မြန်မာ့အထည်ချုပ်လုပ်ငန်း ပို့ကုန်မှ ရရှိသည့် အမေရိကန်ဒေါ်လာအားလုံးကို စစ်ကောင်စီ နှင့် ပုဂ္ဂလိဘဏ်တို့က ၎င်းတို့သတ်မှတ်ထားသော နှုန်းထားများဖြင့် ခေါင်းပုံဖြတ်ယူလာသည်ဟု အထည် ချုပ်လုပ်ငန်းရှင်များထံက သိရသည်။
ယခင်က ပို့ကုန်ရငွေ၏ ၂၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်က သတ်မှတ်ထားသော တစ်ဒေါ်လာ ၂,၁၀၀ ကျပ်နှုန်း ဖြင့် ဖြတ်ယူပြီး ကျန် ၇၅ ရာခိုင်နှုန်းကို လုပ်ငန်းရှင်များက ပြင်ပတွင် ပိုမိုများပြားသောနှုန်းထားဖြင့် ရောင်းချနိုင်ခဲ့သည်။
ဘဏ်များက ဖြတ်ယူနေသော နှုန်းထားသည် ပြင်ပစျေးကွက် ပေါက်စျေးထက်နည်းပါးသည်ဟု ရန်ကုန်မြို့မှ အထည်ချုပ်လုပ်ငန်းရှင်အမျိုးသားတစ်ဦးက Myanmar Now သို့ ပြောသည်။
မကြာသေးမီလပိုင်းက စတင်ကာ ဘဏ်များသည် အထည်ချုပ်လုပ်ငန်းများ၏ လစဉ်နိုင်ငံခြားမှ ဝင်လာသော ပို့ကုန်ရငွေများ၏ ၇၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာလျှင် ကျပ် ၃,၅၀၀ မှ ကျပ် ၃,၅၆၀ ဝန်းကျင်ဖြင့် နေ့ချင်းသတ်မှတ်ဖြတ်ယူသည်ဟု သူက ပြောသည်။
လက်ရှိ ပြင်ပစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၅၀၀ ဝန်းကျင်ရှိသည်။
“ ကျွန်တော်တို့ အထည်ချုပ်လုပ်ငန်းတွေက ရတဲ့ နိုင်ငံခြားငွေက တရားဝင် ဝင်လာတာလေ အဲဒါကို သူတို့သတ်မှတ်နှုန်းထားနဲ့ပဲ ဖြတ်ယူတော့ လုပ်ငန်းရှင်တွေက အခက်အခဲဖြစ်တယ်။ လုပ်ငန်းရှင်က ဒေါ်လာနဲ့ ပြန်ပေးဖို့ရှိတဲ့ ကိစ္စရပ်တွေအတွက် သုံးဖို့ဒေါ်လာကျတော့ သူတို့ဖြတ်ယူတဲ့ နှုန်းထားနဲ့ ဘယ်မှာမှဝယ် မရဘူး၊ သူတို့လည်း ပြန်မရောင်းပေးဘူး” ဟု သူက ပြောဆိုသည်။
ထိုအခြေအနေကြောင့် အထည်ချုပ်လုပ်ငန်းရှင်များသည် ရရှိသော ဒေါ်လာကို ပြင်ပပေါက် စျေးဖြင့် နည်းသော နှုန်းထားဖြင့် ဖြတ်ယူခံနေရပြီး လုပ်ငန်းအတွက် ဒေါ်လာ လိုအပ်လာလျှင် ပြင်ပပေါက်စျေးဖြင့် ပြန်လည်ဝယ်ယူနေရသည်။
အထည်ချုပ်လုပ်ငန်းများ၏ လိုအပ်သော ကုန်ကြမ်းဝယ်ယူမှုများကို မြန်မာကျပ်ငွေဖြင့်သာပေးချေရန် ညှိနှိုင်းနိုင်သော်လည်း အထည်ချုပ်စက်ရုံအသေးများအတွက်မူ အခက်အခဲပိုစေမည်ဟု လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။
“အထည်ချုပ်အပြင် တခြားပို့ကုန်သွင်းကုန်လုပ်ငန်းတွေပါ တွဲပြီးလုပ်တဲ့သူတွေအတွက်ဆိုရင်ဒါက ဒုက္ခရောက်နိုင်တယ် ” ဟု သူက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွက် ၎င်းစက်ရုံက ရရှိသော အထည်ချုပ်ရငွေဒေါ်လာကို ပုဂ္ဂလိဘဏ်ဘက်က တစ်ဒေါ်လာလျှင် ကျပ် ၃၆၀၀ နှုန်းဖြင့် ဖြတ်ယူခဲ့သည်ဟု သူက ဆိုသည်။
လတ်တလောတွင် လျှပ်စစ်မီးမမှန်ခြင်း၊ အလုပ်သမားရှားပါးခြင်း နှင့် ပြည်ပအမှာစာ လျော့ ကျလာသည့် ဒဏ်များခံနေ ရသည့် မြန်မာ့အထည်ချုပ်လုပ်ငန်းအတွက် တွက်ချေမကိုက်သော ပို့ကုန်ရငွေ ခေါင်းပုံဖြတ်မှုကလည်း ဝန်ထုတ်ဝန်ပိုး ထပ်ဖြစ်လာစေမည်ဟု လုပ်ငန်းရှင်များက ပြောဆို သည်။
