ဆောင်းပါးအာဘော်

အချုပ်အခြာအာဏာ၊ နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် မြန်မာ့နိုင်ငံရေး လားရာ

“Bottom-up Federalism” အသုံးအနှုန်းဖြင့် အချုပ်အခြာအာဏာကို အဓိပ္ပာယ်အသစ် ဖွင့်ဆိုမှုသည် ရှုပ်ထွေးသော နိုင်ငံရေးပုစ္ဆာသစ်များ၊ အငြင်းပွားမှု အသစ်များ ပေါ်ပေါက်လာနိုင်သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့သည်။ နောက် ၃လကျော်အကြာ ဧပြီလ ၁၉ ရက်နေ့တွင် မြန်မာသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ 

ထိုအချိန်သည် ဒုတိယကမ္ဘာစစ်ပြီးကာလ၊ ကိုလိုနီစနစ်အောက်မှ လွတ်မြောက်လာသော အချုပ်အခြာအာဏာ ပိုင် နိုင်ငံများ ကမ္ဘာအနှံ့ ပေါ်ထွက်လာသောကာလ ဟု ဆိုနိုင်သည်။ ကုလသမဂ္ဂသည်ပင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းသော နိုင်ငံတကာစနစ်အဖြစ် ထူထောင်ခါစအချိန်လည်း ဖြစ်သည်။ 

ကုလသမဂ္ဂပဋိညာဉ်စာချုပ် အခန်း ၁ “ရည်ရွယ်ချက်နှင့် အခြေခံမူများ” ၏ ပုဒ်မ ၂၊ ပုဒ်မခွဲ ၁ အရ အဖွဲ့ဝင်နိုင်ငံများအကြား ကြီးငယ်မရွေး အချုပ်အခြာအာဏာ တန်းတူညီမှု (Sovereignty Equality) အခြေခံမူကို ကျင့်သုံး သဖြင့် မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်တန်းတူ အသိအမှတ်ပြုဆက်ဆံခြင်းကို ရရှိခဲ့သည်။ 

ပဋိညာဉ်စာချုပ်ကို လေးစားလိုက်နာပါမည်ဟု ကတိကဝတ်ပြုလျက် ကမ္ဘာ့မိသားစုဝင်နိုင်ငံ ဖြစ်လာခဲ့သော မြန်မာနိုင်ငံသည် ယခုအခါ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့သည်မှာ ၇၆ နှစ် သက်တမ်းအတွင်း ရောက်ရှိခဲ့ပြီ ဖြစ်သည်။ 

အချုပ်အခြာအာဏာသည် ကြွေးကြော်ရုံ ကြေညာရုံမျှနှင့်မပြီး၊ နိုင်ငံတကာအသိုက်အဝန်း၏ အသိအမှတ်ပြုမှု၊ နိုင်ငံတကာဥပဒေဘောင်အတွင်း တရားဝင်မှု၊ နိုင်ငံတကာစနစ်အတွင်း ပါဝင်နိုင်မှု စသည့် အင်္ဂါရပ်များ လိုအပ်သည်ကို မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော တိုင်းပြုပြည်ပြု ခေါင်းဆောင်ကြီးများ၏ ဗြိတိသျှကိုလိုနီလက်အောက်မှ နှစ်ပေါင်းများစွာ ကျားကုတ်ကျားခဲ ရုန်းကန်ကြိုးပမ်း လျှောက်လမ်းခဲ့ကြသည့် လမ်းကြောင်းကို ဆင်ခြင်သတိပြုမိရန် လိုအပ်ပါသည်။

လွန်ခဲ့သော ၇၆ နှစ် လုံးလုံး မြန်မာနိုင်ငံသည် နိုင်ငံရေးမတည်ငြိမ်မှုများ၊ ပြည်တွင်းစစ်ပွဲများ၊ အစိုးရအပြောင်း အလဲများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ကုလသမဂ္ဂသက်တမ်း တလျှောက် အဖွဲ့ဝင်နိုင်ငံအများအပြားတွင် အလားတူအပြောင်းအလဲများကို အမြဲတမ်းကြုံတွေ့နေရသောကြောင့် မြန်မာ့ ပြဿနာသည် ကုလသမဂ္ဂအတွက် အထူးအဆန်း မဟုတ်ပါ။ 

