
စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုများ လနှင့်ချီ ထိန်းချုပ်ထားရာမြို့များဖြစ်သည့် ခမ်းပါတ်မြို့နှင့် မော်လူးမြို့ကို ယမန်နေ့ (ဇန်နဝါရီ ၁၆) ရက်ညအချိန် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး၁ဦး အပါအဝင် ၅ ဦး သေဆုံးသွားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းရာ စစ်ကိုင်းတိုင်းတွင် အခြေစိုက်ရုံးဖွင့်ပြီး အုပ်ချုပ်ရေး ယန္တရားစတင်လည်ပတ်တော့မည်ဟု ပြောဆိုအပြီး ရက်ပိုင်းအတွင်းမှာပင် တိုင်းအတွင်းရှိ ဒေသအချို့ ဗုံးကြဲခံရခြင်းဖြစ်သည်။
အိန္ဒိယ – မြန်မာနယ်စပ် ခမ်းပါတ်မြို့ ရှိ မြို့နယ် ပြည်သူလုံခြုံရေးအဖွဲ့(ပလဖ)ရုံး၊ ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံး နှင့် မြို့ကပ်လျက်ရှိ ကနန်ကျေးရွာမှ ဘုန်းကြီးကျောင်းကို ည ၈ နာရီခွဲ ဝန်းကျင်တွင် စစ်တပ်က ဗုံးကြဲခြင်းဖြစ်သည်။
“၈ နာရီခွဲလောက်မှာ တိုက်လေယာဉ်နဲ့ လာကြဲတာ ၃ ခါကြဲပြီးတာနဲ့ ပြန်သွားတော့တာ” ဟု ခမ်းပါတ်မြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
ထိုတိုက်ခိုက်မှုတွင် မြို့နယ် ပလဖ တပ်ဖွဲ့ဝင်၁ ဦးနှင့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးသည်ဟု ဒေသခံများကဆိုသည်။ ထိခိုက်ဒဏ်ရာရသူ ၇ ဦးထက်မနည်းရှိပြီး အဆောက်အဦး ၂၁ လုံးနှင့် ကနန်ရွာဘုန်းကြီးကျောင်းဝင်း အတွင်းရှိ အဆောက်အဦး ၄ ခု ပျက်စီးသွားကြောင်း ခမ်းပါတ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့မှသိရသည်။
ယမန်နေ့ညက ခမ်းပတ်မြို့ကို လေကြောင်းတိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာ ညသန်းခေါင်ဝန်းကျင်တွင် ကချင်နှင့် စစ်ကိုင်းအစပ်ရှိ မော်လူးမြို့ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦး သေဆုံးခဲ့သည်။
မြို့မြောက်ဘက် စည်ပင်ရုံးအဆောက်အဦးနှင့် မြမာလာရပ်ကွက်တို့ကို ဦးတည်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဒေသခံ တစ်ဦးကပြောသည်။
“ ည ၁၁နာရီ၄၅မိနစ် မှာဖြစ်ပါတယ်။သုံးနေရာ တိုက်ခိုက်မှုဖြစ်ပွားပါတယ်။ မော်လူးမြို့ ရဲ့မြောက်ဖက် ဟဲနု မှာရှိတဲ့ တပ်ဦးတပ်ပေါင်းစု ဘုရားတောင်ခြေအနီး စည်ပင် ရုံးအဆောက်အဦး မြမာလာရပ် နှစ်နေရာ ဖြစ်ပါတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် တော်လှန်ရေးအင်အားစုများက နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမှ ခမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူး၊ မြို့သစ် ၊ ပင်လည်ဘူးနှင့် မန္တလေးတိုင်းမှ စဉ့်ကူး၊ တကောင်း၊ သပိတ်ကျင်းတို့ကို ထိန်းချုပ်ထားသည်။ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြို့များက စစ်တပ်က မြေပြင်တန်ပြန်ထိုးစစ်ဆင်နိုင်ခြင်း မရှိသေးဘဲ လေကြောင်းတိုက်ခိုက်မှုသာ အားပြုတိုက်ခိုက်နေသည်။
ကလေး – တမူးကားလမ်းပေါ်ရှိ ခမ်းပါတ်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ပြီး လေးရက်အကြာတွင် နိုဝင်ဘာ ၇ ရက်တွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။
မြို့သိမ်းပြီးလပိုင်းအကြာ ၂၀၂၄ ဇန်နဝါရီ ပထမပတ်တွင် ခမ်းပတ်မြို့နှင့်ကပ်လျက်ရှိ ကနန်ရွာကို လေကြောင်း တိုက်ခိုက်မှုအတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၉ ဦးအပါအဝင် ရွာခံ ၁၇ ဦး သေဆုံးခဲ့သည်။
စစ်ကိုင်းတိုင်းသာမက မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု အားကောင်းသည့် ရေစကြိုမြို့နယ်တွင်လည်း ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရရှိကြောင်း မြို့နယ် ပကဖမှ သိရသည်။
မြောင်နှင့် ရေစကြိုအစပ် ရေလယ်ကျွန်းဒေသရှိ သာဂေါင်ရွာကို လေကြောင်းမှ ဗုံးကြဲမှုအတွင်း အသက် ၁၆ နှစ်အရွယ် မောင်ထွန်းလင်းကျော်၊ အသက် ၅၅ နှစ်အရွယ် ဦးမောင်မြင့် သေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ် ယောကျာ်းလေး တစ်ဦး၊ အသက် ၁၆ နှစ်နှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။
“ပေါင် ၃၀၀ ဗုံးလို့ ယူဆရတဲ့ဗုံးလာချသွားတာ။တိုက်ပွဲလည်းဖြစ်ပွားခြင်းမရှိဘဲ ချသွားတာ။ ရွာထဲကိုမကျဘူး။ ရွာအစပ်မှာကျတာ။ သူတို့လေယာဉ်လာတော့ ရှောင်ရင်းပြေးရင်းနဲ့ထိကျတာ” ဟု မြို့နယ် ပကဖ တာဝန်ခံ ကိုဝေကြီးက ပြောသည်။
စစ်တပ်က ၎င်းတို့ဆုတ်ခွာခဲ့ရသော ရခိုင်၊ ရှမ်းပြည်တောင်ပိုင်းနှင့် ကချင်ပြည်နယ်တို့မှ ဒေသများကို ယခုနှစ်ဆန်းပိုင်းကစပြီး ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ၂၇ ဦးထက်မနည်း သေဆုံးခဲ့သည်။