စစ်ကောင်စီသည် အထည်ချုပ်လုပ်ငန်းများကို ကန့်သတ်မှု မတိုင်မီကလည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့် ပြည်ပသို့ ဆန် နှင့် ဆန်ကွဲတင်ပို့ရောင်းချရာမှ ရရှိသည့် နိုင်ငံခြားငွေအားလုံးကိုလည်း ထိန်းချုပ်ခဲ့သည်။
အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမရှိခြင်း နှင့် အနောက်နိုင်ငံတို့၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် စစ်ကောင်စီသည် နိုင်ငံခြားအရန်ငွေအကြပ် အတည်းကို ရင်ဆိုင်နေရသည်။
ထို့နောက် လွန်ခဲ့သည့် တစ်နှစ်က ဖြစ်ပေါ်လာသော ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲ များအတွင်း၌လည်း မြန်မာ့ပို့ကုန်များ အဓိကတင်ပို့ရာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်း အများစုကို စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ လက်လွှတ်ထားရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီအတွက် နိုင်ငံခြားငွေရလမ်းတချို့မှာ တရုတ် နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချသော ရေနံ နှင့်သဘာ၀ဓာတ်ငွေ့ရောင်းချမှု နှင့် အထည်ချုပ် အပါအဝင် ပြည်ပပို့ကုန် တင်ပို့မှုသာဖြစ်သည်။
၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံအထိရှိပြီး
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်မူ ၃ဒသမ ၆ ဘီလီယံတင်ပို့နိုင်ခဲ့သည်ဟု စစ်ကောင်စီ၏ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ထို့ကြောင့် နိုင်ငံခြားငွေရပေါက်ရလမ်းအားလုံးကို နည်းလမ်းပေါင်းစုံဖြင့်ထိန်းချုပ်နေသည့် စစ်ကောင်စီ က ပို့ကုန်တင်ပို့မှုမှ ရသည့် နိုင်ငံခြားငွေအားလုံး တစ်ရက်အတွင်း ကျပ်ဖြင့် လဲလှယ်ရသည့် အစီအစဉ် ကို ၂၀၂၂ ဧပြီတွင် စတင်ခဲ့သည်။
ထိုအချိန်က ပို့ကုန်ရငွေ၏ ၁၀၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေး ၁ ဒေါ်လာ ၁၈၅၀ ကျပ်ဖြင့် လဲရန် သတ်မှတ်ခဲ့သည်။ ၂၀၂၂ ဩဂုတ်လတွင်မူ ၆၅ ရာခိုင်နှုန်းကို ၂၁၀၀ ကျပ်ဖြင့် လဲလှယ်ရန် ပြင်ဆင် လိုက်ပြန်သည်။ ထို့နောက် ၂၀၂၃ ဇူလိုင်တွင် ၅၀ ရာခိုင်နှုန်းကိုသာလဲရတော့မည်ဟု စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ပြောင်းလဲသည်။
နိုင်ငံခြားရငွေအားလုံးကို လွတ်လပ်စွာအသုံးပြုခွင့်မရ၍ လုပ်ငန်းရှင်များ နှင့် ကုန်သည်များ အခက်အခဲ တွေ့လာပြီး ပို့ကုန်တင်မှု ဆက်တိုက်ကျဆင်းလာ၍ ၂၀၂၃ ဒီဇင်ဘာတွင် ၃၅ ရာခိုင်နှုန်းသို့ လျှော့ချ ပြန်သည်။ ယခုနောက်ဆုံးတွင်မူ ၂၅ ရာခိုင်နှုန်းသာ လဲလှယ်ရမည်ဟု ၂၀၂၄၊ ဩဂုတ်တွင် ပြင်ဆင်သတ် မှတ်ထားသည်။
ထို့အပြင် ပို့ကုန်ရငွေများအပေါ် ကန့်သတ်ထိန်းချုပ်နေသလို နိုင်ငံခြားငွေ ပြည်ပစီးထွက်မှုကို ထိန်းချုပ်ရန်လည်း သွင်းကုန်လိုင်စင်များကိုလည်း ကန့်သတ်ထားပြန်သေးသည်။