သတင်း

စစ်မှုမထမ်းလိုသဖြင့်ထွက်ပြေးသူများကိုဖမ်းဆီးမည်ဟုစစ်ကောင်စီခြိမ်းခြောက်

စစ်မှုမထမ်းချင်သူများ၊ စစ်သင်တန်းကျောင်းများမှ ထွက်ပြေးသူများကို အရေးယူမည်ဟု စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးက ခြိမ်းခြောက်ပြောဆိုလိုက်သည်။

အတင်းအဓ္ဓမလူစုဆောင်းပြီး စစ်သင်တန်းပေးသည့် သင်တန်းကျောင်းများမှ သင်တန်းသားများ တိမ်းရှောင်ထွက်ပြေးသည်ဟု စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဝန်ခံလိုက်ပြီး ထိုသူများကို အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုသည်။

စစ်မှုထမ်းရန် စာရင်းရေးသွင်းပြီး စစ်ထဲမဝင်သူများ၊ ဆေးအောင်ထားပြီး စစ်ထဲမဝင်သူများနှင့် သင်တန်းကျောင်းရောက်ရှိပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများရှိနေပြီး ထိုသူများကို အရေးယူမည်ဟု  နိုဝင်ဘာ ၇ ရက်ကပြုလုပ်သည့် စစ်မှုထမ်းဗဟိုအဖွဲ့ အစည်းအဝေးတွင် စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက ပြောဆိုသွားခြင်းဖြစ်သည်။

စစ်မှုထမ်းရန် အတင်းအဓမ္မဆင့်ခေါ်မျိုးမဟုတ်ဘဲ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်လည်း စစ်ကောင်စီဝန်ကြီးက ညွှန်ကြားသည်။ သို့သော် လက်တွေ့တွင် အုပ်ချုပ်ရေးမှူးများက လူငယ်များကို စစ်မှုထမ်းရန်ဖိအားပေးခြင်း၊ စစ်ကောင်စီတပ်သားများက အတင်းအဓ္ဓမလူစုဆောင်းခြင်းတို့ ပေါ်ပေါက်နေသည်။

စစ်ကောင်စီကိုထောက်ခံသူ စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့စစ်ခေါင်းဆောင် ပေါက်ကိုယ်တော်ကလည်း အတင်းအဓ္ဓမစစ်မှုထမ်းခိုင်းခြင်း၊ ပေါ်တာဆွဲခြင်းတို့ ဖြစ်ပေါ်နေသည်ဟု ဩဂုတ် ၁၉ရက်နေ့က ဝန်ခံပြောဆိုခဲ့ဖူးသည်။

စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများကိုယ်တိုင် ထွက်ပြေးမှုများရှိနေ၍ အုပ်ချုပ်ရေးအဖွဲ့များက ကျန်ရစ်မိသားစုများကို ခေါ်ယူဖိအားပေးနေသည်ဟုလည်း နေပြည်တော်ဒေသခံတစ်ဦးက ဆိုသည်။ စစ်ကောင်စီကမူ ပြည်သူများကို အတင်းအဓ္ဓမလူစုဆောင်းခြင်းမရှိ၊ မိမိသဘောဆန္ဒအလျှောက် စစ်မှုထမ်းကြခြင်းသာဖြစ်သည်ဟု ဝါဒဖြန့်လေ့ရှိသည်။ သို့သော် ထိုပြောဆိုချက်သည် စစ်ကောင်စီပေးသည့် ဆင်ခြေသာဖြစ်ကြောင်း စစ်မှုမထမ်းလို၍ ပြည်ပနိုင်ငံသို့ ရောက်ရှိနေသူ အသက် ၂၆နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ကိုယ့်ဆန္ဒပါမှတော့ ဘယ်သူက ထွက်ပြေးမှာပဲ၊ ဖိအားပေးခံရလို့၊ မဖြစ်မနေခေါ်ယူခံရလို့ပါသွားကြတာ” ဟု ၎င်းက ပြောသည်။

စစ်သားစုဆောင်းရေးနှင့် စစ်သင်တန်းသို့ပို့ဆောင်စဉ်နှင့် စစ်သင်တန်းကျောင်းမှလည်း လူငယ်များသည် ထွက်ပြေးမှုများရှိနေကြောင်း စစ်သင်တန်းပေးနေသည့် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သူက ပြောသည်။

“ပုံစံမျိုးစုံနဲ့ ထွက်ပြေးကြတာ၊ လမ်းမှာ ကားရပ်ခိုင်းပြီး အပေါ့သွားမယ်ဆိုပြီး ထွက်ပြေးတာ၊ သင်တန်းကျောင်းမှာ အကြောင်းပြချက်တခုခုနဲ့ အပြင်ထွက် ပြန်မလာတာတော့တာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

စစ်သင်တန်းရောက် တပ်သားသစ်များ ထွက်ပြေးပါက သင်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ ရာထူးတိုးဆိုင်းငံ့ခြင်းအပါအဝင် အသေးစားအရေးယူမှုများ ချမှတ်ခံရကြောင်း အထက်ပါ စစ်မှုထမ်းဟောင်းက ဆက်ပြောသည်။