သို့သော် ကုလသမဂ္ဂ၏ ထူးခြားချက်မှာ အဖွဲ့ဝင်နိုင်ငံတစ်ခု၏ “ပြည်တွင်းရေး” အပြောင်းအလဲများ မည်သို့ပင် ရှိစေ ပဋိညာဉ်စာချုပ်အရ အဖွဲ့ဝင်နိုင်ငံ၏ အချုပ်အခြာအာဏာ (Sovereignty) အဆင့်အတန်းကို အပြောင်း အလဲ မလုပ်ဘဲ တသမတ်တည်း အသိအမှတ်ပြုထားပြီး၊ နိုင်ငံတကာစနစ်က ပြည်တွင်းပဋိပက္ခ အတွင်းရှိ အင်အားစုတစ်ခုဖက်မှ ဘက်လိုက်ဆောင်ရွက်ခြင်း မလုပ်ပါ။ 

ဆိုလိုသည်မှာ နိုင်ငံအချုပ်အခြာအာဏာ (State Sovereignty) ၏ တရားဝင်မှုနှင့် ထိုအချုပ်အခြာအာဏာကို စွဲကိုင်ကျင့်သုံးသော အစိုးရ သို့မဟုတ် အဖွဲ့အစည်း၏ တရားဝင်မှုကို ခွဲခြားထားသည်။ 

ထိုအချက်ကို အကောင်းဆုံး ဥပမာပေးနိုင်သည့် ဖြစ်ရပ်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာ သိမ်းမှုဖြစ်ပွားခဲ့သော မြန်မာပြည်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကောင်စီ နှစ်ဖက်စလုံးကို ကုလသမဂ္ဂက အသိအမှတ်မပြုဘဲ၊  တရားဝင် မြန်မာနိုင်ငံ၏ အကြီးအကဲ (Head of State) အဖြစ် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီး (Foreign Minister) အဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုသာ အသိအမှတ် ပြုထားသည့်အချက် ဖြစ်သည်။ 

ထိုအချက်က သတင်းစကားပါးနေသည်မှာ နိုင်ငံတစ်ခု၏အချုပ်အခြာအာဏာသည် ထိုနိုင်ငံတွင် မှီတင်းနေထိုင် ကြသော နိုင်ငံသားများထံမှ ဆင်းသက်ပြီး၊ နိုင်ငံသားများက ရွေးကောက်တင်မြှောက်ထားသော နိုင်ငံအကြီး အကဲကိုသာ ကုလသမဂ္ဂစနစ်က လက်ခံကြောင်း ပြသခြင်း ဖြစ်သည်။ 

ထိုရပ်တည်ချက်ကို ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည့်အပြင် မြန်မာနှင့် သံတမန်ဆက်သွယ်ထားသော နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများအတွက် ဥပဒေအရ စည်းနှောင်မှုမရှိသော်လည်း ၎င်းတို့၏ မြန်မာနိုင်ငံနှင့်ဆက်ဆံရေးအပေါ်  များစွာသက်ရောက်မှု ရှိပါသည်။ ထိုအချက်ကို စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေကြသော သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး လက်တွေ့တွေ့မြင်နေရသလို၊ သတိပြုရန်လည်း လိုအပ်ပါသည်။

၂၀၂၄ နှစ်လယ်ပိုင်းက မန္တလေးတိုင်း၊  မိုးကုတ်မြို့နယ် တိုက်ပွဲတစ်ခုတွင် တွေ့ရသော  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ – Myanmar Now)

