သတင်း

တိုက်ရိုက်တင်ဆက်မှု – ဖေဖော်ဝါရီ ၂၈ အထွေထွေသပိတ်

၁၆ : ၃၀ မင်္ဂလာဈေး ကားမှတ်တိုင်အနီး မျက်ရည်ယိုဗုံး၊ သေနတ်များပစ်

မင်္ဂလာဈေး လမ်း ၁၂၀ အနီးတွင် ဆန္ဒပြနေသူများ ဆက်လက်ရှိနေပြီး ဖြိုခွင်းမှုများ ဆက်လက် ဖြစ်ပွားနေသည်။ မျက်ရည်ယိုဗုံး၊ သေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီး  လမ်း ၁၂၀ ထိပ်တွင် ရဲများ စစ်သားများ ရောက်ရှိနေပြီး ဆန္ဒပြနေသူများကလည်း မင်္ဂလာဈေးမှတ်တိုင်အနီးအနားမှ ဆက်လက်ဆန္ဒပြနေသည်။

တပ်နှင့်ရဲက အနီးရှိ သံပုံးတီးသော နေအိမ်များကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။  ၅ နာရီခန့်တွင် ရဲတပ်ဖွဲ့ဆုတ်ခွာသွားသည်။ 

၁၅ : ၄၀ စမ်းချောင်းတွင် ရဲနှစ်ဖွဲ့ပေါင်း ပိတ်ဆို့ 

စမ်းချောင်းလမ်းနှင့် ဗဟိုလမ်းထောင့်တွင် ရဲတစ်ဖွဲ့၊ မင်္ဂလာလမ်းနှင့် ဗဟိုလမ်းထောင့်တွင် ရဲတစ်ဖွဲ့ ပိတ်ဆို့ထားသည်။ 

၁၅ : ၂၀ မြန်မာပလာဇာရှေ့ မျက်ရည်ယိုဗုံးပစ်ပြီး လူစုခွဲ

မြန်မာပလာဇာအရှေ့တွင် ဆန္ဒပြလူအုပ် ပစ်ခတ်ခံရပြီး မျက်ရည်ယိုဗုံး ၁၀ လုံးကျော် ပစ်ခဲ့သည်ဟု ယင်းနေရာရောက်ရှိနေသူများက ပြောသည်။ လေးဦး ဒဏ်ရာရပြီး မြန်မာပလာဇာအတွင်း ပိတ်မိနေသည်ဟု ဆိုသည်။ ရဲတပ်ဖွဲ့ဝင်များက အတွင်းသို့ ဝင်ရောကရန် ကြိုးစားနေသည်။ ###

၁၄ : ၄၀ ရန်ကင်းတွင် ပစ်ခတ်မှုဖြစ်

ရန်ကင်းမြို့နယ် ရန်ကင်းပန်းခြံအနီး ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ပစ်ခတ်သံ ၁၀ ချက်ခန့် ကြားရကြောင်း ရန်ကင်းမြို့နယ်နေသူတစ်ဦးက ပြောသည်။ မြန်မာပလာဇာရှေ့တွင်လည်း ပစ်ခတ်လူစုခွဲနေသည်။ 

၁၄ :၂၉ သာကေတတွင် လူတစ်ဦး အပစ်ခံရ

ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ဆန္ဒပြသူများအား ဖမ်းဆီးနေသော အချုပ်ကားအနီးရှိ စစ်သားများက လမ်းသွားလမ်းလာတစ်ဦးကို ပစ်ခတ်ခဲ့ပြီး  ဦးခေါင်းရှပ်ထိကာ ဒဏ်ရာရခဲ့သည်။ 

ဖမ်းဆီးသွားသည့် ဆန္ဒပြသူများ ပြန်လွှတ်ပေးရန် သာကေတရဲစခန်းရှေ့တွင် လူအများ စုရုံးရောက်ရှိကာ တောင်းဆိုနေကြသည်။ 

၁၄:၂၅  မန္တလေးတွင် သေနတ်မှန်ထားသူ ၆ ဦး ရှိ

မန္တလေးမြို့တွင် သေနတ်ဒဏ်ရာ ရရှိထားသူ ၆ ဦးရှိပြီး တစ်ယောက်က ဦးခေါင်း ထိမှန်ထားကာ ဆီးခုံ၊ ဝမ်းဗိုက် ထိမှန်ထားသူများလည်းရှိပြီး စိုးရိမ်ရသည့်အခြေအနေ ရှိသည်။ 

၁၄ : ၁၅ ကျွန်းတောလမ်းမှာ မျက်ရည်ယိုဗုံး ထပ်ပစ်

စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနှင့် ဗားကရာလမ်းထောင့်ရှိ ဆန္ဒပြသူများကို မျက်ရည်ယိုဗုံး ၄ လုံးခန့် ပစ်ခတ်ခံရပြီး လူအတော်များများ မျက်ရည်ယိုဗုံးဒဏ် ခံလိုက်ရသည်။