“စုဆောင်းရေး၊ လမ်းခုလတ်က ထွက်ပြေးတာက ရှင်းရသေးတယ်၊ သင်တန်းကျောင်းက ပြေးရင် ဆရာ၊ ဆရာမတွေ ပြစ်ဒဏ်ခံရတာ၊ ငါတို့က စစ်မှုမထမ်းချင်တာတွေ သင်တန်းမပို့ပါနဲ့ဆိုပြီးပြောလည်း ပါလာတယ်၊ ထွက်ပြေးကြတာပဲ”ဟု ဆိုသည်။

စစ်သင်တန်းကျောင်းများတွင်း တပ်သားသစ်များကို ကြပ်မတ်စောင့်ကြည့်နိုင်မည့် စစ်သားဦးရေမရှိဘဲ ဖြစ်နေသည်ဟုလည်း စုံစမ်းသိရသည်။

စစ်ကောင်စီသည် ပြည်တွင်းရှိ လူငယ်များကို စစ်သားအဖြစ်စုဆောင်းခြင်းအပြင်၊ ထိုင်းနိုင်ငံသို့ တရားဝင်ဝင်ရောက်ခြင်းကြောင့် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသူများကိုလည်း စစ်သားအဖြစ် စုဆောင်းနေသည်။

ပြီးခဲ့သည့် ဇွန်လိုင်လအတွင်း ထိုင်းမြန်မာနိုင်ငံသို့ ပြန်ပို့ခံခဲ့ရသူများအပါအဝင် စုဆောင်းခံလူပေါင်း ၂၅၀ ခန့်ကို စစ်သင်္ဘောဖြင့် ပုလောမြို့နယ်သို့ ပင်လယ်ဘက်မှ ခေါ်လာရာ လှေပေါ်ပါလူငယ် ၂၇ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်နေဆဲ အရာရှိများသည် ခွင့်နှင့်နားရက်ရ၍ အထက်အရာရှိထံ သတင်းပို့ပြီး နယ်ပြန်ပါကလည်း ရက်ရှည် တစ်ပတ်ထက်ကျော်သွားပါက တပ်ပြေးတာလားဟု အရာရှိများက မေးမြန်းလေ့ရှိသည်ဟု စုံစမ်းသိရသည်။

အသက် ၁၈နှစ်မှ ၃၅နှစ်ကြား လူငယ်များကို စစ်မှုထမ်း အပတ်စဉ်တစ်ခုလျှင် လူဦးရေ ၅၀၀၀ နှုန်း စစ်ကောင်စီက ခေါ်ယူခဲ့ရာ ပြီးခဲံသည့် အောက်တိုဘာလအတွင်း အပတ်စဉ် ၆ကို ဖွင့်လှစ်ခဲ့သည်။ အပတ်စဉ် ၇ အတွက် တပ်သားသစ်များထပ်မံစုဆောင်းနေပြီ ဖြစ်သည်။ အပတ်စဉ်လူဦး ပြည့်မှီရန် စုဆောင်းကြရန်လည်း စစ်ကောင်စီ၏ကာကွယ်ရေးဝန်ကြီးက ဖိအားပေးထားသည်။

စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းပြီးနောက် လူငယ်များသည် ပြည်ပနိုင်ငံများသို့တိမ်းရှောင်ခြင်း၊တော်လှန်ရေးတပ်ဖွဲ့များနှင့် လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးများအပါအဝင်နည်းအမျိုးမျိုးဖြင့် တိမ်းရှောင်နေကြရသည်။

အခြားတစ်ဖက်တွင် 
စစ်တပ်နှင့်နီးသော လုပ်ငန်းများမှ ဝန်ထမ်းများသည် စစ်မှုထမ်းဆိုင်ငံ့ခွင့်ရရှိထားပြီး နိုင်ငံ့စီးပွားရေး မပြိုလဲစေရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ပုဂ္ဂလ်ကဘဏ်၊ ခရိုနီကုမ္မဏီနှင့် စစ်တပ်စီးပွားရေး လုပ်ငန်းများမှ ဝန်ထမ်းများကို စစ်ထဲမသွင်းရန် စစ်ကောင်စီနှင့် ခရိုနီများအကြား သဘောတူညီမှု ရရှိထားကြောင်းကို Myanmar Now ကစုံစမ်းသိရှိထားသည်။

စစ်ခေါင်းဆောင် အတည်ပြုထားသည့် စစ်မှုထမ်းဥပဒေတွင် အရပ်သားများအတွက် စစ်မှုထမ်းကာလသည် အများဆုံး နှစ်နှစ်ဖြစ်သည်။ အရေးပေါ်အခြေနေဟု သတ်မှတ်ပါက အမြင့်ဆုံး ငါးနှစ်အထိ တိုးနိုင်သည်ဟု ပြဌာန်းထားသည်။

စစ်မှုထမ်းရန်ငြင်းဆိုပါက ထောင်ဒဏ် သုံးနှစ်ထိ ချနိုင်သည်ဟုလည်း စစ်ကောင်စီက သတ်မှတ်ထားသည်။

Show More

Related Articles

Back to top button