အချုပ်အခြာအာဏာ အပြောင်းအလဲနှင့် နိုင်ငံသစ်များ ပေါ်ထွန်းခြင်း သမိုင်းသင်ခန်းစာ  

အကြောင်းမှာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်လျှင် နိုင်ငံ၏ အချုပ်အခြာအာဏာကို မည်ကဲ့သို့ ထိန်းသိမ်း မည်နည်း၊ ထိုအချုပ်အခြာအာဏာသည် မိမိတို့လက်ထဲ အလိုအလျောက် ရောက်ရှိလာပြီး တရားဝင်သွားလိမ့် မည်လား စသည် အချုပ်အခြာအာဏာဆိုင်ရာ ပုစ္ဆာနှင့် အနာဂတ် နိုင်ငံရေးဖြစ်စဥ်က စောင့်ကြိုနေသောကြောင့် ဖြစ်သည်။       

မျက်မှောက်ကမ္ဘာ့သမိုင်း ဖြစ်စဥ်များအရ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာ (Sovereign State) အပြောင်းအလဲ ဖြစ်စေသော အခြေအနေများ ရှိခဲ့ပြီး နိုင်ငံများပြိုကွဲခြင်း၊ ပေါင်းစည်းခြင်းနှင့် နိုင်ငံသစ် များ ပေါ်ထွန်းခြင်း စသည့် ဖြစ်ရပ်များကို လေ့လာတွေ့ရှိနိုင်ပါသည်။  

အဆိုပါ အခြေအနေကို အချုပ်အခြာအာဏာပိုင် နိုင်ငံနှစ်ခုအကြား စစ်ဖြစ်ပွားမှု သို့မဟုတ် နိုင်ငံတစ်ခုအတွင်း ခွဲထွက်ရေး ပြည်တွင်းစစ် ဖြစ်ပွားမှု ဟူ၍ ယေဘုယျ နှစ်မျိုး ကြည့်မြင်နိုင်ပါသည်။ နိုင်ငံနှစ်ခုအကြား စစ်ဖြစ်ပွားခြင်းကို ကုလသမဂ္ဂ တည်ထောင်ချိန်မှစ၍ သမိုင်းတစ်လျှောက် ကြုံတွေ့ခဲ့ရပြီး အထင်ရှားဆုံးမှာ ကိုရီးယားကျွန်းဆွယ်စစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ အင်ဒိုချိုင်းနားစစ်ပွဲ၊ အာရပ်-အစ္စရေးစစ်ပွဲ၊ ယခု နောက်ဆုံးဖြစ်ပွား လျက်ရှိကြသော ရုရှား-ယူကရိန်းစစ်ပွဲနှင့် အစ္စရေး-ဟာမက်စ် စစ်ပွဲတို့ ဖြစ်သည်။ 

ထိုစစ်ပွဲများသည် တရားဝင် စစ်ရပ်စဲမှု စာချုပ်များဖြင့် အဆုံးသပ်ခဲ့မှုများရှိသလို၊ စစ်ရပ်စဲမှုစာချုပ် မရှိဘဲ ရပ်တန့်ခဲ့သော စစ်ပွဲများလည်း ရှိခဲ့သည်။  ဥပမာ – ကိုရီးယားကျွန်းဆွယ်စစ် ဖြစ်သည်။ များသောအားဖြင့် ကုလသမဂ္ဂ၏ ကြားဝင်ဖြေရှင်းပေးနိုင်မှုထက်၊ စစ်ဖြစ်သော နိုင်ငံအချင်းချင်း စစ်ပြေငြိမ်းခြင်းဖြင့်သာ အဆုံးသတ်လေ့ရှိသည်။

ကိုရီးယားကျွန်းဆွယ်စစ်ပွဲက တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ ကွဲသွားခဲ့ပြီး၊ ဗီယက်နမ်စစ်ပွဲက တောင်နှင့် မြောက် ဗီယက်နမ်တို့ ပေါင်းစည်းသွားခဲ့သည်။ 