ထူးခြားမှု အနေဖြင့် ၎င်းမျက်ရည်ယိုဗုံးမှာ အငွေ့မမြင်ရသောအကွာအဝေးမှပင် မျက်လုံးစပ်သည့်ဒဏ် ခံခဲ့ရပြီး ယမန်နေ့က မျက်ရည်ယိုဗုံးထက်ပိုပြင်းကြောင်း ပြောသည်။ ###

၁၄ : ၀၀ လှိုင်မြို့နယ်၊ စိန်ဂေဟာရှေ့တွင် မျက်ရည်ယိုဗုံးပစ်

ထိုင်သပိတ်ပြုလုပ်သော လှိုင်မြို့နယ်တွင် ဆန္ဒပြလူစုအနီး စစ်ကား ၁၀ စီး ရောက်ရှိလာကာ ပါရမီလမ်းနှင့် အင်းစိန်လမ်းထောင့်တွင် ပိတ်ဆို့လိုက်ပြီး မျက်ရည်ယိုဗုံး ၃ လုံး ပစ်ကာ လူစုခွဲခဲ့သည်။ 

ထိုင်သပိတ်သည် လူစုကွဲသွားပြီးနောက် အဆိုပါ စစ်ကား ၁၀ စီးသည် အင်းစိန်လမ်းမှ လှည်းတန်းဘက် ထွက်သွားကြောင်း မျက်မြင်တွေ့ရှိသူက ပြောသည် ။###

၁၃း၅၈- 

မြန်မာပြည် အနှံ့အပြားမှာ သန်းနဲ့ ချီတဲ့ ပြည်သူတွေကစစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ ဖွင့်လှစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ၊သီချင်းများ ပြိုင်တူ ကြွေးကြော်နေကြပါတယ်။

ဒီနေ့ မနက်ပိုင်း ရန်ကုန်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြသမားများကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် ပြည်သူ ၅ ဦးထက် မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိခဲ့ပါတယ်။

လှည်းတန်း၊ဆူးလေနဲ့ မြေနီကုန်း မီးပွိုင့်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အယဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့ပေမယ့် ပြည်သူလူထုက သူတို့နေထိုင်ရာ မြို့နယ် အသီးသီးမှာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဆန္ဒပြတောင်းဆိုနေကြပါတယ်။

လှိုင်မြို့နယ် ပါရမီလမ်းမမှာလည်း ထောင်နဲ့ချိီတဲ့ ဆန္ဒပြသူတွေရှိနေပြီး စစ်ကားတွေ အင်းစိန်လမ်းအတိုင်းမှောင်နှင်လာပြီး အကြမ်းဖက်ဖြိုခွဲနိုင်တယ် ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်နေကြပါတယ်။

၁၃ : ၅၂ စမ်းချောင်းတွင် ၄ ဦး အဖမ်းခံရ

စမ်းချောင်းမြို့နယ် ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့်တွင် ဆန္ဒပြပြည်သူများကို စစ်တပ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့က ဖြိုခွင်းလိုက်ပြီး ပြည်သူ ၄ ဦးကို ဖမ်းဆီးသွားသည်။

၁၃ : ၄၅ လှည်းတန်း အခြေအနေ

ရန်ကုန်မြို့၊ လှည်းတန်းတွင် ဆန္ဒပြလူစုကို လူစုခွဲနေပြီး ဆန္ဒပြသူများက ပြန်ဆုတ်ခွာရန် ပြင်ဆင်နေကြသည်။

၁၃း၄၀- တနင်္သာရီတိုင်း ထားဝယ်မြို့ အာဇာနည်လမ်းတွင် ဖြိုခွဲခံရမှုရုပ်သံ။ ကျည်အစစ်များဖြင့် ပစ်ခတ်ကြသည်။

၁၃း၄၀ ထားဝယ်မြို့တွင် ဆန္ဒပြပြည်သူတစ်ဦးပစ်ခတ်ခံရ။

၁၃ : ၀၀ – မကွေးတွင် ဆန္ဒပြသူ ၇၀ ကျော် ဖမ်းခံရ

မကွေးလူထုလှုပ်ရှားမှုတွင် မျက်ရည်ယိုဗုံးပစ်ခတ်ကာ လူငယ် ၇၀ ကျော် ဖမ်းဆီးခံရသည်။    

” ကန်သာစိတ္တသုခဘုန်းကြီးကျောင်းနားက မေတ္တာလမ်းပေါ်မှာ လူ ၂၀ လောက် ကျွန်တော့်ရှေ့တင် ဖမ်းသွားတာ။ မျက်ရည်ယိုဗုံး ၃ လုံးပစ်တယ် ” ဟု မျက်မြင်တွေ့ခဲ့ရသူ တစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့က လမ်းမကြီးအချို့မှလွဲ၍ နေရာအများစုတွင် အထိုင်ချပိတ်ဆို့ခြင်းမပြုဘဲ ကား ၅ စီးဖြင့် လူစုလူဝေးဖြစ်ပေါ်နေသည့် နေရာများကို လိုက်လံ၍ လူစုခွဲနေခြင်းဖြစ်သည်။ 

