သတင်း

ရခိုင်၊ ရှမ်းတောင်နှင့် ကချင်တွင် လေတပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ သေဆုံးသူ ၂၇ ဦးခန့် ရှိ 

စစ်ကောင်စီက ဆုတ်ခွာခဲ့ရသည့် ဒေသများကို ဗုံးကြဲနေသဖြင့် အရပ်သားထိခိုက်မှု အများအပြား ရှိနေသည်ကို တွေ့ရပြီး ကချင်ပြည်နယ် ရွှေတွင်းတစ်ခုတွင် သေဆုံးမှု အများဆုံးမှာ ဖြစ်နေသည်။

စစ်ကောင်စီလေတပ်က ဇန်နဝါရီ ၁၁ နှင့် ၁၂ ရက်တို့တွင် ရခိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင် ဒေသတို့ကို တိုက်ခိုက်ရာ ကလေးများအပါအဝင် ဒေသခံ ၂၇ ဦး ထက်မနည်း သေဆုံးသွားသည်ဟု စုံစမ်းသိရှိရသည်။ 

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က  ကချင်ပြည်နယ်၊  တနိုင်းမြို့နယ်အတွင်း ၎င်းတို့ ထိန်းချုပ်ထားသည့်ဒေသတစ်ခုဖြစ်သော လပူခရွှေမှော် ဇန်နဝါရီ ၁၁ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင်  ဗုံးကြဲခံရသောကြောင့် အရပ်သားထိခိုက်မှု များပြားသည်ဟု အတည်ပြုသည်။

“ကျွန်တော်တို့ဆီမှာ ကနဦး သိရတာက သေဆုံးသူ ၁၅ ဦး (သေဆုံးတယ်)။ တချို့တွေကတော့ ၁၈ ဦးလို့လည်း ကြားတယ်။  အဲ့တာကတော့ ဒဏ်ရာရတဲ့သူတွေထပ်သေတာများလားပေါ့၊ ကျွန်တော်တို့ဆီမှာ တရားဝင် အကြောင်းကြားတာတော့မရှိပါဘူး။  ဒဏ်ရာရတာ ၁၀ ၊ သေဆုံးသူ ၁၅ ဦး အဲဒါက အတည်ပြုပေးလို့ ရပါတယ်” ဟု KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို  ပြောသည်။ 

“ကျွန်တော်တို့ထိန်းချုပ်ထားတဲ့ နယ်မြေ ဖြစ်ပါတယ်။ တနိုင်းမြို့နယ်ကတော့ ၁၀ မိုင်လောက်တော့ ဝေးမှာပါ။ ခန့်မှန်းပေါ့နော်။  စကစ ယခင်ထိန်းချုပ်တဲ့နယ်မြေ၊ ၂၀၂၄ မှာ KIA သိမ်းပိုက်ပြီးနောက်ပိုင်း မှာ သူတို့ ဆုတ်ခွာသွားတဲ့နေရာတွေဖြစ်ပါတယ်”   

ထိုနေရာကို နေရာယူခဲ့ဖူးသော စစ်ကောင်စီတပ်သည် KIA နှင့် ပြည်သူများကို ပစ်မှတ်ထားကာ ဗုံးကြဲခြင်းဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက  သုံးသပ်သည်။ 

“KIA အခွန်လာကောက်တာကို အနှောက်အယှက်ပေးချင်လို့ ဗုံးကြဲတာလည်းဖြစ်နိုင်တယ်။ သယံဇာတ တွေ ထွက်တဲ့  သူတို့ထိန်းချုပ်တဲ့ နေရာဟောင်းတွေလည်းဖြစ်တယ်ဆိုတော့ KIA အခြေမချနိုင်အောင် ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဗုံးကြဲတာလည်းဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။ 

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် စန်လွန်ရွှေမှော်ရှိ စျေးဆိုင် ၉ ခု ပျက်စီးခဲ့ကြောင်း  ကချင်သတင်း ဌာန KNG ၏ သတင်းတစ်ပုဒ်တွင်  ဖော်ပြထားသည်။ 

ရှမ်းပြည်တောင်ပိုင်း ဗုံးကြဲမှု ၊ ၂ ဦး သေဆုံး

ဇန်နဝါရီ ၁၁ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဖြီကျွတ်ကျေးရွာကို  ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်သဖြင့် ၂ ဦး သေဆုံးခဲ့ရပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က နောက်တစ်နေ့တွင် သတင်း ထုတ်ပြန်သည်။

တောင်ယာမှပြန်လာသည့် ဒေသခံအမျိုးသမီး ၃ ဦးအနက် မိခင်နှင့် သမီးဖြစ်သူ သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပအိုဝ်းကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်သည်ဟု PNLA က ဆိုသည်။

ဒီဇင်ဘာ ၃၁ ရက်နေ့ကလည်း  PNLA ၏ နိုင်ငံရေးအဖွဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဌာနချုပ် ဗုံးကြဲတိုက်ခိုက် ခံထားရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၏ ဌာနချုပ်  ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ- PNLA)