ပါလက်စတိုင်းနိုင်ငံထူထောင်ရေးအပေါ် အခြေခံသော အာရပ်-အစ္စရေး စစ်ပွဲများသည် အစ္စရေးနှင့် အာရပ်နိုင်ငံ များဖြစ်သော အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား၊ လက်ဘနွန်နိုင်ငံတို့အကြား စစ်ပွဲများတွင် အာရပ်နိုင်ငံများဖက်မှ နယ်မြေများကို အစ္စရေးက သိမ်းပိုက်ခဲ့ရာ အချုပ်အခြာအာဏာပိုက်နက်နယ်မြေ အပြောင်းအလဲနှင့် အငြင်းပွား မှုများ ဖြစ်ခဲ့သည်။ အဆိုပါ အစ္စရေးသိမ်းပိုက်နယ်မြေများကို ၎င်း၏ ပဋိညာဉ်စာချုပ်အရ ကုလသမဂ္ဂသည် ယနေ့အချိန်ထိ အသိအမှတ်မပြုခဲ့ပါ။ ထို့အတူ ရုရှားက ယူကရိန်းနယ်မြေများ ကျူးကျော်သိမ်းပိုက်ထားခြင်းကို ကုလသမဂ္ဂက အသိအမှတ်မပြုပါ။

တဖန် နှစ်နိုင်ငံ စစ်ပွဲများမဟုတ်သော ပြည်တွင်းစစ်များနှင့် ခွဲထွက်ရေးလှုပ်ရှားမှုများတွင် သက်ဆိုင်သူအချင်းချင်း ဖြေရှင်းနိုင်မှုကြောင့် နိုင်ငံသစ်များပေါ်ထွန်းလာတတ်ပြီး၊ ပဋိပက္ခတွင်ပါဝင်သော အင်အားစုများအကြား ကုလသမဂ္ဂ၏ ကြားဝင်ညှိနှိုင်းပေးမှုကို တွေ့မြင်ရတတ်သည်၊ နှစ်ဘက်သဘောတူညီမှုရရှိမှသာ နိုင်ငံသစ်ကို ကုလသမဂ္ဂက အသိအမှတ်ပြုလေ့ ရှိသည်။ 

အနီးစပ်ဆုံး ဥပမာပေးရလျှင် ကမ္ဘောဒီးယား ပြည်တွင်းစစ်သည် အဓိက လက်နက်ကိုင်အင်အားစု ၄စုအကြား နိုင်ငံတကာကြားဝင်ကူညီမှုဖြင့် ၁၉၉၁ ခုနှစ်တွင် ပါရီသဘောတူညီချက်ရရှိခဲ့ပြီး၊ ၁၉၉၂ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ အုပ်ချုပ်ရေးကို United Nations Transitional Authority in Cambodia (UNTAC) ဖွဲ့စည်း၍၊ ကုလသမဂ္ဂက ယာယီတာဝန်ယူခဲ့ပြီး၊ ရွေးကောက်ပွဲကျင်းပပေးလျက် အနိုင်ရပါတီကို အာဏာလွှဲပေးခြင်းဖြင့် နိုင်ငံတည်ငြိမ်အောင် ကြားဝင်ဖြေရှင်းဆောင်ရွက်ခဲ့သည်။  

အလားတူ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ဖွဲ့စည်းထူထောင်ခဲ့သော အဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၇၄ ခုနှစ်က စတင်ခဲ့သော တီမောလက်စ်တီ (Timor Leste) ဒေသ ခွဲထွက်ရေး ပြည်တွင်းစစ်သည် ၁၉၉၉ ခုနှစ်တွင် ကုလသမဂ္ဂ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် လူထုဆန္ဒခံယူပွဲ မှတစ်ဆင့် လွတ်လပ်သော နိုင်ငံသစ်အဖြစ် ၂၀၀၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ပေါ်ထွက်လာခဲ့သည်။ 