လူငယ်ခေါင်းဆောင် ကိုချစ်ဝင်းမောင် အပါအဝင် ကျောင်းသား ၃၀ ခန့်လည်း ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံလိုက်ရသည်။

” ဖမ်းဆီးခံထားရတဲ့ လူငယ် ၇၀ ကျော်တယ်။ အတိအကျတော့ မသိရသေးဘူး ” ဟု မကွေးမြို့မှ တရားလွှတ်တော်ရှေ့နေဦးအောင်နိုင်က ပြောသည်။

ရဲတပ်ဖွဲ့က လူစုလူဝေးမလုပ်ရန်  လိုက်လံကြေညာနေပြီး ပြီး ဒိုင်းများဖြင့် စုဖွဲ့ကာ လူစုလူဝေးများ မဖြစ်ရန်  ယခုအချိန်ထိ လိုက်လံလူစုခွဲနေဆဲဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထားသူများကို လတ်တလော ရဲတပ်ရင်း ၂၅ ဘက်သို့ ပို့ထားကြောင်း သိရသည်။ ##
 

၁၂း ၄၀ ကျောင်းသားသမဂ္ဂစစ်ကြောင်း ယုဇနပလာဇာရှေ့ ဖြိုခွင်းခံရ

ယုဇနပလာဇာရှေ့ရှိ ကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းကို စစ်တပ်လက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းလျက်ရှိသည်။ 

ယုဇနပလာရှေ့ရှိ ‌ကျောင်းသားများနှင့် ပြည်သူများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသလို အကြမ်းဖက်မှုကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

ကျောင်းသားများ တိမ်းရှောင်သွားသော လမ်းကျယ်လမ်းမထိပ်တွင် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြည့်နေပြီး ကျောင်းသားများက လမ်းမပေါ်မှ ပြန်စောင့်ကြည့်နေသည်။နောက်ဆုတ်သွားသည့် ကျောင်းသားအဖွဲ့များ ကျန်ရှိခဲ့သည့် စားစရာများနှင့်ရေဘူးများကို ရဲတပ်ဖွဲ့ဝင်များက ယူဆောင်သွားကြသည်။ ထို့ကြောင့် ဆန္ဒပြသူများက ပြည်သူ့ရေဘူး ပြည်သူ့ပြန်ပေးရန်၊ ရဲနှင့်စစ်သား သူခိုးဟု အော်ဟစ်နေကြသည်။ ###

 

၁၂ : ၂၉ – ရေးမြို့တွင် ဖမ်းဆီးခံရသူပြန်လွတ်

စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၁ ရက်မြောက်အဖြစ် မွန်ပြည်နယ်၊ ရေးမြို့တွင် ဆန္ဒပြနေသည့် ဒေသခံနှင့်ဝန်ထမ်း သောင်းဂဏန်းကို ယနေ့နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က သေနတ်သုံးဖြိုခွင်းပြီးနောက် လူတစ်ဦးကိုဖမ်းဆီးသွားခဲ့သည်။ သို့သော် ဆန္ဒပြပြည်သူတို့က အလျှော့မပေးဘဲဝိုင်းဝန်းတားဆီးမှုကြောင့် ဖမ်းဆီးထားသူကို ရဲတပ်ဖွဲ့က ပြန်လွှတ် ပေးခဲ့သည်။ ရဲ၏ဖြိုခွင်းမှုအတွင်း ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ ##

ရေးမြို့ ဆန္ဒပြပွဲ သေနတ်ပစ်ဖောက်လူစုခွဲရာ တစ်ဦးဒဏ်ရာရ

၁၂ : ၁၁ – သေနတ်ဒဏ်ရာဖြင့်သေဆုံးသူတိုးလာ

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း ဘဝမြင့်မှတ်တိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်မှု ကြောင့် ဒဏ်ရာရသူ သုံးဦးအနက် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးသွားသည်။ 

ကျန်နှစ်ဦးမှာ အရေးပေါ်အခြေအနေတွင်ရှိနေပြီး  ဆေးကုသမှုပေးနေရဆဲဖြစ်ကြောင်း ဆန္ဒပြသူ တို့ကို ဆေးဘက်ဆိုင်ရာအကူအညီပေးနေသည့် ဆေးခန်းတစ်ခုက အတည်ပြုသည်။

အတည်ပြုထားနိုင်သောသတင်းများအရ ယနေ့နံနက်ပိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအထွေထွေသပိတ်ဆင်နွှဲနေသည့် နိုင်ငံအနှံ့ရှိမြို့ရွာအချို့တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ ၈ဦးခန့်ရှိပြီးဖြစ်သည်။ ##