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အနောက်ဘက် ဟန်ဘူးရွာနှင့် ဟန်ပို့ရွာ ဇန်နဝါရီ ၁၂ ရက်က ဗုံးကြဲခံရသည်။ 

ယခု တိုက်ခိုက်ခံရသောနေရာသည်   ဗုံးကြဲခံရဖူးသည့် လအိကျေးရွာ၊ ဘန်ကောက်စစ်ရှောင်စခန်း အနီးဝန်းကျင်၌ တည်ရှိသည်၊ ရွာအပြင်၌ ၂ လုံးပေါက်ကွဲကာ တစ်လုံးမှာ ဟန်ဘူးရွာ ကျောင်းဝင်း အတွင်း ကျရောက်သော်လည်း မပေါက်ကွဲသောကြောင့် လူအထိခိုက်မရှိဟု သိရသည် ။ 

ကြားကာလ ကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က စစ်ကောင်စီလေတပ်၏ တိုက်ခိုက်မှုသည် လူထုကို ပစ်မှတ်ထားသော လုပ်ရပ်ဟု ဆိုသည်။ 

“ ကရင်နီမှာ လူထု Target (ပစ်မှတ်) တွေကို ပိုပြီး မဲပြီးတော့မှ တိုက်ခိုက်တာတွေ ပိုလုပ်လာတယ်ပေါ့။ သူတို့ စစ်ရှုံးတဲ့နေရာတွေ များလာတယ်။ ထိခိုက်နစ်နာမှုရှိပြီဆိုရင် မဆိုင်တဲ့လူထုတွေကို ပစ်မှတ် ထားပြီးတော့ တိုက်ခိုက်လေ့ရှိတယ်။ လူထုတွေကို ပြန်ပြီးတော့မှ လက်စားချေတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

“ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုကို မနိုင်တော့ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားတဲ့နေရာ တွေကို မဲပြီးတော့မှ ပစ်ခတ်တိုက်ခိုက်ပြီးတော့မှ ပျက်စီးအောင်လုပ်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်မှာပါ။ အခြားသောရည်ရွယ်ချက်ကတော့ ရှိမှာမဟုတ်ပါဘူး” 

ကယားပြည်နယ် ခေါ် ကရင်နီပြည်နယ်သည် နေပြည်တော်နှင့် လွန်စွာ နီးကပ်သော ဒေသတစ်ခုဖြစ်ပြီး လက်နက်ကိုင်ခုခံမှု အားကောင်းသည်။

ကရင်နီဒေသတချို့တွင် တိုက်ပွဲများဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ကရင်နီနဲ့ ရှမ်းအစပ်မှာ တိုက်ပွဲတွေတော့ ဖြစ်ပါတယ်။ ဆီဆိုင်ဘက်မှာ ကျွန်တော်တို့ကရင်နီ တပ်ပေါင်းစုက သိမ်းလိုက်တဲ့ တိုက်ပွဲတွေ ရှိတယ်။ လွိုင်ကော်အနီးနားမှာ တိုက်ပွဲဖြစ်တာတချို့ရှိ တယ်။ ဒီရက်ပိုင်းမှာ ဘောလခဲဘက်မှာ ထိတွေ့တိုက်ပွဲတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။ 

ရခိုင်လေကြောင်းတိုက်မှု ၁၀ ဦးခန့် သေ

စစ်ကောင်စီတပ် ဆုတ်ခွာခဲ့ရသည့် ရခိုင်ပြည်နယ်တွင်လည်း လေကြောင်းတိုက်ခိုက်မှု ရှိနေရာ ပစ်မှတ်မှာ ပြည်နယ်အတွင်း ၁၇ မြို့အနက် ၁၄ မြို့ကို သိမ်းထားသည့် အာရက္ခတပ်တော် (AA) မဟုတ်ဘဲ  အရပ်သားများ ဖြစ်နကြောင်း သတင်း ရရှိသည်။

ကျောက်တော်မြို့ရှိ လူနေထူထပ်သော နေရာများကို  လေတပ်က ဇန်နဝါရီ ၁၁ ရက်နေ့တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံး လူ ၁၀ ဦးခန့် သေဆုံးနိုင်ပြီး လူအများအပြား ထိခိုက်ဒဏ်ရာ ရသွားသည်ဟု သိရသည်။

မြို့ပေါ်ရှိ ရပ်ကွက်နှင့်ဈေး အပါအဝင် လူနေထူထပ်သည့်နေရာများကို လေတပ်က ၃ ကြိမ် လာရောက်တိုက်ခိုက်စဉ် ဗုံး ၁၅ လုံး ကြဲချခဲ့သည်ဟု AA က ယင်းနေ့ နေ့လယ်တွင် သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအတွင်း အပြစ်မဲ့ ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွားလမ်းလာ အရပ်သား ပြည်သူတချို့ သေဆုံး၊ ဒဏ်ရာရပြီး၊ ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့သည်ဟု AA က ဆိုသည်။