ထိုင်ဝမ်ပြဿနာတွင် ကုလသမဂ္ဂသည် အစောပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်မပြုသေးဘဲ ထိုင်ဝမ်ကိုသာ အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံထားရာမှ နောက်ပိုင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပြောင်းလဲ အသိအမှတ်ပြုခဲ့ပြီး၊ တရုတ်နိုင်ငံ၏ One China Policy အရ ထိုင်ဝမ်သည် တရုတ်ပိုင်နက်နယ်မြေဖြစ်သည်ဟု အသိအမှတ်ပြုခဲ့ရသည်။ သို့သော် ထိုင်ဝမ်ပြဿနာမှာ ယနေ့အချိန်ထိ ဖြေရှင်းနိုင်ခြင်းမရှိသော အချုပ်အခြာ အာဏာဆိုင်ရာ ပုစ္ဆာ ဖြစ်နေသေးသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်ကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။  (ဓာတ်ပုံ – Myanmar Now)

အချုပ်အခြာအာဏာ အဓိပ္ပာယ်အသစ်နှင့် ဖြေရှင်းရမည့် ပုစ္ဆာများ

အထက်ပါ အချုပ်အခြာအာဏာဆိုင်ရာ အပြောင်းအလဲများနှင့် ပြဿနာများ၊ နိုင်ငံများ ပြိုကွဲခြင်းနှင့် နိုင်ငံသစ်များ ပေါ်ထွန်းလာမှု သင်ခန်းစာများက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပွားနေသော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး ကြိုးပမ်းမှုလမ်းကြောင်းတွင် မီးမောင်းထိုးပြနေသကဲ့သို့ ရှိပြီး၊ အနာဂတ် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အဓိပ္ပာယ်သစ်ဖွင့်ဆိုရန် ကြိုးပမ်းမှုတွင် ဖြေရှင်းရမည့် ပုစ္ဆာ များအတွက် ဆင်ခြင်သုံးသပ်စရာများအဖြစ် လေ့လာတွေ့ရှိရသည်။

အကြောင်းမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ရေး ကြိုးပမ်းရာတွင် လွတ်လပ်ရေးရခဲ့သော ၁၉၄၈ ခုနှစ်မှ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီအထိ ရှိခဲ့သော နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဗဟိုအစိုးရ၏ အာဏာအောက်တွင် စုစည်းထားမှုပုံစံမှ ယခင်ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ဖက်ဒရယ်အာဏာခွဲဝေမှုကို ဗဟိုမှ ပြည်နယ်များသို့ ဖြန့်ခွဲသော ပုံသဏ္ဌာန်ကို စဥ်းစားခဲ့ကြပြီး၊ ယခုအခါ ပြည်နယ်များမှ ဗဟိုသို့ ဖြန့်ခွဲသော ပုံသဏ္ဌာန်သို့ ပြောင်းပြန်အချိုး ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။ 

ထိုအချက်ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော တော်လှန်ရေး အင်အားစု အသီးသီး ဆွေးနွေးသဘောတူထုတ်ပြန်ထားသည့် “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်” အစိတ်အပိုင်း ၁ တွင် “ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များနှင့် ပြည်နယ်များအတွင်းရှိ ပြည်သူတို့သည် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များ ဖြစ်သည်” ဟူသော အချုပ်အခြာအာဏာကို အဓိပ္ပာယ်သစ် ဖွင့်ဆိုချက်တွင် လေ့လာတွေ့ရှိရပြီး၊ လွတ်လပ်ရေး ရချိန်ကတည်းက အစဥ်အဆက် လက်ခံကျင့်သုံးခဲ့သော အချုပ်အခြာအာဏာသည် “နိုင်ငံသားများထံမှ သက် ဆင်းသည်” ဟူသော အဓိပ္ပာယ်မှ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။  

