ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက ယနေ့ မတ်လ ၁ ရက်နေ့တွင် ပုဒ်မထပ်တိုး၍ တရားစွဲဆိုလိုက်ကြောင်း အမှုတွင် လိုက်ပါဆောင်ရွက်ခွင့် ရရန် ကြိုးပမ်းနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော်မတည်မငြိမ် ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ ထောင် ၁ နှစ်အထိချနိုင်သည့် လိုင်စင်မရှိသော ပစ္စည်းလက်ဝယ်ရှိမှုဆိုင်ရာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် ထပ်မံ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၎င်း၏ အနီးကပ် လုံခြုံရေးအဖွဲ့ သုံးစွဲသည့် စကားပြောစက်များမှာ တရားမဝင်တင်သွင်းထားသည်ဟူသော စွပ်စွဲချက်ဖြင့် ပို့ကုန်သွင်းကုန် ဥပဒေ၊ ကိုဗစ်ကာလအတွင်း မဲဆွယ်ယာဉ်တန်းကို ကြိုဆိုမှုဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေတို့ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားပြီးဖြစ်သည်။
ဦးဝင်းမြင့်ကိုမူ နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) တစ်ခုတည်းဖြင့် စစ်ကောင်စီက ထပ်မံတရားစွဲဆိုခဲ့ကြောင်း ဒေါ်မင်းမင်းစိုးက ပြောသည်။
NLD ပါတီဒုဥက္ကဋ္ဌ (၁) လည်းဖြစ်သူ သမ္မတဦးဝင်းမြင့်ကိုလည်း ကိုဗစ်ကာလစည်းကမ်းများကို ဖောက်ဖျက်၍ မဲဆွယ်ယာဉ်တန်း ကြိုဆိုသည်ဟူသော စွပ်စွဲချက်ဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ ၂၅ အရ အမှုဖွင့်ထားပြီးဖြစ်သည်။
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တရားရုံးတွင် Video Conferencing စနစ်ဖြင့် ယနေ့ရုံးထုတ်စစ်ဆေးမှုကို ခပ်ဝေးဝေးမှ ကြည့်ရှုခွင့်ရခဲ့သည့် ဒေါ်မင်းမင်းစိုးက ထိုသို့အတည်ပြု ခြင်းဖြစ်သော်လည်း မည်သည့်အကြောင်းပြချက်ဖြင့် ပုဒ်မထပ်တိုးသည်ကိုမူ တိတိကျကျ မသိရသေးပေ။
တရားခွင်အတွင်းရှိ ပရိုဂျက်တာမှတစ်ဆင့် မြင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အသွင်မှာ ကျန်းကျန်းမာမာရှိနေသည်ဟု ယူဆရကြောင်း၊ ရှေ့နေနှင့်တွေ့ခွင့်ပေးရန် တောင်းဆိုသည်ကို လည်း ကြားခဲ့ရကြောင်း ဒေါ် မင်းမင်းစိုးက ပြောသည်။
“(ဒေါ်အောင်ဆန်းစုကြည်က) ရှေ့နေနဲ့ တွေ့ချင်တယ်ပြောတယ်။ တရားသူကြီးက ဆက်လက် ဆောင်ရွက်နေပါတယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ တရားရုံး၌ပင် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်အပြီး သမ္မတဦးဝင်းမြင့် အမှု တရားခွင်ကိုမူ အခန်းပြတင်းပေါက်များ ပိတ်လိုက်သည့်အတွက် မည်သည့်အကြောင်းအ ရာများ ပြောဆိုသည်ကို မသိရတော့ကြောင်းလည်း ဒေါ်မင်းမင်းစိုးက ပြောသည်။
ထို့အတူ လက်ရှိအချိန်အထိ နိုင်ငံတော်အကြီးအကဲများဘက်မှ ရှေ့နေလိုက်ခွင့် ကိုယ်စားလှယ်လွှဲစာ ရရှိရန် ကြိုးပမ်းမှုကို စစ်ကောင်စီက ခွင့်ပြုခြင်းမရှိသေးသဖြင့် အမှုအကြောင်းအရာများ အသေးစိတ်သိရှိရန်နှင့် ချေပနိုင်ရေးအတွက် ပြင်ဆင်ရန် အခက်အခဲများစွာတွေ့နေသည်ဟု ၎င်းက ဆက်ပြောသည်။
“တရားခွင်မှာ အမေ(ဒေါ်အောင်ဆန်းစုကြည်)ကပြောတော့ လူချင်းတော့ တွေ့ခွင့်မရနိုင်ဘူး။ ရှေ့နေကိစ္စ လုပ်ပေးနေပါတယ်ဆိုပြီး တရားသူကြီး ပြောတာကိုတော့ ကြားလိုက်ရတယ်”ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။
ယနေ့ပြုလုပ်သည့် ဇဗ္ဗူသီရိမြို့နယ်တရားရုံးတရားခွင်တွင် နောက်ထပ် NLD ထိပ်ပိုင်းခေါင်း ဆောင်တစ်ဦးဖြစ်သူ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ပတ်သက်၍ ကြားနာရန်ရှိသည်ဟု သိရသော်လည်း မွန်းလွဲ ၁နာရီခွဲအထိ အသေးစိတ်ကို မသိရသေးပေ။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ လေးခုဖြင့်တရားစွဲဆိုပြီးချိန်တွင် ၎င်းတည် ထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရှာဖွေနေသဖြင့် ပိုမိုပြင်းထန်စွာ အရေးယူလာနိုင်သည်ဟူသော မှန်းဆချက်များလည်း ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို စစ်ကောင်စီက စွဲဆိုထားသည့်အမှုများအတွက် နောက် တစ်ကြိမ်ကြားနာမှုကို မတ် ၁၅ ရက်သို့ ဇဗ္ဗူသီရိမြို့နယ်တရားရုံးက ချိန်းဆိုထားသည်။
ဒီမိုကရေစီအိုင်ကွန်ဟု ကမ္ဘာက တင်စားခဲ့သည့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆိုရှင် ဒေါ်အောင်ဆန်းစု ကြည်ကို အတိတ်တွင်လည်း နိုင်ငံရေးတွင် ပါဝင်နိုင်ခြင်း မရှိစေရန် စစ်အာဏာရှင်များက မတရားသော ပုဒ်မများဖြင့် တရားစွဲဆိုကာ ပြစ်ဒဏ်များချမှတ်ခဲ့ဖူးသည်။
ဤအတောအတွင်း မြို့အသီးသီးတွင် ပြည်သူအများအပြားက အာဏာသိမ်းမှုကို ကန့်ကွက်နေကြပြီး နိုင်ငံ့ခေါင်းဆောင်များ ပြန်လည်လွတ်မြောက်ရေးအတွက် ဆန္ဒပြ တောင်းဆိုနေကြသည်။