ကျောက်တော် မြို့သည် ဖုန်းလိုင်း၊အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့်မြို့ဖြစ်သောကြောင့် Myanmar Now အနေဖြင့် ဒေသခံအများစုနှင့်အဆက်အသွယ်မရရှိသေးသဖြင့် အသေးစိတ် အချက်အလက်များကို တင်ပြနိုင်ခြင်းမရှိသေးပေ။

ဗုံးကြဲခံရမှုကြောင့်  ဒေသခံများမှာ စိုးရိမ်ကြောက်လန့်၍ အိမ်ပြင် မထွက်ရဲကြကြောင်း ကျောက်တော်မြို့ခံ အမျိုးသမီးတစ်ဦးက ယင်းနေ့ မွန်းလွဲပိုင်းက ပြောသည်။”သေတာ ဘယ်နှစ်ဦးမှန်းမသိသေးဘူး။ ၅ ယောက်သေတယ်လို့ကြားတယ်။ ဗုံးက ဆက်တိုက် ချတယ်။ တစ်ကြိမ်လာရင် သုံးလေးလုံးချတယ်၊ နောက်တစ်ကြိမ်လာရင် သုံးလေးလုံးချတယ် ။ နောက်တစ်ကြိမ် လာချတယ်။ အဲလိုမျိုးပေါ့။ လေယာဥ်လည်း ၂ စီးလို့ကြားတယ်။ မြို့တော့ တိတ်ဆိတ်နေတယ်”ဟု ၎င်းက ဆိုသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့ ရမ်းဗြဲမြို့နယ်၊  ကျောက်နီမော်ရွာလေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသွားသူတချို့၏ ရုပ်အလောင်းများကို တွေ့ရစဉ်။ (ဓာတ်ပုံ-AA)


ရခိုင်ပြည်နယ်တွင် စစ်ရှုံးနေသော စစ်ကောင်စီတပ်က AA သိမ်းပိုက်ထားသော မြို့ရွာများကို ဗုံးကြဲတိုက်ခိုက်နေသည်။ 

အလားတူ ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်နေ့က ပေါက်တောမြို့နယ်၊ တောင်ဦးမော်ကျေးရွာကို ၂ ကြိမ် ဗုံးကြဲခံရကြောင်း၊   နေအိမ် ၁ လုံးနှင့် ဆိုင်ခန်း ၁ ခန်း ပျက်စီးသွားကြောင်း ဒေသအခြေစိုက် အာရက္ခ မင်းသမီးသတင်းဌာန အွန်လိုင်းစာမျက်နှာ သတင်းတစ်ပုဒ်တွင်  ဖော်ပြထားသည်။  


ဇန်နဝါရီ ၈ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို ဗုံးကြဲခဲ့သဖြင့် ဒေသခံ ၄၀ ဦး ထက်မနည်း သေဆုံးကာ ၂၀ ကျော်ဒဏ်ရာရသွားခဲ့သည်။ ထိုတိုက်ခိုက်ခဲ့မှုအတွင်း ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့ မီးအပြင်းအထန် လောင်ကျွမ်းခဲ့သည်၊ နေအိမ်ပေါင်း ၃၉၈ လုံး မီးလောင်ခဲ့သည် ဟု AA က ထုတ်ပြန်ထားသည်။

သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးလောင်သေဆုံးသည်၊  AA ၏ စာရင်းများအရ သေဆုံးသူ ၂၆ ဦး အလောင်းအတည်ပြုနိုင်ကာ အလတ်စား၊ ပြင်းထန်ဒဏ်ရာရသူ ၁၂ ဦး နှင့် အသေးစားဒဏ်ရာရရှိသူ ၁၅ ဦးအထက်ရှိခဲ့သည်ဟု သိရသည်။

အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသော သူများရှိနေသေးသောကြောင့် သေဆုံး ဒဏ်ရာရသူများ အရေ အတွက် ထပ်မံတိုးလာနိုင်ကြောင်း၊ နောက်ထပ် သေဆုံးဒဏ်ရာရသူများစာရင်း ရရှိပါက ထပ်မံ ဖော်ပြမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

ထို့ပြင် ဇန်နဝါရီ ၁၀ ရက်ကလည်း ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းရွာကို စစ်တွေမြို့အခြေစိုက် စစ်ကောင်စီစခန်းများက လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အမျိုးသမီး ၁ ဦး သေဆုံးကာ အမျိုးသား ၁ ဦးဒဏ်ရာရသွားသည်။

အထက်ပါ တိုက်ခိုက်မှုသတင်းများနှင့် ပတ်သက်ပြီး စစ်ကောင်စီက အကြောင်းပြချက်ပေးခြင်း၊ တုံ့ပြန်ခြင်း မရှိသေးပေ။သို့သော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဆီဆိုင်မြို့နယ်၊ တောင်သာမြို့နယ်၊  ညောင်လေးပင် ခရိုင်တို့အတွင်း ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားတို့ထိခိုက်သည်ဟူသော သတင်းများမှာ မှားယွင်းနေကြောင်း စစ်ရုံးဝက်ဘ်ဆိုက်တွင် တုံ့ပြန်ထားသည်။

Show More

Related Articles

Back to top button