖို့အတွက် နည်းမျိုးစုံ သုံးပြီးတော့ မဲဆွယ်နေတယ်။ ဘာသာရေးကို ခုတုံးလုပ်ပြီး မဲဆွယ်ဖို့ကတော့ လုံးဝကို မဖြစ်သင့်ဘူး” လို့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် နာမည်ကျော်အင်းစိန်ထောင်မှာ  ထိန်းသိမ်းခံရတဲ့  ဦးဥက္ကံသက မှတ်ချက်ပေးပါတယ်။

မျိုးစောင့်ဥပဒေကို  လွှတ်တော်မှာ ဆွေးနွေးစဉ်တုန်းကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်တွေက ကန့်ကွက်ခဲ့ကြတာပါ။ အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD အစိုးရဖွဲ့နိုင်ရင် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်မှာမဟုတ်ဘူးဆိုတဲ့ ဝါဒဖြန့်မှုတွေက မော်လမြိုင်အပါအဝင် တခြားမြို့ကြီးမြို့ငယ်တွေမှာလည်း ပေါ်ပေါက်နေပါတယ်။  

ဘာသာရေး ခုတုံးလုပ် စည်းရုံးတာတွေကို ကျေးလက်ဒေသမှာပိုပြီး မြင်တွေ့ရတယ်လို့ မော်လမြိုင်နဲ့ကပ်လျက် ပေါင်မြို့နယ်မှာ မဲဆွယ်နေတဲ့ NLD အမတ်လောင်း ဒေါ်မိကွန်ချမ်းက  ပြောပါတယ်။  သူရော သူ့ခင်ပွန်းသည်ပါ ဗုဒ္ဓဘာသာဝင်တွေပါ။

“ကျွန်မအမျိုးသားက ကုလား၊   ကျွန်မကလည်း ဗုဒ္ဓဘာသာမဟုတ်ဘူး ဆိုပြီးတော့ ဝါဒဖြန့်နေတာမျိုးတွေကို ကြားနေရပါတယ်” လို့ ဒေါ်မိကွန်ချမ်းက  ပြောပြပါတယ်။

Show More

Related Articles

Back to top button