အထက်ပါ အဓိပ္ပာယ်အပေါ် အခြေခံ၍ မကြာသေးခင်က ထုတ်ပြန်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် အဖွဲ့ (၉) ဖွဲ့၏ “Bottom-Up Federalism” ကြေညာချက်တွင်လည်း အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်သည် “ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် ၎င်းပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်းရှိ ပြည်သူ လူထုများ” ဖြစ်သည်ဟု ထပ်မံအဓိပ္ပာယ်ဖွင့်ဆိုထားခြင်းကို လေ့လာတွေ့ရှိရသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ခါနီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇-၂၉ ရက်နေ့ အထိ ကျင်းပခဲ့သော ပြည်သူ့ညီလာခံက အတည်ပြုခဲ့သော်လည်း၊ အများပြည်သူထံ ထုတ်ပြန်ခဲ့သော ကြေညာ စာတမ်း၏ သွင်ပြင်လက္ခဏာတွင် သဘောတူလက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းအမည်များ၊ ထိုအဖွဲ့အစည်း ခေါင်းဆောင်တို့ ရေးထိုးထားသော လက်မှတ်များနှင့် ဥပဒေကဲ့သို့ စည်းနှောင်မှု ရှိမရှိ ဖော်ပြချက် စသည့် အင်္ဂါရပ်များ မပါဝင်ပေ။ 

ထို့ကြောင့် ပဋိညာဉ်စာတမ်းဟု ခေါ်ဝေါ်သော်လည်း ဥပဒေကဲ့သို့ စည်းနှောင်မှုရှိသော ပဋိညာဉ် အဆင့်အတန်း ရှိမနေခြင်းက ကြီးစွာသော အားနည်းချက်တစ်ခုဖြစ်နေပြီး၊ တော်လှန်ရေးကာလ ၄နှစ်အတွင်း ရောက်ရှိလာချိန်အထိ ထိုအားနည်းချက်ကို ပြင်ဆင်နိုင်ခြင်းမရှိ ဖြစ်နေသည်။  

ထို့အတူ “Bottom-up Federalism” အသုံးအနှုန်းသည် အဖွဲ့ (၉) ဖွဲ့၏ ကြေညာချက်ကြောင့် အချိန်တိုအတွင်း ရေပန်းစားလာသော်လည်း၊ လက်တွေ့မြန်မာ့နိုင်ငံရေးက ထိုမျှ ရိုးစင်းမနေပေ။ အချုပ်အခြာအာဏာ၏ မူလ ပိုင်ရှင်သည် ပြည်နယ်/ဖက်ဒရယ်ယူနစ်များဖြစ်သည် ဆိုသည့် အယူအဆမှလွဲ၍ ပြည်ထောင်စု သို့မဟုတ် ဖက်ဒရယ်အစိုးရကို မည်သို့မည်ပုံ ဖွဲ့စည်းမည်နည်း ဆိုသည့်အချက်ကို အဖွဲ့ (၉) ဖွဲ့၏ ကြေညာချက်တွင် မပါရှိ သလို၊ မည်သည့် တော်လှန်ရေးအဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ခေါင်းဆောင်ကမှ တာဝန်ယူ ရှင်းလင်းပြောဆို ထားချက်ကို မတွေ့ရှိရပါ။ စင်စစ် ယင်းကိစ္စသည် နိုင်ငံသားအားလုံးနှင့်သက်ဆိုင်နေသည် မဟုတ်ပါလား။

လုပ်ငန်းခွင်ဝင်ရောက်ရန် ထွက်ခွာလာကြသည့် ရန်ကုန်မြို့တစ်နေရာမှ အလုပ်သမားများကို ၂၀၂၂ ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

ဗဟိုအစိုးရ အားနည်းရေးမှသည် ဗမာလူမျိုးကြီးဝါဒ အဆုံးသတ်ရေး   

တစ်ဖန် အချုပ်အခြာအာဏာ အဓိပ္ပာယ်အသစ် ဖွင့်ဆိုရန် ကြိးပမ်းမှု၏ ကျယ်ဝန်းနက်ရှိုင်းမှုကို ဆင်ခြင်ကြည့်လျှင်၊ ပြည်နယ်/ဖက်ဒရယ်ယူနစ် (ယခင်အသုံးအနှုန်း တိုင်း သို့မဟုတ် တိုင်းဒေသကြီးအစား) များတွင် အာဏာသုံးရပ်စလုံး အပြည့်အဝကျင့်သုံးနိုင်သော ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား တန်းတူရေး (Equality) နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-Determination) အပြည့်အဝ ရှိရုံမျှမက၊ ပြည်ထောင်စု သို့မဟုတ် ဖက်ဒရယ် အစိုးရသည် အာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များက ကန့်သတ်ပေး သော အာဏာကိုသာ ကျင့်သုံးခွင့်ရှိမည့် အခြေအနေ ဖြစ်သည်။ 