အတည်ပြုထားနိုင်သောသတင်းများအရ ယနေ့နံနက်ပိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအထွေထွေသပိတ်ဆင်နွှဲနေသည့် နိုင်ငံအနှံ့ရှိမြို့ရွာအချို့တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ ၈ဦးခန့်ရှိပြီးဖြစ်သည်။ ##

၁၂ : ၀၃ –  ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူများက ဖမ်းဆီး

မန္တလေး ၆၂လမ်း၁၀၇A လမ်းတွင် လက်နက်များတင်ဆောင်လာသည့် အိမ်စီးကားက လမ်းပေါ်မှ လူများကို လိုက်လံတိုက်ခိုက်၍ အကြမ်းဖက်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ရပ်ကွက်နေပြည်သူများက ဖမ်းဆီးလိုက်သည်။ 

” လူတစ်ဦးထိခိုက်ဒဏ်ရာပြင်းတယ်၊ ဆိုင်ကယ်တွေပျက်စီးတယ်၊ အခုဓမ္မာရုံထဲမှာ ကျွန်တော်တို့ရပ်ကွက်ကဖမ်းထားပါတယ်”ဟု ယင်းနေရာရှိ ပြည်သူတစ်ဦးကပြောသည်။

မန္တလေး ၆၂လမ်းမကြီးပေါ်တွင် စစ်ကြောင်းပေါင်းစုံက ယနေ့မနက်ပိုင်းတွင် အထွေထွေသပိတ်ပြုလုပ်ခဲ့ပြီး

စစ်တပ်နှင့်ရဲများက လမ်းများအား ပိတ်ဆို့ထားချိန် ရဲယူနီဖောင်းဝတ် လူငါးဦးအပါအဝင်Mark II (5K-8559)ကားသည် လမ်းပေါ်ရှိပြည်သူများကို လိုက်တိုက်ခဲ့သောကြောင့် ယင်းသို့ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။

၁၂ : ၀၀ – အင်းစိန်ရှိ ဆန္ဒပြလူထု ကြံ့ကြံ့ခံနေဆဲ

ရန်ကုန်မြို့ အင်းစိန်လမ်းမပေါ်ရှိ သောင်းနှင့်ချီသော အာဏာသိမ်းမှုဆန့်ကျင်ရေး ပြည်သူများက စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ အလွယ်တကူမလာရောက်နိုင်စေရန် အရံအတားနှစ်ဆင့်ပြုလုပ်၍ ဆန္ဒပြလျက်ရှိသည်။ အဆိုပါနေရာသည် ယနေ့ နံနက်ပိုင်းက မျက်ရည်ယိုဗုံး၊ အသံဗုံးများပစ်ခတ်ဖြိုခွင်းခံရ ဖူးသည်။ ###

၁၁ : ၅၈ – စမ်းချောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရန်  ပြည်သူများကူညီနေ

စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အကြမ်းဖက်တိုက်ခိုက်ရာတွင်သုံးသည့် မျက်ရည်ယို ဗုံးဒဏ်မှ ဆန္ဒပြသူများ အကာအကွယ်ရစေရန် ရန်ကုန်၊ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းပေါ်ရှိ  ပြည်သူများက ရေစိုအဝတ်များအသင့်ပြင်ပေးထားကြသည်။ 

မြေနီကုန်းတွင် အာဏာသိမ်းစစ်တပ်၏ တပ်မ ၇၇ ရောက်ရှိနေသည်ကိုတွေ့ရသည်။##

မြေနီကုန်း ဗားကရာလမ်းပေါ်

၁၁ : ၅၅ – ရန်ကုန်မြို့လယ်၌ ပစ်ခတ်၍ စတင်ဖြိုခွင်း

စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဆူးလေခုံးကျော်တံတားနှင့် မဟာဗန္ဓုလပန်းခြံလမ်းတို့တွင် ပိတ်ဆို့နေရာယူထားပြီး အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပြည်သူများကို ပစ်ခတ်ဖြိုခွင်းနေပြီဖြစ်သည်။ ##

၁၁ : ၄၉ – ALD ခေါင်းဆောင်တစ်ဦးအဖမ်းခံရ

ယနေ့ နံနက် ၉ နာရီခန့်က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်ကောင်စီအလိုမရှိကြောင်း ဆန္ဒ ပြပွဲတွင် ပါဝင်ဆန္ဒပြသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)ဗဟို တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းက စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးသွားသည်ဟု ALD က ထုတ်ပြန်ထားသည်။ ###

စစ်ကောင်စီအလိုမရှိကြောင်း ဆန္ဒဖော်ထုတ်သည့် ALD ခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံရ

