ယခင်က ကျပ် ၁၀၀ ရှိလျှင် ကြက်ဥတစ်လုံး ဝယ်နိုင်သည်။ ယခု ကျပ် ၁၀၀ ပေးလျှင် ငုံးဥ တစ်ခြမ်းသာရတော့သည်။
ဗိုလ်ချုပ်ကြီးများ တိုင်းပြည်ကိုစီမံခန့်ခွဲသည့်အချိန် ၄ နှစ်နီးပါးကြာသည့်အခါ အခြေခံစားသောက်ကုန်ဈေးများ ၅ ဆ၊ ၆ ဆအထိ တိုးတက်သွားသည်။
ငုံးဥပြုတ် တစ်လုံး ၂၀၀၊ ကန်စွန်းရွက်တစ်စည်း ၅၀၀၊ ကြက်ဥတစ်လုံး ၆၀၀၊ ကော်ဖီမစ်တစ်ထုပ် ၇၀၀ အထိ ဖြစ်နေခြင်းကြောင့် ထမင်းတစ်နှပ်အတွက် အသားငါးကို မမျှော်မှန်းရဲတော့ဟု အသက် ၄၀ အရွယ် မအေးမာက ဆိုသည်။
ရန်ကုန်မှ ကုမ္ပဏီတစ်ခု၏ သန့်ရှင်းရေးဝန်ထမ်း မအေးမာတွင် သားသမီးနှစ်ယောက်ရှိရာ သားက ၉တန်း၊ သမီးက ၆တန်း တက်နေသည်။ လွန်ခဲ့သည့် ၂ နှစ်က ခင်ပွန်းသည် ဆုံးပါးသွား၍ မိသားစု တာ၀န် အားလုံး မအေးမာ ခေါင်းပေါ် ကျလာသည်။
ပြည်သူတို့၏ လူမှုဘဝမြင့်မားအောင် နိုင်ငံဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ဦးစီးလျက် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ပြည်ထောင်စုအဆင့် ကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေသည်ဟု ဆိုသည်။ သို့သော် မတည်မငြိမ်ဖြစ်နေသည်မှာ ပြည်သူတို့ဘဝဖြစ်သည်။
လုပ်သက် ၅နှစ်ရှိသည့် မအေးမာ၏ လစာ ၂၀၀,၀၀၀ နှင့် သားမိသုံးယောက် စား၀တ်နေရေးကို ဖြေရှင်းနေရသည်။ တရိပ်ရိပ်တက်နေသည့် ကုန်ဈေးနှုန်းကြောင့် မီးဖိုဆောင်စရိတ်ကို ရသလောက် လျှော့ချရင်း မအေးမာ နေ့လယ်စာ ထမင်းချိုင့်ထဲတွင် အသားဟင်းပါသည့်ရက် အနည်းငယ်သာ ရှိတော့သည်။
“ထမင်းစားရင် အဖော်တွေနဲ့မစားတော့ဘူး၊ ကိုယ့်ဟာကိုယ်တစ်ယောက်တည်းပဲ စားတော့တယ်၊ အားငယ်ရလို့လေ” ဟု သူက သုံးဆင့် စတီးချိုင့်လေး ကိုင်ရင်း အားဖျော့ဖျော့အသံဖြင့် ဆိုသည်။
“အတူစားတဲ့ကလေးတွေက သူတို့ဟင်းလေးတွေ ထည့်ပေးပေမယ့်လည်း နေ့တိုင်းဆိုတော့ အစ်မက မစားချင်တော့ဘူး။ ပြီးတော့ စားရတာ စိတ်ထဲတစ်မျိုးကြီးဖြစ်လာတယ်။ သူတို့တွေလည်း ဈေးကြီးပေးပြီး ၀ယ်ချက်ထားရတာပဲလေ”
အိမ်လခ ၇၀,၀၀၀ ပေး၊ ကျန်သည့် ပိုက်ဆံကို ဆန်၊ ဆီနှင့် ဟင်းချိုမှုန့်တို့ ဝယ်ရသည်၊ ၂၀ ရက်ကျော်သည်နှင့် ချေးငှားသုံးရသည်။ လစာထုတ်ပြီး အကြွေးဆပ်ရ၊ လမကုန်ခင် ထပ်ချေးရနှင့် တစ်လပြီးတစ်လ လုံးလည်လိုက်နေကြောင်း မအေးမာက ဆိုသည်။
