အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျေးလက်ဒေသကို ပြည်သူ့ပါတီ ထိုးဖောက်

မန္တလေးတိုင်းဒေသကြီးရှိ ကျေးရွာတစ်ရွာတွင် ဒေသခံ ၂၅ဝ က ၈၈ မျိုးဆက် နိုင်ငံရေးသမားတို့ ဦးဆောင် ထူထောင်ထားသည့် ပါတီကို ဝင်ရန်  ဇန်နဝါရီ ၁၇ ရက်နေ့က အဆိုပြုလိုက်ကြသည်။

ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာတွင်  ပါတီဝင် အဆိုပြုလွှာ ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ရာ ဒေသခံတစ်ဦးဖြစ်သည့် မယဉ်ယဉ်အောင်က ပြည်သူ့ပါတီကို  အားပေးရန် အကြောင်း များစွာ ရှိနေသည်ဟု ပြောသည်။

“၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားတွေ ခေါင်းဆောင်တဲ့ ပါတီဖြစ်လို့  ဝင်တာပါ။ ကျွန်မတို့ ဒေသခံရွာသူတွေ ဒုက္ခရောက်နေပါတယ်။ ပြည်သူတွေ ဒုက္ခရောက်နေတာကို မကြည့်တဲ့ အစိုးရကို မဲမပေးတော့ပါဘူး။ ကျွန်မတို့ရဲ့ အခက်အခဲတွေကို ပြည်သူ့ပါတီကသာ လုပ်ပေးနိုင်မယ် ယုံကြည်တယ်” ဟု  ပြောသည်။

လူဦးရေ ၁,၂၀၀ ခန့် နေထိုင်ပြီး အာဏာရပါတီကို ထောက်ခံသည့် နယ်မြေ ဖြစ်သော  အောင်သပြေကျေးရွာတွင်  မဲပေးပိုင်ခွင့် ဦးရေ ၄၆၅ ဦး ရှိကြောင်း၊ ပြည်သူ့ပါတီဝင်မည့်သူ ၁၅ဝ ခန့် ရှိဦးမည် ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ပါတီ၏ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက မန္တလေးတိုင်းဒေသကြီးတွင် ပါတီဝင် ဦးရေ ၁,၀၀၀ ကျော် ရှိလာပြီဟု  ပြောသည်။

“ဒီရွာက ထူးခြားတာက  မန္တလေးတိုင်းမှာ ပါတီရုံး ဖွင့်ပြီးတာ ၃ ရက် ရှိသေးတယ်၊ ခုလို ရွာလုံးကျွတ် ဝင်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

ကျေးရွာတွင် တန် ၅,၀၀၀ ကျ ဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုကို ဒေသခံတို့က ကန့်ကွက်ထားကြသည်။  ဒေသ၏အခက်အခဲများကို ပြည်သူ့ပါတီက လေ့လာထားပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။

“ဒီရွာမှာ ဖြစ်နေတဲ့ အခက်အခဲတွေကိုလည်း ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့က ပါတီရဲ့လုပ်ထုံး လုပ်နည်းအတိုင်း ဒီပြဿနာတွေကို တရားဥပဒေ ဘောင်ထဲကနေ ဖြေရှင်းပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

လာမည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်  ပါဝင်ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီသည် ယမန်နှစ်က ပေါ်ပေါက်လာခြင်းဖြစ်သည်။

ရန်ကုန်၊ ဗဟန်းမြို့နယ်တွင် ဌာနချုပ်ထားရှိသောပြည်သူ့ပါတီသည် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း တို့၏ တိုင်းဒေသကြီးရုံးခွဲများကို ဇန်နဝါရီတွင် ဖွင့်နိုင်ရန် စီစဉ်ခဲ့သည်။

နိုင်ငံရေးပါတီ အရေအတွက် ၉၆ ပါတီ ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button