၁၁ : ၃၀ – တပ်ကုန်းတွင် လူ ၄ဦးကိုဖမ်း၊ ဆိုင်ကယ်များကိုသိမ်း

နေပြည်တော်၊ တပ်ကုန်းမြို့၌ ဖေဖော်ဝါရီ ၂၈ မနက်ပိုင်းက  အင်အားထောင်ချီပါဝင်သော အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းနှစ်ခု ပစ်ခတ်ဖြိုခွင်းခံရပြီးနောက် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့က လမ်းနံဘေးတွင် ရှိနေသည့် ပြည်သူ လေးဦးကိုဖမ်းကာ ဆိုင်ကယ် ခြောက်စီးကိုပါ ယူဆောင်သွားသည်။ ###

၁၁ : ၂၉ – ထားဝယ်မြို့တွင် သေဆုံးသူ ၃ဦးရှိလာ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပြည်သူများကို စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းသဖြင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ ၃ ဦးရှိနေပြီဖြစ်ကြောင်း ဒေသ အခြေစိုက် Dawei Watch  သတင်းဌာနက အတည်ပြုထားသည်။ သေဆုံးသူ ၃ဦးစလုံးမှာ အမျိုးသား များဖြစ်ကာ သေနတ်ဒဏ်ရာရသူပေါင်း ၅ဦးထက်မနည်းရှိပြီး အခြားဒဏ်ရာဖြင့်ကုသမှုခံယူနေရသူ ၄၀ ဦးနီးပါးရှိကြောင်းသိရသည်။ ###

၁၁ :၂၅ – ပုသိမ်၌ အဖမ်းအဆီးကြမ်းနေ

ပုသိမ်တွင် လူစုဝေးကို ဖြိုခွင်းခံရသော်လည်း ဆန္ဒပြနေမှုများ ဆက်လက်ရှိနေပြီး လူနေရပ်ကွက်များအတွင်းပါ လိုက်လံ ဖမ်းဆီးနေသောကြောင့် အချို့မှာ ပုန်းအောင်းနေရသည်။

ပုသိမ်တွင် ယနေ့ နံနက်ပိုင်းကလည်း မြန်မာသံတော်ဆင့်မှ သတင်းထောက် ရဲရင့်ထွန်း အဖမ်းခံရသည်။ ##

ပုသိမ်မြို့ပင်မသပိတ်စစ်ကြောင်းအခြေအနေ

၁၂ :  ၂၂ တောင်ငူမြို့ သပိတ်စစ်ကြောင်း ပိတ်ဆို့ခံထားရ

တောင်ငူမြို့အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တည်း က  အာဏာသိမ်းစစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၀၀ နီးပါးက ပိတ်ဆို့တားဆီးခဲ့သည်။

ပုဒ်မ ၃၄၁၊ ၃၄၃ အရ  လူ ၅ ယောက်ထက်ပိုသည့် အစုအဝေးလုပ်၍မရကြောင်း မိနစ် ၂၀ ခန့် ကြေညာခဲ့သည်။

ထို့နောက် ပြန်ကသွားသော လူထုနောက်သို့ ရေကားအကူအညီဖြင့် စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖြိုခွင်းလျက်ရှိသည်။ 

မီးသတ်ရေကားများဖြင့်  စတင်လူစုခွဲခဲ့ပြီး သေနတ်ပစ်ခတ်မှုအချို့ရှိသော်လည်း ဆန္ဒပြပြည်သူတို့၏ ထိခိုက်ဒဏ် ရာရမှုအခြေအနေကို မသိရသေးပေ။ ###

တောင်ငူမြို့အခြေအနေ

၁၁ : ၂၀ မြင်းခြံမြို့တွင်လည်း စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များက ပိတ်ဆို့ဖြိုခွင်းနေ

မြင်းခြံမြို့တွင် ရဲတပ်ဖွဲ့ဝင်များက အင်အားအများအပြားချကာ ပိတ်ဆို့မှုများ ရှိခဲ့သည်။ မြင်းခြံမြို့တွင် ရဲတပ်ဖွဲ့ဝင်များက အင်အားအများအပြားချကာ ပိတ်ဆို့မှုများ ရှိခဲ့သည်။ 

ဆန္ဒပြသူများက ထိပ်တိုက်မတွေ့ဘဲ ရှောင်ရှားဆန္ဒပြခဲ့ရပြီး လက်ရှိအချိန်တွင် လူစုခွဲခဲ့သည်။

မြင်းခြံမြို့အခြေအနေ

၁၁း၁၀ ပြင်ဦးလွင်မြို့မှာ ပြည်သူလူထုကို စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ ဖြိုခွင်းနေ

ပြင်ဦးလွင်မြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများကို စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက စတင်ဖြိုခွင်းနေပြီဖြစ်သည်။