၂၀၂၀ ပြည့်နှစ်မတိုင်မီ ကာလများအတွင်း ဆန်ကြမ်းတစ်ပြည် ၁,၅၀၀ကျပ်မှ ယခု ၅,၀၀၀ကျပ်၊ စားသုံးဆီ တစ်ပိဿာ ၃,၀၀၀ ကျပ်မှ ၁၀,၀၀၀ကျော်အထိ မြင့်တက်သွားသည်။ ထိုအခြေအနေကို အာဏာလု ဗိုလ်ချုပ်ကြီးများက NLD အစိုးရလက်ထက်သတ်မှတ်ခဲ့သည့် အလုပ်သမားတစ်ယောက် တစ်နေ့တာ လုပ်အားခ ၅,၈၀၀ ကို အပိုထောက်ပံ့ကြေး ၁,၀၀၀ ထပ်ဆောင်းပေးသည့်နည်းဖြင့် ဖြေရှင်းသည်။
သို့သော် ၆,၈၀၀ကျပ် ဆိုသည်မှာ ဆန်တစ်ပြည်သာ ရနိုင်တော့သည်ငွေပမာဏဖြစ်သည်ဟု ရန်ကုန်မှ အသက် ၅၀ကျော်အရွယ် အိမ်ရှင်မ ဒေါ်စန်းရီက ထောက်ပြသည်။
“အိမ်မှာ ၃ယောက်က အလုပ်လုပ်လို့၀င်ငွေရှိတယ်။ အစ်မတစ်ယောက်ပဲ ၀င်ငွေမရှိတာ။ ဒါကို သူတို့ပေးတဲ့ဈေးဖိုး တစ်ရက်တစ်ရက် မလောက်တော့ဘူး။ အရင်က လကုန်ရင် အပိုငွေထွက်တယ်။ အခုဟာ လောက်ငှဖို့အတွက် အနိုင်နိုင်ပဲ” ဟု ဒေါ်စန်းရီက ဆိုသည်။
စစ်တပ်အာဏာမသိမ်းမီ ၂၀၂၀ ကုန်ဈေးနှုန်းနှင့် ၂၀၂၄ ခုနှစ် ကုန်ဈေးနှုန်း ကွာခြားချက်
ကုန်ပစ္စည်းအမည် (တပိဿာ ဈေး) | ၂၀၂၀ နိုဝင်ဘာ ပေါက်ဈေး | ၂၀၂၄ နိုဝင်ဘာပြင်ပ ပေါက်ဈေး | စစ်ကောင်စီ သတ်မှတ်ဈေး |
ပဲဆီ (တပိဿာ) | ၆,၀၀၀ | ၂၂,၀၀၀ | ၁၉,၀၀၀ ကျော် |
စားအုန်းဆီ | ၂,၁၀၀ | ၁၄,၀၀၀ | ၇,၀၀၀ ကျော် |
ကြက်သွန်နီ | ၁,၁၀၀ | ၆,၀၀၀ | ၅,၀၀၀ |
ကြက်သွန်ဖြူ | ၂,၂၀၀ | ၂၅,၀၀၀ | ၂,၂၀၀၀ |
မွေးမြူရေးကြက် | ၆,၀၀၀ | ၃၀,၀၀၀ | ၂၀,၀၀၀ |
အမဲသား | ၁၀,၀၀၀ | ၃၀,၀၀၀ | ၂၅,၀၀၀ |
ဆိတ်သား | ၂၃,၀၀၀ | ၃၄,၀၀၀ | ၃၁,၀၀၀ |
ပေါ်ဆန်း (တစ်အိတ်) | ၃၉,၀၀၀ | ၂၁၀,၀၀၀ | ၁၃၂,၀၀၀ |
ဧည့်မထ (တစ်အိတ်) | ၂၉,၀၀၀ | ၁၁၀,၀၀၀ | ၈၁,၆၀၀ |
အထက်ပါဈေးနှုန်းများမှာ ရန်ကုန်အခြေပြုတွက်ချက်ထားပြီး နေရာဒေသအလိုက် ဈေးနှုန်းကွဲပြားနိုင်သည်။ ဥပမာ − မြစ်ကြီးနားမြို့တွင် နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း ပဲဆီတစ်ပိဿာဈေးမှာ ၂၈၀,၀၀၀ ရှိသည်ဟု စစ်ကောင်စီသတ်မှတ်ထားသည်။
၂၀၂၀ ပြည့်နှစ်အတွင်း စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၂၀၀၀ သာ ရှိသော်လည်း ယခု ဗိုလ်ချုပ်ကြီးများ၏ စီမံခန့်ခွဲမှုအောက်တွင် စျေးက ၅ ဆ မြင့်တက်သွားသည်။ ထိုအခြေအနေကို ခွဲတမ်းစနစ်ဖြင့် ဆီဝယ်စေပြီး လျှော့ဈေးဖြင့်ရောင်းသည်ဆိုကာ ပြည်သူကို တန်းစီဝယ်ယူစေသည့် စနစ်ဖြင့် ဖြေရှင်းပေးသည်။
