စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်အပြီး စစ်ကောင်စီတပ်က အင်အားဖြည့်စစ်ကြောင်းထိုးကာ မြို့နှင့်အနီးဝန်းကျင်ရှိရွာများကို မီးရှို့ နေကြောင်း ဒေသခံများက ပြောသည်။
ပုလဲမြို့တွင် စစ်ကောင်စီခြေကုပ်ယူထားသည့် နေရာများကို ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) နှင့် မဟာမိတ်အဖွဲ့က နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ မိုင် ၃၀ ကျော်သာ ကွာဝေးသည့် ပုလဲမြို့တွင် ၄ ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့သည်။ အထိနာသွားသည့် စစ်တပ်သည် လေကြောင်းမှ တိုက်ခိုက်မှုအပြင် စစ်ကူအင်အား ၁၀၀ နီးပါး ဖြည့်တင်းကာ စစ်ကြောင်းပြန်ထိုးလာခြင်းကြောင့် တော်လှန်ရေးအင်အားစုများ ယမန်နေ့ စက်တင်ဘာ ၁၄ ရက်တွင် ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။
“ဝေဟင်ကိုဘယ်လိုမှ မထိန်းနိုင်ဘူး။ မြေပြင်စစ်ကြောင်းတွေ၊ မြေပြင် အခြေအနေကိုထိန်းနိုင်ပေမယ့် ဝေဟင်ကိုတော့ မထိန်းနိုင်တဲ့အတွက် နည်းနည်းလေး ပြန်ခွာပေးထားပါတယ်။ ကျွန်တော်တို့ အချိန်မရွေးပြန်ကပ်လို့ရတဲ့နေရာအထိ ပြန်ခွာပေးထားတယ်”ဟု BNRA တပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
တော်လှန်ရေးအင်အားစုများ တပ်ဆုတ်သွားစဉ် စစ်ကောင်စီတပ်က မြို့ပေါ်သို့ ပြန်လည်ခြေကုပ်ယူကာ မြို့အရှေ့မြောက်ဘက်ရှိအလယ်ဘုံရွာ၊ မြို့အနောက်ဘက် မြကုန်းရွာနှင့် ပုလဲမြို့ပေါ်ရပ်ကွက်များကို မီးရှို့နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“ပုလဲမြို့ကို တိုက်မယ်ဆိုရင် ဝင်လို့ရတဲ့ လမ်းနှစ်လမ်းဖြစ်တဲ့ အလယ်ဘုံနဲ့ အနောက်ဘက်က မြကုန်းရွာပေါ့ အဲ့ဒီရွာတွေကို မီးရှို့ပြီးတော့ စစ်ဇုန်ကို ပြန်ချဲ့နေတယ်” ဟု ပုလဲမြို့ လူထုတိုက်ပွဲ သပိတ်ဦးဆောင် ကော်မတီဝင် ကိုစိုပြေမင်းထင်က ပြောသည်။
မြို့အနောက်ဘက် ၄ ဖာလုံခန့် အကွာရှိ မြကုန်းရွာမှာ အိမ်ခြေ ၁၂၀ ကျော်ရှိသည့်ကျေးရွာဖြစ်ပြီး မြို့နှင့်ကပ်လျက်ရှိ မြကုန်းရွာမှာ အိမ်ခြေ ၁၀၀ ခန့်ဝန်းကျင်ရှိသည့် ကျေးရွာဖြစ်သည်။ ဒေသခံအများစုမှာလည်း စစ်တပ်ရန်ကြောင့် တိမ်းရှောင်နေရပြီး မီးရှို့ခံရသည့် ပျက်စီးအိမ်ခြေအရေအတွက်ကို သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။
ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် မြို့နယ်ရဲစခန်းတွင် အဓိက စခန်းချထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို BNRA နှင့် မဟာမိတ်များဖြစ်သည့် ဝက်လက်နယ်တွင် အခြေစိုက်လှုပ်ရှားသည့် Generation Z Armyနှင့် ရေစကြိုနယ် အခြေစိုက် Southern YSO PDF အဖွဲ့များက ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)မှ အမည်ပြောင်းလဲဖွဲ့စည်းထားသည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မဟုတ်ဘဲ သီးခြားရပ်တည်လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့ဖြစ်သည်။
ပုလဲမြို့ကို ပူးပေါင်းတပ်များတိုက်ခိုက်နေစဉ် လေကြောင်းပစ်ကူပေးရန် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက လှုံ့ဆော်ခဲ့ကြပြီး ယမန်နေ့ကစပြီး နယ်မြေရှင်းလင်းရေး စတင်လုပ်ဆောင်နေပြီဟု ဖော်ပြခဲ့ကြသည်။
တိုက်ပွဲရက်များအတွင်း တော်လှန်ရေးအင်အားစုများက မြို့၏ရာခိုင်နှုန်းအများစုကို ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို လက်ရဖမ်းဆီးရမိကာ လက်နက်ခဲယမ်း အချို့ ရရှိသည်ဟု BNRA တပ်ဖွဲ့ဝင်ကပြောသည်။
