သတင်း

တောင်သာတွင် ပျူစောထီးနှစ်ဦးနှင့် စစ်သားတစ်ဦး ပစ်သတ်ခံရ

ကြံ့ခိုင်ရေးပါတီ၏ အမာခံနယ်မြေတစ်ခုဖြစ်သော မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ယခုလ ၁၀ ရက်နေ့က စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ဝင်နှစ်ဦးနှင့် စစ်သားတစ်ဦးကို ပစ်သတ်ကာ လက်နက်များ သိမ်းဆည်းခဲ့သည်ဟု ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

တောင်သာမြို့နယ် တပင်ကန်ကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်များ ကားဖြင့်ပြန်လာသည့် သတင်းရသဖြင့် ကျောဇီနှင့် တမိုက်သာရွာအကြား လမ်းခုလတ်တစ်နေရာတွင် ပစ်သတ်ခဲ့ကြောင်း တောင်သာမြို့နယ်ကိုယ်စားပြု မြင်းခြံခရိုင် PDF တပ်ရင်း (၃) ပြန်ကြားရေးတာဝန်ရှိသူ မူတူးက ပြောသည်။ 

“သူတို့က ဂိတ်ချ လုယက်ပြီး (စစ်ဆေးရေးဂိတ်တွင် အထိုင်ချ ငွေတောင်း) အပြန် သတင်းအတိအကျရလို့ပါ။ သုံးကောင်ပါတယ်။ သုံးကောင်လုံး သေပါတယ်။ စီးလာတဲ့ကား မှောက်ပါတယ်” ဟု ၎င်းက ဆိုသည်။

နာမည်နှင့် အသေးစိတ်အခြေအနေ ပြောဆိုခြင်း မရှိသော်လည်း လုပ်ကြံခံရသူများမှာ ပျူစောထီးအဖွဲ့ခေါင်းဆောင်ဖြစ်သည့် တပင်ကန်ရွာမှ အုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းဟောင်းတစ်ဦးနှင့် စစ်သားတစ်ဦးဖြစ်သည်ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။​

ပျူစောထီးအဖွဲ့ဝင်နှစ်ဦးနှင့် စစ်သားကို ပစ်ခတ်လုပ်ကြံပြီးနောက် ကာဘိုင်အမျိုးအစား သေနတ်သုံးလက် သိမ်းဆည်းရမိကြောင်း ထိုအဖွဲ့က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပစ်သတ်ခံရသူသုံးဦးမှာ တပင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်ခေါင်းဆောင် အသက် ၄၅ နှစ်အရွယ် ဦးတင်ဆန်းဦး၊ အသက် ၄၂ နှစ်အရွယ် ဦးလှိုင်မြင့်ဦးတို့ဖြစ်သည်ဟု ရေးသားထားပြီး အခြားတစ်ဦး၏ အမည်ဖော်ပြခြင်း မရှိပေ။ 

မြင်းခြံ-ညောင်ဦးကားလမ်း မိုင်တိုင်အမှတ် ၃၀ အနီး ပစ်သတ်ခံရခြင်းဖြစ်ပြီး ဦးတင်ဆန်းဦးမှာ သေနတ်ဒဏ်ရာသုံးချက်ဖြင့် မြင်းခြံဆေးရုံတွင် သေဆုံးသွားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လတွင် တောင်သာမြို့နယ် ထနောင်းကုန်းကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင် ၅ ဦးကို အလားတူတိုက်ခိုက်မှုရှိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၃) ပြန်ကြားရေးတာဝန်ခံ မူတူးက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့အများအပြားအခြေစိုက်ရာ မိတ္ထီလာ၊ ညောင်ဦး၊ မြင်းခြံနှင့် ကျောက်ဆည်ခရိုင်တို့လည်း ပါဝင်သည်။

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး တောတောင်မထူထပ်သည့် ထိုဒေသတွင် တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်နေကြသည်။

တောင်သာအပါအဝင် မြင်ခြံခရိုင်တစ်ခုလုံးတွင် လက်နက်ကိုင်ခုခံလှုပ်ရှားမှု ပိုအားကောင်းလာသည်ဟု စစ်အာဏာရှင်ဆန့်ကျင်သည့် တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီက ဆိုသည်။ မြင်းခြံခရိုင်တွင် ဒေသကာကွယ်ရေးအဖွဲ့များအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်း ၇ ခုအထိ ရှိသည်ဟု သိရသည်။

တောင်သာနယ်မှာ တစ်ချိန်က ကြံ့ခိုင်ရေးပါတီ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးအောင်သောင်း၏ မွေးရပ်ဇာတိမြေဖြစ်သည်။ ဦးအောင်သောင်း၏သား ဗိုလ်ချုပ်ကြီးမိုးအောင်ကို လက်ရှိ ရေတပ်အကြီးအကဲအဖြစ် မင်းအောင်လှိုင်က ခန့်အပ်ထားသည်။ တောင်သာနယ်ကို စစ်ကောင်စီက အကြီးအကျယ် ဖိနှိပ်ချုပ်ချယ်ထားပြီး ကျေးရွာ ၂၄၃ ရွာရှိသည့်အနက် တစ်ရွာလျှင် သေနတ် ၅ လက်နှုန်းဖြင့် လက်နက်တပ်ဆင်ပေးထားသည့် ရွာပေါင်း ၉၀ အထိရှိကာ စစ်သင်တန်းများပေးနေသည့်အပြင် ပျူစောထီးနှင့် သတင်းပေးဒလန် အင်အားကောင်းသည်ဟု အာဏာသိမ်းစစ်တပ်ကို တော်လှန်နေသည့် ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button