ဒေါ်စန်းရီတို့ရပ်ကွက်အတွင်း အုပ်ချုပ်ရေးမှူးများက ဆီတစ်ပိဿာလျှင် ၇၅၀၀ ကျပ် လျော့ဈေးဖြင့် ရောင်းချသည်၊ တစ်အိမ်ထောင်လျှင် ၅၀ ကျပ်သားသာ ဝယ်ယူခွင့်ရှိသည်။ ရက်မှန်၊ အချိန်မှန်ရောင်းပေးခြင်းမဟုတ်၊ ရံဖန်ရံခါမှသာ ဈေးရောင်းသူ အုပ်ကြီး ခေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပေါ်လာတတ်သည်။ ဆီကုန်လျှင် ထပ်မံဝယ်ယူရန် ချက်ချင်း မျှော်မှန်း၍ မရပေ။
“ဈေးတစ်၀က်လောက် သက်သာလို့သာ ဝယ်ရတာပါ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ၀ယ်တာကို နေပူကြီးတန်းစီ၊ အလှည့်ရောက်တော့လည်း စာရွက် (အိမ်ထောင်စုစာရင်း) အပြည့်အစုံ မပါရင် အုပ်ကြီး ငေါက်တာခံရသေးတယ်”ဟု ဒေါ်စန်းရီက ဆိုသည်။
အခြေခံလူတန်းစား ပြည်သူအများစုသည် ကျန်းမာရေးစရိတ်နှင့် အထွေထွေစရိတ်တွေကို အားလုံးလျော့ချပြီး ရသမျှ၀င်ငွေကို စားစရိတ်အတွက်သာ သုံးစွဲနေကြရသည်၊ ကျန်းမာရေးချို့ယွင်းပါက ကုသရန်အပိုငွေပင်မရှိကြဟု အခြေခံလက်လုပ်လက်စား ပြည်သူများက ညည်းတွားကြသည်။ဝင်ငွေနှင့် ထွက်ငွေမျှခြင်းကြောင့် တစ်နေ့တာလုပ်ခကို ၈,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန် ရန်ကုန်မြို့ စက်မှုဇုန်များရှိ စက်ရုံအလုပ်သမားများ တောင်းဆိုသော်လည်း မအောင်မြင်ခဲ့ပေ။
အနည်းဆုံးအခကြေးငွေနှုန်းထားကို ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က တစ်ရက် ၈ နာရီအတွက် ကျပ် ၃,၆၀၀၊ NLD အစိုးရလက်ထက်တွင် ကျပ် ၅,၈၀၀ သို့ တိုးမြှင့်ပြင်ဆင်သည်။
အနည်းဆုံးအခကြေးငွေ ဥပဒေအရ ထိုနှုန်းများမှာ ၂ နှစ်လျှင် တစ်ကြိမ် အနည်းဆုံးပြန်လည်ချိန်ညှိ သတ်မှတ်ရမည်ဖြစ်သော်လည်း ထိုဥပဒေပါ လုပ်အားခကို စစ်ကောင်စီက ပြင်ဆင်သတ်မှတ် ပေးခြင်းမရှိသေးပေ။
ထိုအခြေအနေကို ဖြေရှင်းရန် ပြည်သူတင်မြှောက်ထားသည့် အစိုးရမဟုတ်ခြင်းကြောင့် အဖြေရှာမရဟု ပဲခူးတိုင်းစက်မှုဇုန်တစ်ခုမှ အလုပ်သမားသမဂ္ဂ အဖွဲ့၀င် အမျိုးသမီး ဖြစ်သူက ဆိုသည်။
“မလောက်လို့၊ အဆင်မပြေလို့ ဆန္ဒပြရင်လည်း မရတဲ့ အခြေအနေဆိုတော့ မငတ်ဖို့အတွက် ရတဲ့လစာယူပြီး ဆက်လုပ်နေရတာပဲ” ဟု အသက် ၄၀ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
မိသားစု စားဝတ်နေရေးသည် လင်မယားနှစ်ယောက်လစာနှင့် မလုံလောက်တော့ကြောင်း၊ ၁၆နှစ်ပြည့်တော့မည့် သားသမီးနှစ်ယောက်ကိုလည်း ကျောင်းထုတ်ပြီး လုပ်ငန်းခွင်ထဲထည့်ရန် စဥ်းစားနေရကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။
“ခုက အိမ်မှာရှိတဲ့သူ အလုပ်လုပ်တော့မှ မငတ်မှာ” ဟု သူက ဆိုသည်။