၁၁ : ၀၁ ပုလောမြို့တွင် ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂၈ ရက်နေ့မနက်ပိုင်းတွင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပြည်သူများကို အာဏာသိမ်းစစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များက သေနတ်ဖြင့်ပစ်ခတ်ဖြိုခွဲသဖြင့် ဆန္ဒပြပြည်သူတဦး ပြင်းထန်စွာ ဒဏ်ရခဲ့သည်။

ပစ်ခတ်ဖြိုခွင်းရာတွင် ရာဘာကျည်အပြင် ကျည်အစစ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရှိပါသည်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပြည်သူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ဖြိုခွဲသဖြင့် ဆန္ဒပြပြည်သူတဦး ပြင်းထန်စွာ ဒဏ်ရခဲ့သည်။

၁၀ : ၅၈ – မန္တလေးတွင် ဆရာဝန်များပိတ်မိနေ

အာဏာသိမ်းမှုဆန့်ကျင်ရေးစစ်ကြောင်း ဖွဲ့ချီတက်ရန် စီစဉ်ထားသည့် ဆရာဝန် ၁၀၀၀ ခန့်ရှိနေသည့် မန္တလေးမြို့ ခုတင် ၃၀၀ သင်ကြားရေးဆေးရုံဝန်းကို စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်အများအပြား က ဝိုင်းထားပြီး လာရောက်ဝန်းရံသည့် ပြည်သူများကိုမျက်ရည်ယိုဗုံးများသုံးကာဖြိုခွင်းသည်။

အလားတူပင် မန္တလေးမြို့အတွင်းလှည့်လည်လျက်ရှိသည့် သပိတ်စစ်ကြောင်းများကိုလည်း စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်၍ လိုက်လံဖြိုခွင်းနေသည်။ ####

 

၁၀ : ၅၃ – အင်းစိန်လမ်းပေါ်တွင် သေနတ်ဖြင့်ခြိမ်းခြောက်နေ

အင်းစိန်လမ်းမပေါ်တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြနေသည့် သောင်းနှင့်ချီသော  ပြည်သူများက လမ်းများကို ပိတ်ဆို့၍ ဆက်လက်ဆန္ဒပြနေလျက်ရှိသည်။

ရပ်ကွက်နေ ပြည်သူများက ဆန္ဒပြသူများထံ ရဲတပ်ဖွဲ့က အလွယ်တကူ လာရောက်ဖမ်းဆီးနိုင်ခြင်းမရှိစေရန် လမ်းများကို အရံအတားကြီးကြီးမားမားကာရံပေးထားကြသည်။

အဆိုပါအခြေအနေတွင် စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့က သေနတ် ဆက်တိုက်ပစ်ဖောက်၍ ပြည်သူများကို ခြိမ်းခြောက်လျက်ရှိသည်။  ## 

အင်းစိန်လမ်းတလျှောက် အရံအတားများပြုလုပ်ပြီး ရဲတွေကိုဟန့်တားထား

၁၀ : ၅၁ – သင်္ဃန်းကျွန်း ပြည်သူ ငါးဦး သေနတ်ထိမှန်၊ တစ်ဦးသေဆုံး

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဆန္ဒပြနေသူများကို စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်အကြမ်းဖက်တိုက်ခိုက်နေပြီး ပြည်သူ ငါးဦး သေနတ်ထိမှန်ဒဏ်ရာရရှိထားသည်။ ဒဏ်ရာရရှိသူများထဲမှ လူငယ်တစ်ဦးမှာ သေဆုံးသွားကြောင်း သိရသည်။ ##


သင်္ဃန်းကျွန်းမြို့နယ်တွင် သေနတ်ထိမှန် ဒဏ်ရာရသူများရှိနေ

၁၀ : ၄၅ – ဆရာမတစ်ဦးကျည်ထိ

ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်လမ်း၊ ရန်ကုန်တိုင်းပညာရေးမှူးရုံးရှေ့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင် ရေး သပိတ်ဆင်နွှဲရန် ယနေ့နံနက်ပိုင်းက လူစုနေစဉ် စစ်ကောင်စီ၏လုံခြုံရေးတပ်ဖွဲ့လာရောက် လူစုခွဲ ပစ် ခတ်မှုကြောင့် ဆရာမတစ်ဦးကျည်ထိမှန် သေဆုံးကြောင်း သတင်းများထွက်ပေါ်နေသည်။ သီးခြား အတည်ပြုနိုင်ခြင်းတော့မရှိသေးပေ။ ##

၁၀ : ၄၀ – မင်းလှမြို့ ဆန္ဒပြစစ်ကြောင်းများ ပိတ်ဆို့ခံနေရ

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့အတွင်း ပြည်သူတို့ ဆန္ဒပြနေစဉ် အဓိက ကျသောလမ်းများကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းရန် စီစဉ်နေသဖြင့် ထိပ်တိုက်တွေ့မည့်အခြေအနေကို ရှောင်ရှား၍ ဆန္ဒပြပြည်သူတို့ လူစုခွဲနေကြသည်။ ##