ထိုစနစ်ကြောင့် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင် ဖြစ်လာမည့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ အပေါ် ပြည်ထောင်စုအစိုးရက တိုက်ရိုက်သက်ရောက်နိုင်သော အခွင့်အာဏာ ကင်းမဲ့သွားရုံမျှမက၊ လိုအပ်လျှင် ပြည်နယ်/ဖက်ဒရယ်ယူနစ်များက ပြည်ထောင်စုအစိုးရကို ဖြုတ်ချနိုင်သော အခွင့်အာဏာကိုပါ ဆုပ်ကိုင်ထားနိုင်ဖွယ် ရှိသည်။ 

ထိုအခြေအနေတွင် “ပြည်နယ်/ဖက်ဒရယ်ယူနစ်များ အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေး” ဆိုသည့် ဆောင်ပုဒ်သည် လက်တွေ့မဆန်ဘဲ၊ စင်စစ် အားနည်းသော ပြည်ထောင်စုအစိုးရ ပုံသဏ္ဌာန်တစ်ခုသာ ပေါ်ထွက်လာနိုင်ပါသည်။

ထိုပုံသဏ္ဌာန်သည် ပြည်ထောင်စုအစိုးရ အားနည်းရေးမှ သမိုင်းတစ်လျှောက် မြန်မာ့နိုင်ငံရေးကို “ပြည်မ” က ဗမာလူမျိုးကြီးများကသာ စိုးမိုးထိန်းချုပ်ထားသော အခြေအနေ အဆုံးသတ်ရေးဆီ ဦးတည်သွားရန် ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံလူဦးရေ၏ ၆၅ ရာခိုင်နှုန်းခန့်ရှိသော ဗမာလူမျိုးများ၏ လူဦးရေအရ အသာစီးယူပြီး နိုင်ငံတော်အာဏာ ထိန်းချုပ်ထားခြင်းကို အဆုံးသတ်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။        

ထိုအခြေအနေတွင် နိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍအပါအဝင် ပုစ္ဆာသစ်များ အများအပြား ထွက် ပေါ်လာဖွယ်ရာ ရှိနေပါသည်။ ဥပမာ လက်နက်ကိုင်တပ်များ အသီးသီးပိုင်ဆိုင်ထားသော ပြည်နယ်/ဖက်ဒရယ် ယူနစ်အချင်းချင်း နယ်မြေအငြင်းပွားမှု အပါအဝင် ပဋိပက္ခများ ဖြစ်ပွားလာပါက ပြည်ထောင်စုအစိုးရ၏ အခန်း ကဏ္ဍ မည်သို့ ရှိမည်နည်း။ 

စင်စစ် “Bottom-up Federalism” အသုံးအနှုန်းဖြင့် အချုပ်အခြာအာဏာကို အဓိပ္ပာယ်အသစ် ဖွင့်ဆိုရန် ကြိုးပမ်းမှုသည် ပြီးပြည့်စုံသောသဘောဆောင်မနေဘဲ၊ ရှုပ်ထွေးသော နိုင်ငံရေးပုစ္ဆာသစ်များနှင့် အငြင်းပွားမှု အသစ်များကို သယ်ဆောင်လာနိုင်ကြောင်း သတိပြုသင့်သည်။ 

