
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူများက ငြိမ်းချမ်းစွာ စုဝေးဆန္ဒထုတ်ဖော်ခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီ၏ လက်မရွံ့လက်နက်ကိုင်တပ်ဖွဲ့များက သေနတ်များဖြင့် ပစ်ခတ်ကာ အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် လူ ၁၈ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
စစ်တပ်က တိုင်းပြည်အာဏာကို မတရားသောနည်းလမ်းဖြင့် သိမ်းယူခဲ့ပြီး တစ်လပြည့်မြောက်သည့် ယနေ့ (ဖေဖော်ဝါရီ ၂၈) တွင် နံနက်ပိုင်းကတည်းကပင် စစ်တပ်နှင့် ရဲနှင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်များပစ်ခတ်ကာ စတင်အကြမ်းဖက် ဖြိုခွင်းခဲ့သည်။
ယနေ့ နံနက်အစာပိုင်းတွင် ရန်ကုန်မြို့ လှည်းတန်းလမ်းပေါ်ရှိ လှည်းတန်းလမ်းပေါ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် လူငယ်တစ်ဦး သေနတ်ကျည်ဆန်ထိမှန်ခဲ့ပြီး ဝမ်းဗိုက်ပွင့်ထွက် ခဲ့ရာ ထိုဒဏ်ရာဖြင့်ပင် သေဆုံးခဲ့သည်။
နံနက်ပိုင်း လှည်းတန်း၌ ဆန္ဒပြနေသူများ စုဝေးရာနေရာသို့ စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်သည်ကို Myanmar Nowက ရရှိထားသည့်ဗီဒီယိုတွင် တွေ့ရသည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ ခုနစ်ဦး သေနတ်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းတွင် ကျည်ထိမှန်ခဲ့သည်။ ဦးခေါင်းတွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့သူမှာ ယနေ့ညနေပိုင်းတွင် သေဆုံးခဲ့ပြီဖြစ်သည်။

ရန်ကုန်တွင် သင်္ဃန်းကျွန်း၊ ကြည့်မြင်တိုင်၊ ကမာရွတ် သာကေတမြို့နယ်များနှင့် မန္တလေးမြို့တွင် လည်း ကောင်း၊ တနင်္သာရီတိုင်းတွင် ထားဝယ်နှင့် ပုလော၊ မကွေးတိုင်းတွင် ပခုက္ကူ၊ ပဲခူးနှင့် မွန်ပြည်နယ် မော်လမြိုင် စသည့်နေရာများတွင်လည်း သေနတ်ပစ်ခတ်ကာ အကြမ်းဖက်ဖြိုခွင်းမှုများ ရှိခဲ့သည်။
ယနေ့ နံနက်အစောပိုင်းတွင် ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်လမ်း၊ ရန်ကုန်တိုင်းပညာရေးမှူးရုံးရှေ့တွင် သပိတ်ဆင်နွှဲရန် လူစုနေသည့် ဆရာ၊ ဆရာမများကို ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ သေနတ်များ အသုံးပြုကာ တကယ့်တိုက်ပွဲအလား ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါနေရာတွင် အစုလိုက်အပြုံလိုက် အတုံးအရုံးလဲကျဲနေသော ဆရာမများ၊ ရဲအချုပ်ကားပေါ် အတင်းအဓမ္မဆွဲတင်ခံနေရသည့် ဆရာမများ၊ ဘေးပတ်လည်တွင် သေနတ်ကိုင်တပ်ဖွဲ့ဝင်များက ဝိုင်းရံထားပုံမှာ ရန်ကုန်မြို့၏ ယနေ့နံနက်ခင်းကို အစောဆုံး အကျည်းတန် အရုပ်ဆိုးစေခဲ့သည်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရန် စုဝေးနေသော အဖြူအစိမ်းဝတ်ကျောင်းဆရာ ဆရာမများကို ရဲတပ်ဖွဲ့ဝင်များက ဥပဒေမဲ့အကြမ်းပတမ်း ဝင်ရောက်ပစ်ခတ်မှုကြောင့် အလယ်တန်းဆရာမတစ်ဦး သေဆုံးခဲ့သည်။
“ကျွန်တော်တို့က လှိုင်သာယာကလာကြတာဆိုတော့ မနက် ၈ နာရီလောက်ကတည်းက ပညာရေးမှူးရုံးရှေ့ ရောက်နေတာပေါ့။ သပိတ်စစ်ကြောင်းက လူစုနေတဲ့အချိန်ဆိုတော့ အားလုံးက ထိုင်နေကြတာ။ ဘာမှတောင် မလုပ်ရသေးဘူး။ အဲဒါကို ဝင်လုပ်သွားတာ” ဟု အခင်းဖြစ်ချိန်တွင် ရှိနေသည့်ကျောင်းဆရာ ဦးမျိုးသူက ပြောသည်။