၁၀ : ၃၀ – ထားဝယ်၌ ဆန္ဒပြသူတစ်ဦးသေဆုံး

စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် အာဏာသိမ်း မှုဆန့်ကျင်ဆန္ဒပြနေသည့် အမျိုးသားတစ်ဦးညာဘက်နံကြားအောက် သေနတ်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ဒေသအခြေစိုက် Dawei Watchသတင်းဖော်ပြချက်အရသိရသည်။ ##

ဓာတ်ပုံ – Dawei Watch
၁၀ : ၂၄ – ပုသိမ်တွင်လည်း ဖြိုခွင်းခံနေရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် သောင်းနှင့်ချီ၍ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြသူများကို စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့က ရေကား နှင့် သေနတ်သုံးကာဖြိုခွင်းနေသော်လည်း လူထုက ဆက်လက်ချီတက်လျက်ရှိသည်။ ###

၁၀ : ၂၁ – မြေနီကုန်းတွင် လက်နက်သုံးလာ

စစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့သည်  ရန်ကုန်မြို့၊ ဗားကရာလမ်းဘက်အခြမ်းနှင့် မြေနီကုန်းလမ်းဆုံတို့မှတစ်ဆင့် ခွဲ၍ချီတက်လာပြီး ဆန္ဒပြသူများကို နှစ်ဖက်ပိတ်ဆို့၍ မျက်ရည်ယိုဗုံး အချက် ၂၀ ထက်မနည်း ပစ်ခတ် ဖြိုခွင်းလျက်ရှိသည်။ ## 

 

၁၀ : ၂၀ – နေပြည်တော်တွင် သေနတ်ဖြင့်လူစုခွဲ

နေပြည်တော်၊ တပ်ကုန်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ နေသည့် ပြည်သူများကို သေနတ်ပစ်ဖောက်လူစုခွဲနေသည်။ ##

 

၁၀ : ၁၇ အနော်ရထာလမ်းမကို ရဲတပ်ဖွဲ့ပိတ်ဆို့ထား

ရန်ကုန် ပန်းဆိုးတန်းတဝိုက်တွင် စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့ သေနတ်များဆက်တိုက်ပစ်ခတ်လျက်ရှိသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများ အနော်ရထာလမ်းမပေါ်တက်မလာစေရန် ရည်ရွည်ချက်ဖြင့်  ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသည်။

လမ်းကြိုလမ်းကြားများထဲရှိ ပြည်သူများကို လိုက်လံဖမ်းဆီးလျက်ရှိသည်။ ##

 

၁၀ : ၀၅ – မန္တလေးတွင်လည်းကြမ်းတမ်းစွာကိုင်တွယ်နေ

စစ်အာဏာသိမ်းမှုကို နေ့စဉ်ရက်ဆက် လူသိန်း၊ သောင်းချီ ဆန္ဒပြနေသည့် မန္တလေးမြို့တွင်လည်း စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့က ကြမ်းတမ်းစွာဖြိုခွင်းနေသည်။ သပိတ်စစ်ကြောင်းများထွက်ခွာမည့် လမ်းများတစ်လျှောက်ပိတ်ဆို့ထားပြီး မျက်ရည်ယိုဗုံးများကိုပါ သုံးစွဲကာ ဖြိုခွင်းနေခြင်းဖြစ်သည်။ ##
 

၁၀ : ၀၀ – ပန်းဆိုးတန်းတွင်ရဲအင်အားတိုးချလာ

ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏လုံခြုံရေးတပ်ဖွဲ့ဝင်အင်အားနည်းပါးသည့် ရန်ကုန်မြို့ ပန်းဆိုးတစ်ဝိုက်တွင် သပိတ်စစ်ကြောင်းအချို့ချီတက်လာပြီးနောက် မော်တော်ယာဉ်များဖြင့် အင်အား လာရောက်ဖြည့်တင်းနေသည်ကိုတွေ့ရသည်။ လုံခြုံရေးတပ်ဖွဲ့များက ပန်းဆိုးတန်းတစ်ဝိုက် အဓိက ကျသော နေရာများကို ဖြန့်ကြက်နေရာယူနေခြင်းဖြစ်သည်။ ##

၀၉ : ၅၄ – လှည်းတန်း၌ ကျည်ထိသူ ငါးယောက်ရှိလာ

ယနေ့နံနက်ပိုင်းတွင် လှည်းတန်း၌ စစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူငယ် ငါးဦး ကျည်ထိမှတ်ဒဏ်ရာရရှိထားပြီး ဦးခေါင်းနှင့် ဝမ်းဗိုက်သို့ထိမှန်သူများပါဝင်သည်။ ##