ပို၍သတိပြုရမည့်အချက်မှာ စစ်အာဏာရှင် စနစ်ကိုပင် ဖယ်ရှားနိုင်ခြင်း မရှိသေးမီ၊ မြန်မာ့နိုင်ငံရေး အခြေခံ အဆောက်အအုံ တစ်ခုလုံးကို အောက်ခြေမှ ဖြိုလှဲပြီး၊ အသစ်တဖန် တည်ဆောက်ရန် ကြိုးပမ်းခြင်းသည် နောက်ထပ် ခက်ခဲသော စစ်မျက်နှာသစ် (A new uphill battle) တစ်ခုကို ဖန်တီးသကဲ့သို့ ဖြစ်နေသည်။ 

ထို့အတွက် ပေးဆပ်ရမည့် တန်ဖိုးများ ရှိနေပါလိမ့်မည်။ ယခုပင် စစ်ကောင်စီက နိုင်ငံ၏ အချုပ်အခြာအာဏာ ပြိုကွဲနိုင်ကြောင်း ကမ္ဘာပတ် ဝါဒဖြန့်နေမှုတွင် အကျိုးရလဒ်များ ရရှိနေပြီ ဖြစ်သည်။ အိမ်နီးချင်း တရုတ်နိုင်ငံသည် ထိုအချက်ကို အခွင့်အခါကောင်းအဖြစ် ဆုပ်ကိုင်လျက် စစ်ကောင်စီဘက်မှ ပြတ်ပြတ်သားသား ရပ်တည် ပြလာပါသည်။ အခြား အိမ်နီးချင်းနိုင်ငံများလည်း တရုတ်၏ နမူနာကို ယူနိုင်ပါသည်။ 

နိုင်ငံတကာအသိုက်အဝန်း၏ စဥ်းစားချက်များတွင်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပုစ္ဆာသစ်များကို မည်သူမျှ တို့ထိချင်စိတ် ရှိကြမည်မဟုတ်ဘဲ၊ လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခကို ဆွေးနွေး ညှိနှိုင်းအဖြေရှာရန် တိုက်တွန်းနေကြသည်ကိုသာ လေ့လာတွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ပြန်လည်ပြင်ဆင်ရန် မည်သည့်ကြိုးပမ်းမှုမဆို နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိရန် လိုအပ်ပြီး၊ နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေများကို လစ်လျူရှုထား၍ မဖြစ်နိုင်ပါ။

အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ပြန်လည်ပြင်ဆင်မှုတွင် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များဖြစ်သော “နိုင်ငံသား” များ၏ သဘောဆန္ဒမပါဘဲ နိုင်ငံရေး အစုအဖွဲ့ တချို့က အတင်းအကျပ် ဆောင်ရွက်မည်ဆိုလျှင်၊ ကုလသမဂ္ဂ၏ အသိအမှတ်ပြုမှု မရရှိနိုင်သလို၊ နိုင်ငံတကာ ဆက်ဆံရေးတွင်ပါ ပြဿနာများစွာ ရှိလာနိုင်ပါသည်။ နိုင်ငံသားတိုင်းပါဝင်သော လွတ်လပ်လုံခြုံသော “ပြည်သူ့ဆန္ဒခံယူပွဲ” မှတစ်ဆင့်သာ နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှုကို ရရှိနိုင်ပါလိမ့်မည်။    

ထိုအချိန်ထိမရောက်မီ လက်တလော အခြေခံအကျဆုံး မေးခွန်းမှာ ပြည်သူလူထု လိုလားမျှော်မှန်းသော ဖက်ဒရယ်ဒီမိုကရေစီစနစ် ဆိုသည်မှာ မည်သည့် ပုံသဏ္ဌာန်နည်း ဆိုသည့်အချက်ကို ပြည်သူတစ်ဦးချင်းစီက အလေးအနက် စဥ်းစားဆင်ခြင်သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။ နိုင်ငံ၏ အနာဂတ်သည် ပြည်သူ တစ်ဦးချင်းစီ၏ အနာဂတ်ဖြစ်သည်ကို မမေ့အပ်ပေ။

Show More

Related Articles

Back to top button