သေဆုံးသွားသည့် ဆရာမ ဒေါ်တင်နွဲရီသည် လှိုင်သာယာမြို့နယ်အတွင်းရှိ အလယ်တန်းကျောင်း တစ်ခုမှ ဆရာမတစ်ဦးဖြစ်သည်ပြီး သေနတ်ကျည်ဆန် ဘယ်ဘက်တံတောင်ဆစ်ကို မှန်ခဲ့ခြင်းဖြစ်သော်လည်း သွေးလန့်၍ သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ဆရာ၊ ဆရာမအချို့က ဆိုသည်။
“ဆရာမက နဂိုကတည်းက နှလုံးရောဂါအခံရှိတာလည်း ပါတယ်။ သေနတ်မှန်တော့ သတိလစ်သွားတာ။ အဲဒီနားမှာရှိတဲ့ ပရဟိတကားတစ်စီးက ကူညီပေးတယ်။ ဆရာဝန်တွေနဲ့ ကုသလို့ရမယ့်နေရာကို ခေါ်ဆောင်သွားပါတယ်။ ကားပေါ်မှာတင်ဆုံးသွားတာ”ဟု ဦးမျိုးသူက ပြောသည်။
ဆရာမ ဒေါ်တင်နွဲ့ရီ၏ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး နာရေးအတွက် မနက်ဖြန် ပြန်လည်ထုတ်ယူနိုင်ရန် မျှော်လင့်ထားကြောင်း ဆရာ၊ ဆရာမများက ပြောသည်။ သို့သော် ဒေါ်တင်နွဲ့ရီ သေဆုံးခဲ့ရသည့် ဖြစ်စဉ်အတွင်း အခြားသော ဆရာ၊ ဆရာမများ ထိခိုက်ဒဏ်ရာရရှိမှုအခြေ အနေကိုမူ အတည်မပြုနိုင်ခဲ့ပါ။
ယနေ့ နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်အနီးတွင် လုံခြုံရေးတပ်ဖွ့ဝင်များ၏ အဆင်အခြင်မဲ့ ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး သေဆုံးခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုများကြောင့် နံနက်အ စောပိုင်းကတည်းပင် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိသူ၊ ဖမ်းဆီးခံရမှုများ ရှိခဲ့သော်လည်း အာဏာရှင်စနစ် ကိုအကြွင်းမဲ့ မုန်းတီးစက်ဆုပ်သော ပြည်သူလူထုသည် ကြောက်ရွံ့ခြင်းမရှိဘဲ ရန်ကုန်နေရာ အနှံ့အပြား တွင် စုရုံးခဲ့ကြသည်။
အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်နေ့တိုင်း လူသောင်းချီစုဝေးဆန္ဒပြလေ့ရှိသည့် လှိုင်မြို့နယ်အတွင်း ယနေ့ပြုလုပ်သည့် ထိုင်သပိတ်သည် စစ်ကောင်စီ၏လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်မတွေ့ရန် ရှောင်လွှဲနိုင်ခဲ့သည်။
မွန်းလွဲပိုင်းတွင် စစ်ကား ၁၀ စီးခန့်ရောက်လာပြီး မီးခိုးဗုံးသုံး၍ ဖြိုခွင်းချိန်တွင် ဆန္ဒပြပြည်သူများက ရှောင်ထွက်နိုင်ခဲ့ကြသည်။ ထို့နောက် ပါရမီလမ်းနှင့် အင်းစိန်လမ်းကိုအတားအဆီးများဖြင့်ပိတ်ဆို့ထား လိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအလွယ်တကူလာ၍ မရခဲ့ပေ။
ရန်ကုန်မြို့၌ ဆန္ဒပြပြည်သူများစုဝေးရာ နေရာနောက်တစ်ခုဖြစ်သည့် မြေနီကုန်းတွင် နံနက်ပိုင်း ကတည်းက အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသည်။ ဆန္ဒပြသူများကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဖော်ထုတ်ပြသနိုင်ရန် အကြိမ်ကြိမ်လူပြန်စုကာ ရဲတပ်ဖွဲ့ကို အန်တုခဲ့သည်။

စမ်းချောင်းမြို့နယ် ဗဟိုလမ်း၊ ဗားကရာလမ်း၊ ကျွန်းတောလမ်းတစ်ဝိုက်တွင် မျက်ရည်ယိုဗုံး အသုံးပြု ကာ ရဲတပ်ဖွဲ့ကဖြိုခွင်းခဲ့သော်လည်း ပြည်သူများက အကြိမ်ကြိမ်လူပြန်စုက ညနေ ၃ နာရီခွဲကျော်အထိ ဆန္ဒပြခဲ့ကြသည်။
ရန်ကုန်မြို့လယ် ဆူးလေတစ်ဝိုက်တွင်လည်း နံနက်အစောပိုင်းကတည်းပင် ဆန္ဒပြပြည်သူများကို ရဲတပ်ဖွဲ့ က သေနတ်များပစ်ဖောက်ဖြိုခွင်းခဲ့သည့်အပြင် အကြမ်းဖက်ဖမ်းဆီးခဲ့သည်။ လမ်းဆုံလမ်းခွတွင် ရှိနေသည့် ဆန္ဒပြသူများကို အလစ်အငိုက်ဝင်ရောက်၍ ဖမ်းဆီးခဲ့သည်။