မြို့စတင်ထိုးစစ်ဆင်တိုက်ခိုက်သည့်နေ့က လေကြောင်းမှ ဗုံးအလုံးရေ ၈၀ နီးပါး ကြဲချခဲ့ပြီး နောက်ရက်များတွင်လည်း စစ်ကောင်စီအခိုင်အမာ ခြေကုပ်ယူထားသည့် အနီးဝန်းကျင်နေရာများ အပါအဝင် လေကြောင်းမှ အကြိမ်ရေ ဆယ်နှင့်ချီ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေး အင်အားစုများက ဆိုသည်။
“သူတို့ကိုထပ်လုံးဖို့ မြင်ကွင်းမသာအောင်၊ ကျည်ကွယ်၊ မျက်ကွယ်မရှိအောင် သူတို့ရဲ့ပတ်ဝန်းကျင်ကို သူတို့မြင်ကွင်းသာမယ့်နေရာကို ပတ်ပတ်လည်ကို ဗုံးတော်တော်များများကြဲတယ်။ ဘာလို့လဲဆိုတော့ ပျက်စီးသွားရင် အဆောက်အဦးတွေ ၊ အကာအကွယ်တွေကို ကျည်ကွယ်မျက်ကွယ်ပြု လို့မရတော့ဘူး။ အဓိက သူတို့နောက်ဆုံးခံစစ်ရဲ့ နေရာတွေကို အရင်ဆုံးကြဲတာပေါ့”ဟု အထက်ပါ BNRA တပ်ဖွဲ့ဝင်က ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပုလဲမြို့ပေါ်တွင် အဆောက်အဦးအများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
“ထိခိုက်ပျက်စီးမှုကတော့ ပုလဲမြို့တစ်ခုလုံးကြေမွနေတယ်။ မြသိန်းတန်ဘုရားတို့၊ ထွေအုပ်ရုံးနေရာတို့၊ စာသင်ကျောင်းနေရာတို့၊ ရဲစခန်းနေရာတို့ကတော့ ရစရာမရှိအောင် ကြေမွနေတယ်။ မြို့တလျှောက်က အိမ်ကြီးအဆောက်အဦးကြီးတွေလည်း အများကြီးထိခိုက်အပျက်စီးရှိတယ်”ဟု ပုလဲမြို့ သပိတ်ခေါင်းဆောင် ကိုစိုပြေမင်းထင်က ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် Non CDM ဝန်ထမ်းများအပါအဝင် ၃ ဦးကို အတည်ပြုထားနိုင်ပြီး သေဆုံးသူအရေအတွက် ထို့ထက်များပြားနိုင်သည်ဟု တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။
တော်လှန်ရေးအင်အားစုများ ဆုတ်ခွာသွားချိန် ယမန်နေ့နေ့လယ်ပိုင်းကလည်း မင်းတိုင်ပင်၊ ကံကြီး၊ လက်ပကန် စသည့်ကျေးရွာများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“မင်းတိုင်ပင် ရွာလည်ခေါင်ပစ်တယ်။ ဈေးပေါက်က အိမ်ကဓါတ်တိုင် တစ်တိုင်ကိုမှန်ပြီးတော့ အိမ်ထဲက အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ထိခိုက်ဒဏ်ရာရတယ်။ လက်တွေ၊ ခေါင်းတွေ၊ လက်ပကန်ရွာကို ထပ်ပစ်တယ်” ဟု ပုလဲအခြေစိုက် တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
တိုက်ပွဲများကြောင့် ပုလဲမြို့ပေါ်နှင့် အနီးအနားကျေးရွာများဖြစ်သည့် မြကုန်း၊ အေးကုန်း၊ အလယ်ဘုံ၊ ဇောင်ဂျမ်းကုန်း၊ မန်ကျည်းခွ၊ ကုက္ကိုလ်ကုန်း၊ ကျွန်းဘိုကုန်း၊ ညောင်ကုန်း၊ ဖိုကုန်း၊ စသည့်ကျေးရွာ ပေါင်း ၁၂ ရွာမှ ဒေသခံ ၁၀,၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရသည်။ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်နှင့်စောင်တို့ အရေးပေါ်လိုနေသည်ဟု စစ်ရှောင်အရေးကူညီပေးနေသည့် စစ်ကိုင်းပြည်သူ ဖေးမကူကွန်ယက်က ထုတ်ပြန်ထားသည်။
ယခုနှစ် ဇူလိုင်လတွင်လည်း တော်လှန်ရေးအင်အားစုများက ပုလဲမြို့ပေါ်တွင် စစ်ကောင်စီ စိုးမိုးထားရာ နေရာများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကို ယာယီထိန်းချုပ်နိုင်ခဲ့သော်လည်း လက်နက်ခဲယမ်း မလုံလောက်သဖြင့် နေ့တွင်းချင်း ပြန်လည်ဆုတ်ခွာခဲ့ရသည်။
မကွေးတိုင်း မြိုင်၊ ပုံတောင်ပုံညာယောဒေသတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ပုလဲမြို့နယ် တွင်စစ်တပ်က မြို့ပေါ်နှင့် ကမ်းဒေါင့်၊ ဇီးဖြူကုန်း၊ အင်မထီးရွာတို့တွင်သာ နယ်မြေစိုးမိုးထားပြီး ကျန်နယ်မြေအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် အနီးဝန်းကျင်ရှိ ကနီမြို့နှင့် ဒီပဲယင်းမြို့ တို့ ယခုနှစ်အတွင်း တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင် တိုက်ခိုက်ချိန်တွင်လည်း စစ်တပ်က လေကြောင်းမှ အားပြုတုံံ့ပြန်ပြီး၊ စစ်ကူအင်အားဖြည့်တင်းကာ မြို့များကို ပြန်လည် ခြေကုပ်ယူ ထိန်းချုပ်ခဲ့သည်။