၀၉ : ၅၀ : ဖြိုခွင်းခံနေရသော်လည်း ပြည်သူတို့ဇွဲကောင်းဆဲ

အထွေထွေသပိတ်စတင်သည့် ယနေ့နံနက်ပိုင်းကတည်း စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့များ သေနတ်သုံး ၍ ကြမ်းတမ်းစွာဖြိုခွင်းနေသော ရန်ကုန်မြို့ရှိ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားသူများမှာဇွဲကောင်းနေ ဆဲဖြစ်သည်။

လက်ရှိတွင် ရန်ကုန်စည်ပင်သာယာဝန်ထမ်းများက သိမ်ဖြူလမ်းအတိုင်းချီတက်လာနေသလို ပန်းဆိုး တန်းလမ်းမကြီးတွင်လည်း အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်းလင်းရေးကိုယ်စားလှယ်များသပိတ် တပ်ဖွဲ့ ချီတက်နေသည်။ ##

 

၀၉ : ၄၁ အင်ဂျင်နီယာကျောင်းသားများသပိတ်စစ်ကြောင်းဖြိုခွင်းခံရ

အနော်ရထာလမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်တွင် အင်ဂျင်နီယာကျောင်းသားများသပိတ်စစ်ကြောင်းကို ဖြိုခွင်းလိုက်ပြီး စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လမ်းကို ပိတ်ဆို့ထားသည်။ ##

၀၉ : ၃၅ – မြေနီကုန်းအခြေအနေတင်းမာ

မြေနီကုန်း ပုဒုံမာပန်းခြံလမ်းနှင့် ဗားကရာလမ်းထောင့်တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများကို စစ်တပ်၏ လက်နက်ကိုင်အဖွဲ့ အသံဗုံးဖောက်ခွဲ၍ လူစုခွဲရန် ခြိမ်းခြောက်နေသည်။ ##

၀၉ : ၂၂ – သေနတ်ဖြင့်ပစ်ခတ်၍ ပြည်သူလေးဦးသွေးအိုင်ထဲလဲနေ

ရန်ကုန်မြို့၊ လှည်းတန်တွင်ဆန္ဒပြနေသည့် ပြည်သူများကို စစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်နေသည်။ 

ကျည်ထိမှန်သည့် ပြည်သူလေးဦးသွေးအိုင်ထဲတွင် လဲကျနေသည်ကို တွေ့ရသည်။

စစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့သည် လှည်းတန်းတွင် မျက်ရည်ယိုဗုံး၊ သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်လျက်ရှိသည်။ 

 

၀၉ : ၁၅ – ပြင်ဦးလွင်တွင်လည်းဖြိုခွင်းရန်ပြင်ဆင်ထား

ပြင်ဦးလွင်မြို့၌ ဆန္ဒပြ ပြည်သူများကို ပိတ်ဆို့ဖြိုခွင်းရန် စစ်တပ်နဲ့ ရဲတို့က ပြင်ဆင်ထားသည်ကို တွေ့ရသည်။ ##

၀၉ : ၀၆ ဗိုလ်မြတ်ထွန်းလမ်းထောင့်တွင်လည်း ဖြိုခွင်းခံနေရ

ရန်ကုန် အနော်ရထာနှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့်တွင် ဆန္ဒပြနေသည့် ပြည်သူများအား စစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက သေနတ်များပစ်ခတ်၍ စတင်ခြိမ်းခြောက်နေပြီဖြစ်သည်။ 

 

၀၉ : ၀၅ သိမ်ဖြူ အထွေထွေသပိတ်ကိုလည်း စတင်ဖြိုခွင်းနေ

ရန်ကုန် သိမ်ဖြူလမ်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ဆရာမများ၊ အင်ဂျင်နီယာများနှင့် ပြည်သူများကိုလည်း လည်း အာဏာသိမ်းစစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်တိုက်ခိုက်၍ စတင်ဖြိုခွင်းလျက်ရှိသည်။ 

ဆန္ဒပြပြည်သူ ၁၀ယောက်ထက်မနည်း အဖမ်းခံလိုက်ရကြောင်း သိရသည်။ 

ပုသိမ်မြို့ပင်မသပိတ်စစ်ကြောင်းအခြေအနေ

၀၉ : ၀၀ – လှည်းတန်းအထွေထွေသပိတ် စတင်ဖြိုခွင်းခံရ

ပြည်သူများ၏ စစ်အာဏာရှင်တော်လှန်ရေးအထွေထွေသပိတ်စတင်ဆင်နွှဲနေသည့် လှည်းတန်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများအား စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများပစ်ဖောက်တိုက်ခိုက်နေပြီဖြစ်သည်။

စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် လှည်းတန်းခုံးကျော်တံတာအောက်မှ ငြာသံပေး၍ ဆန္ဒပြရန် ပြည်သူများ စတင်စုဝေးနေချိန်မှာပင် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။ 

စစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးအမြောက်အမြားကို ဆက်လက်ပစ်ခတ်နေဆဲဖြစ်သည်။ 

 

 

 

Show More

Related Articles

Back to top button