၃၃ လမ်းနှင့် အနော်ရထာလမ်းထောင့်တွင် အသက် ၂၀ ခန့်ရှိ လူငယ်တစ်ဦးကို နံပါတ်တုတ်ကြိုးသည် အထိ ရိုက်နှက်ခဲ့သည့်အပြင် ဖရဲသီးရောင်းနေသော အမျိုးသမီးကြီးတစ်ဦး၏ လက်နှင့်ပေါင်တို့တွင် ရာဘာကျည် သုံးချက်ထိမှန်သည်အထိပင် စစ်ကောင်စီ၏လုံခြုံရေးတပ်ဖွဲ့က အကိုင်အတွယ်ကြမ်းခဲ့ သည်။
မြို့တော်ရန်ကုန်နှင့် မိုင်ပေါင်းများစွာဝေးသော တနင်္သာရီတိုင်းထားဝယ်မြို့တွင်လည်း ဆန္ဒပြပြည်သူများ ကို စစ်တပ်နှင့် ရဲဝတ်စုံဝတ် လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းပတမ်း ဖြိုခွင်းခဲ့သည်။ ထားဝယ်မြို့ အာဇာနည်လမ်းပေါ်၌ ထောင်ဂဏန်းရှိ ဆန္ဒပြပြည်သူများကို လက်တကမ်းတွင်ရှိနေသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များက မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးများ ပစ်ခတ်ခဲ့သည့်အပြင် သေနတ်များဖြင့်လည်း အချက်ပေါင်း ရာချီပစ်ခတ်ခဲ့သည်။
လမ်းနံဘေးရှိ ဈေးဆိုင်ခန်းများတွင် ပုန်းခိုနေသည့် ပြည်သူများကို သေနတ်ဖြင့်ချိန်၍ ရိုက်နှက်၊ ထိုးကြိတ်ဖမ်းဆီးခဲ့သလို စစ်ယူနီဖောင်းဝတ်ထားသူတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များက ကျည်အစစ်ထည့်၍ ပစ်ခတ်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် အသေအချာချိန်ရွယ်ပစ်ခတ်ပြီး ထိမှန်သွားချိန်တွင် ထို စစ်ယူနီဖောင်းဝတ် အရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များက အားရဝမ်းသာဟန်ဖြင့် အောင်ပွဲခံခဲ့သည်ကိုပင် ရုပ်သံမှတ်တမ်းတွင် တွေ့မြင်ရသည်။
အဆိုပါဗီဒီယိုတွင် မျက်မြင် တွေ့ရသည်။

ထားဝယ်မြို့တွင် နံနက်ပိုင်းကတည်းက လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ထိုသို့အကြမ်းဖက်ဖြိုခွင်းမှု ကြောင့် ညာဘက်နံကြားအောက်ထိမှန်သူအပါအဝင် အမျိုးသား ၃ ဦး ကျည်သင့်၍ သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၁၂ ဦးအထိရှိကြောင်း ဒေသအခြေစိုက်လူမှုကူညီရေးအသင်းအဖွဲ့များက အတည်ပြုသည်။
စစ်ကောင်စီလုံခြုံရေး တပ်ဖွဲ့၏ သေနတ်သုံးဖြိုခွင်းမှုကြောင့် မကွေးတိုင်း ပခုက္ကူမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့တို့တွင် တစ်ဦးစီ၊ ပဲခူးမြို့တွင် သုံးဦးသေဆုံးခဲ့ရသည်။
ထို့ပြင် ဒေသခံများ၏ အတည်ပြုချက်အရ တနင်္သာရီတိုင်း ပုလောမြို့တွင် တစ်ဦး၊ မန္တလေးမြို့တွင် ၆ ဦး၊ မော်လမြိုင်မြို့တွင် ၈ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ကြောင့် ယနေ့ ညနေ ၃ နာရီအထိ မြို့နယ် ၈ခုတွင် အတည်ပြုထားနိုင်ပြီးသောစာရင်းများအရ ဖေဖော် ဝါရီ ၁ မှ ၂၈ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် သေဆုံးရသည့် ပြည်သူ ၁၅ ဦး အထိ ရှိလာပြီဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးကတည်းက ၎င်းကိုဆန့်ကျင်သည့ ပြည်သူတို့ ဖမ်းဆီးမှုများလည်း တရစပ်ဆောင်ရွက်နေပြီး ဖေဖော်ဝါရီ ၂၇ရက် AAPP ၏ စာရင်းအရ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချခံ ရသူ စုစုပေါင်း ၈၅၄ ဦးအထိရှိနေပြီဖြစ်သည်။