သတင်း

တောင်သာတွင် တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှု ဆက်တိုက် ပေါ်ပေါက် 

ခုခံမှုအားကောင်းသော တောင်သာမြို့တွင် ပျူစောထီးတို့ တိုက်ခိုက်ခံရမှု မကြာခဏ ဖြစ်ပွားနေသလို မကြာသေးခင်ကလည်း လေတပ်အရာရှိတစ်ဦး လက်ဖက်ရည်ဆိုင်တွင် ပစ်သတ်ခံထားရသည်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ယမန်နေ့ (ဒီဇင်ဘာ ၃၀) နံနက်ပိုင်း စီးနင်းတိုက်ခိုက်မှုတစ်ခုတွင်    ပျူစောထီးများ ခုခံမှုမရှိဘဲ ဆုတ်ခွာသွားကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုက ပြောသည်။ 

ဧရာဝတီမြစ်တောင်ဘက် ညောင်ဦး-မြင်းခြံကားလမ်းဘေးရှိ ဆင်ဖြူကျေးရွာ ပျူစောထီးခေါင်းဆောင် ဝင်းကို၏နေအိမ်ကို စီးနင်းခြင်း ဖြစ်သည်ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“တိုက်ပွဲကတော့ မဖြစ်လိုက်ဘူး။ ဒီကပစ်ခတ်သံနဲ့ ပျူတွေလည်း ထွက်ပြေးသွားကြတာဗျ။ လက်နက်တွေ ကျန်ခဲ့တာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

“သူတို့က အင်အားတအားကြီးမများဘူးဗျ။ မြင်းခြံပျူတွေနဲ့ ပေါင်းလိုက်၊ ထနောင်းကုန်းရွာက ပျူတွေနဲ့ပေါင်းလိုက်နဲ့၊ ပြည်သူကိုခြိမ်းခြောက်မှု၊ တော်လှန်ရေးကို နှောက်ယှက်မှု လုပ်နေတာပေါ့” 

ထိုစခန်းကို တောင်သာ၊ မြင်းခြံနှင့် ညောင်ဦးအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်များက စီနင်းခဲ့ခြင်းဖြစ်သည်။ ပျူစောထီး ခေါ် ပြည်သူ့စစ်များကိုင်ဆောင်သည့်  လက်လုပ်သေနတ် ၅ လက်နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း  အေးရွာတွင် လက်ဖက်ရည်ဆိုင် ထိုင်နေသည့်   လေတပ် ဗိုလ်ကြီး ကြည်ဖေလင်းနှင့် ၎င်း၏ လက်ထောက်တစ်ဦးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က  ပစ်သတ်ခဲ့သည်။

နိုဝင်ဘာ ၁၉ တွင်ပင် ထိုအဖွဲ့က ပျူစောထီး လှည့်ကင်းအဖွဲ့တစ်ဖွဲ့ကို ချုံခိုတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ကြေညာထားသည်။ 

ပြီးခဲ့သည့်နှစ်က တပင်ကန်ကျေးရွာ၊  တမိုက်သာကျေးရွာတို့မှ ပျူစောထီးတို့ကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ဖူးသည်။

လူဦးရေ ၂ သိန်းခွဲနီးပါး နေထိုင်ပြီး မြို့ပေါ်ရပ်ကွက် ၆ ခု၊ ကျေးရွာပေါင်း ၂၄၀ ကျော်ရှိသည့် တောင်သာ မြို့နယ်သည် မလှိုင်၊ ကျောက်ပန်းတောင်း၊ ပုဂံညောင်ဦး၊ မြင်းခြံမြို့နယ်များနှင့် ထိစပ်နေသည်။  

တောင်သာမြို့နယ်သည်  စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ ဦးအောင်သောင်း၏ ဇာတိလည်းဖြစ်ရာ ထိုဒေသသည် စစ်ဗိုလ်ချုပ်များ စည်းရုံးရေးကောင်းခဲ့သည့်ဒေသလည်း ဖြစ်သည်။

စစ်ကောင်စီက ပျူစောထီးတို့ကို အရည်အသွေးနိမ့်သော လက်နက်များ တပ်ဆင်ပေးထားပြီး တော်လှန်ရေးအဖွဲ့များ၏ လှုပ်ရှားမှုကို ဟန့်တားထားသည်။ တော်လှန်ရေးအဖွဲ့များတွင်လည်း လက်နက်အင်အား အကန့်အသတ်ကြီးမားသည်ဟု သိရသည်။

လမ်းပန်းဆက်သွယ်ရေးကောင်းပြီး တပ်မြို့ဖြစ်သော မိတ္ထီလာနှင့် အလှမ်းမဝေး‌သော်လည်း တောင်သာသည် တော်လှန်ရေးတပ်များ၏ နယ်မြေစိုးမိုးမှုလည်း ကျယ်ပြန့်လာသည်ဟု သိရသည်။ 

မြေပြင်စစ်ကြောင်းမထိုးနိုင်သည့်  တောင်သာတွင် စစ်ကောင်စီတပ်က  ဒီဇင်ဘာ ၂၅ တွင် ဇရပ်ကြီးရွာကို စက်တပ်လေထီး ပထမဆုံးအကြိမ်သုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ်တွင် စစ်တပ်က ဆန္ဒပြသူများကို လမ်းပေါ်တွင် ပစ်သတ်ရာမှ နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံလာကြရာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း သုံးပွင့်ဆိုင်ရှိနေသည့် တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံမြို့နယ်တို့သည်လည်း  ခုခံတော်လှန်မှုအားကောင်းသည့်ဒေသ ဖြစ်လာသည်။ 

ယခုနှစ်လယ်ပိုင်းတွင်   ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)  အပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်များဖြင့် စုဖွဲ့ထားသည့် မဟာမိတ်တို့က “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (Myingyan District Special Operation)” အမည်ဖြင့် စစ်ဆင်ရေးဖော်ဆောင်ခဲ့သည်။

ထိစစ်ဆင်ရေးအတွင်း မြင်းခြံခရိုင်တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ဖရိုဖရဲဖြစ်သည်အထိ တော်လှန်ရေးတပ်များက တိုက်ပွဲဖော်ဆောင်နိုင်သည်ကိုတွေ့ရသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့ စီးနင်းမှုအတွင်း ပျူစောထီးတို့ထံမှ သိမ်းဆည်းရမိသည့် လက်နက်များ၏ပုံကို တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button