သတင်း

စစ်တပ်ပိုင် MyTel ကို အမေရိကန် အရေးယူပိတ်ဆို့ 

MyTel သည် လူ့အခွင့်အရေး နှင့် အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသော စစ်ကောင်စီကို ဘဏ္ဍာငွေနှင့် ထောက်လှမ်းစောင့်ကြည့်ရေး ဝန်ဆောင်မှုများ အကူအညီပေးခြင်း၊ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသူများကို ပစ်မှတ်ထားခြေရာခံကာ ဖိနှိပ်မှုများတွင် ပါဝင်သက်ခြင်းတို့ကြောင့် အမေရိကန် စက်မှုကုန်ထုတ် လုပ်ငန်းနှင့် လုံခြုံရေးဌာနက ပိတ်ဆို့ခြင်းဖြစ်သည်။

မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစု ရှယ်ယာပိုင်ဆိုင်ထားသော တယ်လီကွန်း ဆက်သွယ်ရေး အော်ပရေတာ MyTel ကို အမေရိကန်အစိုးရ၏ စက်မှုကုန်ထုတ် လုပ်ငန်းနှင့် လုံခြုံရေးဌာနက ဇန်နဝါရီ ၆ တွင် အရေးယူပိတ်ဆို့သည့်စာရင်း ထည့်သွင်းလိုက်သည်။ 

MyTel သည် လူ့အခွင့်အရေး နှင့် အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေသော စစ်ကောင်စီကို ဘဏ္ဍာငွေနှင့် ထောက်လှမ်းစောင့်ကြည့်ရေး ဝန်ဆောင်မှုများ အကူအညီပေးခြင်း၊ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသူများကို ပစ်မှတ်ထားခြေရာခံကာ ဖိနှိပ်မှုများတွင် ပါဝင်သက်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အရေးယူပိတ်ဆို့ခြင်းဖြစ်သည်ဟု အမေရိကန်အစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်တွင်းရှိ ဆက်သွယ်ရေးအော်ပရေတာများသည် စစ်ကောင်စီချုပ်ကိုင်၊ ထိန်းချုပ်အောက်သို့ရောက်ရှိသည့် အခြေအနေရှိပြီး ထိုမှတဆင့် အင်တာနက်နှင့် ဖုန်းလိုင်း ပိတ်ပင်မှု၊ ဆင်းမ်ကတ်များမှ လူပုဂ္ဂိုလ်များကို ခြေရာခံမှုများအပါအဝင် ဒစ်ဂျစ်တယ်ဖိနှိပ်မှုများကို စစ်ကောင်စီက လုပ်ဆောင်နေသည်ဟု ဒစ်ဂျစ်တယ် နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအခွင့်အရေးလှုပ်ရှားနေသော  မြန်မာအင်တာနက်ပရောဂျက်(MIP)မှ တာဝန်ရှိသူတစ်ဦးက Myanmar Now သို့ ပြောသည်။ 

 “တခြားအော်ပရေတာတွေကတော့ စစ်တပ်ရဲ့ ပိုင်ဆိုင်မှုအောက်ထဲမှာ အပြည့်အ၀မရှိဘူးပေါ့ ဒါပေမဲ့လည်း သူရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ MyTel လိုဟာမျိုးကျတော့ စစ်တပ်ရဲ့ ထိန်းချုပ်မှု အောက်ထဲမှာ အပြည့်အ၀ရှိနေတာဖြစ်တဲ့အတွက် ပိုပြီးတော့ အန္တရယ်ကြီးတယ်၊ ဒစ်ဂျစ်တယ် အခွင့်အရေးချိုးဖောက်မှုတွေကို ပိုလုပ်နိုင်တယ် ” ဟု ၎င်းက ပြောသည်။

(မှတ်ချက်) *၂၀၂၀ ဇူလိုင်တွင် Mytel တွင် ရင်းနှီးမြှုပ်နှံထားသော အစုရှယ်ယာများကို မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီ(MAPCO) က ပြန်လည်ရောင်းချပြီး စီးပွားဖက်အဖြစ်မှ လက်တွဲဖြုတ်လိုက်ပြီဖြစ်သည်။*

ပြည်တွင်း၌ ဆက်သွယ်ရေးအော်ပရေတာ ၄ ခုရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်ကုမ္ပဏီများ ပူးပေါင်းလုပ်ကိုင်သောMPT ၊ ဧရာဟင်္သာလုပ်ငန်းစုသူဌေး ဦးဇော်ဝင်းရှိန်ဝယ်ယူလိုက်သော အူရီးဒူး၊ စစ်တပ်နှင့်နီးစပ်သော ခရိုနီ ဦးသိန်းဝင်း ဇော်ပိုင် ATOM(ယခင် တယ်လီနော) နှင့် MyTel တို့ဖြစ်သည်။ 

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ ခုနှစ် မတ်လတွင် နော်ဝေအခြေစိုက် တယ်လီနော လုပ်ငန်းစုသည် မြန်မာစစ်တပ်၏ ကြားဖြတ်နားထောင်ခြင်း အပါအဝင် အော်ပရေတာများကို ထိန်းချုပ်လိုသော လုပ်ရပ်များကြောင့် ၎င်းတို့၏ တယ်လီနောမြန်မာကို M1 Group နှင့် ရွှေဗျိုင်းဖြူ ကုမ္ပဏီတို့ကို ရောင်းချခဲ့သည်။ ထို့နောက် တယ်လီနောမှ ATOM Myanmar ဟု အမည်ပြောင်းခဲ့ ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီး‌နောက် ၄ နှစ်နီးပါးတွင် နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၈၇ ခန့်ကို  ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံသည်ဟု လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အခွင့်အရေးလှုပ်ရှားနေသော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Athan – အသံအဖွဲ့က ပြီးခဲ့သည့် နှစ်လယ်ပိုင်းက ထုတ်ပြန်ထားသည်။ 

ထို့အပြင် တချို့သော မြို့နယ်များတွင်မူ စစ်တပ်က ၎င်းတို့ထိန်းချုပ်မှု အပြည့်အ၀ရှိသော MyTel ကိုသာ သုံးစွဲစေလို၍ MyTel ဆင်းမ်ကတ်များကိုသာ အင်တာနက်နှင့် ဖုန်းလိုင်း ဖွင့်ပေးထားသည်။

ပြည်တွင်းသုံးစွဲသူပေါင်း သန်းနှင့်ချီသော Mytel ကို ဗီယက်နမ်စစ်တပ်ပိုင် Viettel Global Investment က ၄၉ ရာခိုင်နှုန်း ၊ မြန်မာစစ်တပ်ပိုင် Star High ကုမ္ပဏီ က ၂၈ ရာခိုင်နှုန်း နှင့် ပြည်တွင်းအများပိုင်ကုမ္ပဏီ ပူးပေါင်းသည့် Myanmar National Telecom Holding Public Company Ltd(MNTH) ၂၃ ရာခိုင်နှုန်း ရှယ်ယာထည့်ဝင်ကာ ပူးပေါင်းလုပ်ကိုင်နေခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button