တစ်နေ့ဝင်ငွေ ၁ ဒသမ ၉ ဒေါ်လာအောက် ရသူကို ဆင်းရဲနွမ်းပါးသူဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က သတ်မှတ်ထားသည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေ ၄၀ ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်းပါးသူများ ဖြစ်သည်ဟု ဆိုသည်။ လူဦးရေသန်း ၅၀ကျော်ရှိသည့် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ဆင်းရဲသူအရေအတွက် သန်း ၂၀ နီးပါး တိုးလာခြင်း ဖြစ်သည်။
စစ်တပ်အာဏာမသိမ်းမီ နှစ်များအတွင်း ရွှေတစ်ကျပ်သား ၁၃ သိန်း၊ အမေရိကန် တစ်ဒေါ်လာ ၁,၃၀၀ ကျပ်သာရှိခဲ့သည်။ ယခု ရွှေစျေးက သိန်း ၆၀ နီးပါး၊ ဒေါ်လာစျေးက ၄,၅၀၀ ကျပ် ဖြစ်နေသည်။
ထိုသို့ ငွေကြေးဖောင်းပွပြီး ရွှေဈေး၊ ငွေဈေး ထိုးတက်သွားခြင်းသည် အများတကာအိမ်တွင် အဝတ်လျှော်၊ လက်လုပ်လက်စား လုပ်ရသူများနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း ရပ်ကွက်များအတွင်း ခေတ်စားလာသည့် စကားတစ်ခုမှာ “ခုခေတ်က ပိုက်ဆံချေးမှာ မကြောက်ရဘူး၊ အိမ်မှာ ဆန်၊ ဆီ ချေးမှာကြောက်လို့ ဖွက်ထားရတယ်” ဟူ၍ ဖြစ်လေသည်။
နေ့စဉ်နှင့်အမျှ မီးဖိုဆောင် တာ၀န်ယူ ချက်ပြုတ်နေရသည့် အိမ်ရှင်မများသည် မီးဖိုဆောင်စရိတ် သက်သာစေရန်၊ မိသားစုဝင်များ ထမင်းစားမြိန်စေရန် ကြံဆနေကြရသဖြင့် နံနက်ပိုင်း ဈေးသွားချိန်တွင်ပင် ခေါင်းပူနေကြရသည်။
သန့်ရှင်းရေးဝန်ထမ်း မအေးမာသည် လူလတ်ပိုင်း ဖြစ်လာသည့်အပြင် လုပ်ငန်းခွင်တွင် ခွန်အားစိုက် လုပ်ကိုင်ရသူဖြစ်သောကြောင့် အာဟာရပြည့် အစားအသောက်များစားရန် လိုအပ်သည်။ သို့သော်လည်း ဝင်ငွေနှင့် သုံးငွေမမျှသဖြင့် လိုအပ်ချက်ကို ဘေးချိတ်ထားရသည်။“အသားဟင်းမပါဘဲ စားနိုင်ပါတယ်။ တစ်ခုစိုးရိမ်တာက ဒီထက် ကုန်ဈေးနှုန်းထပ်တက်လာရင်တော့ အစ်မ တောင့်ခံနိုင်ပါ့မလားလို့ အမြဲတွေးပြီး စိတ်ပူမိတယ်” ဟု မအေးမာက ပြောလိုက်သည်။
စစ်တပ် အာဏာမသိမ်းမီနှင့် စစ်တပ်အာဏာသိမ်းပြီးနောက်ဒေါ်လာဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ကွာခြားချက်
၂၀၂၀ နှစ်ကုန်ပိုင်း အာဏာမသိမ်းမီ | အာဏာသိမ်းအပြီး၂၀၂၄ ခုနှစ် (နိုဝင်ဘာလ) | |
အမေရိကန် တစ်ဒေါ်လာ | ၁,၃၀၀ | ၄,၅၀၀ |
ရွှေ တစ်ကျပ်သား | ၁၃၀,၀၀၀ | ၅၈၀,၀၀၀ |
စက်သုံးဆီ (တစ်လီတာ) | ၆၀၀ မှ ၇၅၀ | ၃,၀၀၀ ကျော် |
မှတ်ချက် − ပြင်ပပေါက်ဈေးများအပေါ် အခြေခံထားပါသည်။