ဆောင်းပါး

အနာဂတ် အခြေခံဥပဒေစနစ်တွင် ရှောင်ရှားရမည့် “နိုင်ငံရေးချုပ်ကွက်များ”

နိုင်ငံရေးအသာစီးရယူရေးအတွက် အခြေခံဥပဒေများတွင် ထည့်သွင်းခဲ့သော ချုပ်ကွက်သည် တိုင်းပြည်အတွက် ဆိုးကျိုး ဖြစ်စေသည်ဟူသော သင်ခန်းစာများကို မေ့မထားရန် အရေးကြီးသည်။

တိုင်းရင်းသားပေါင်းစုံနေထိုင်သော မြန်မာနိုင်ငံသည် ကိုလိုနီခေတ်မတိုင်မီက နယ်မြေဒေသအလိုက် မတူညီသော အုပ်ချုပ်ရေးပုံသဏ္ဌာန်အမျိုးမျိုး ပေါ်ပေါက်ခဲ့ရာ မွန်၊ ဗမာနှင့် ရခိုင် စသည့် တိုင်းရင်းသားဒေသများတွင် ဘုရင်စနစ်ထွန်းကားခဲ့ပြီး၊ ရှမ်း၊ ချင်း၊ ကချင်နှင့် ကရင်နီ (ကယား) စသည့် တောင်တန်းဒေသများတွင် စော်ဘွား၊ ဒူးဝါးနှင့် လူမျိုးစုအကြီးအကဲစနစ်တို့ ထွန်းကားခဲ့ကြသည်။

လွတ်လပ်သောမြန်မာနိုင်ငံခေတ် ရောက်လာသည့်အခါ ကိုလိုနီခေတ်လွန် ကမ္ဘာ့နိုင်ငံရေးအခင်း အကျင်းသစ်နှင့်အညီ “ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်” (Constitutionalism) အရ အုပ်ချုပ်သော နိုင်ငံရေးအခြေခံ အဆောက်အအုံသစ် ပေါ်ပေါက်လာခဲ့သည်။  

ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်အရ “နိုင်ငံတော်အာဏာ၏ မူလပိုင်ရှင်သည် ပြည်သူများ ဖြစ်သည်” ဟူသောစံနှုန်းကို လက်ခံကျင့်သုံးလာကြပြီး၊ ယင်းသည် သက်ဦးဆံပိုင်စနစ် စံနှုန်းဖြစ်သော ဘုရင်၊ စော်ဘွား၊ လူမျိုးစု အကြီး အကဲများက အာဏာ၏မူလပိုင်ရှင်များသဖွယ် ခံယူခဲ့ကြသည့် အခြေခံနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သွားသည်။

ထို့ကြောင့် ပြည်သူကရွေးချယ်သော “ရွေးကောက်ပွဲစနစ်” (Electoral System)၊ ပြည်သူကို ကိုယ်စားပြုသော “လွှတ်တော်စနစ်” (Parliamentary System)၊ ပြည်သူ့လွှတ်တော်များက ဖွဲ့စည်းပေးသော အုပ်ချုပ်ရေးစနစ် (Elected Executive System) နှင့် တရားရေးစနစ် (Judiciary System) ဟူ၍ နိုင်ငံတော်အာဏာကို ခွဲဝေကျင့်သုံးသော ယန္တရားသစ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နှင့်အတူ ပေါ်ပေါက်လာခဲ့သည်။   

စင်စစ် ထိုစနစ်များ၊ ယန္တရားများသည် မြန်မာနိုင်ငံ၌ ကိုလိုနီခေတ်အတွင်း စတင်အမြစ်တွယ်လာခြင်း ဖြစ်သည်။ ၁၉၃၅ ခုနှစ် မြန်မာအစိုးရအက်ဥပဒေ (The Government of Burma Act 1935) သည် ကိုလိုနီလက်အောက် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကို ပထမဆုံးကျင့်သုံးသည် ဟု ဆိုနိုင်ပြီး၊ အထက် နှင့် အောက် လွှတ်တော်နှစ်ရပ်စနစ်ကို စတင်ကျင့်သုံးခဲ့သည်။ သို့သော် ထိုအချိန်က ကိုလိုနီခေတ်ဖြစ်၍ ပြည်သူကိုယ်စား ပြုမှုသည် အကန့်အသတ်နှင့်သာ ရှိခဲ့ပြီး၊ အင်္ဂလန်ရှိ နေမဝင်ဘုရင့်အင်ပါယာက အာဏာအရပ်ရပ်ကို ထိန်းချုပ် ထားသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကို ကျင့်သုံးရာတွင် ကိုလိုနီအုပ်ချုပ်ရေးမြို့တော် ရန်ကုန်သည် ဗဟိုချက်ဖြစ်လာ ပြီး၊ နိုင်ငံ၏အောက်ပိုင်းဒေသများသည် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နှင့်အတူ ပေါ်ပေါက်လာသော နိုင်ငံရေး အခြေခံအဆောက်အအုံများ၏ လည်ပတ်မှုနှင့် စည်းမျဥ်းဥပဒေသများ၏ သက်ရောက်မှုကို ဦးစွာကြုံတွေ့ခံစား ကြရသည်။ 

ကိုလိုနီအင်္ဂလိပ်တို့သည် ပြည်မ (Burma Proper) နှင့် တောင်တန်းဒေသ (Frontier Area) ဟူ၍ မတူညီသော အုပ်ချုပ်ရေးနှစ်မျိုးဖြင့် အုပ်ချုပ်ခဲ့ရာ တောင်တန်းဒေသ တိုင်းရင်းသားများသည် စော်ဘွားစနစ် နှင့် လူမျိုးစု အကြီးအကဲစနစ်များကို ဆက်လက်ကျင့်သုံးခွင့်ရခဲ့သည်။ ထိုအချက်ကို မြန်မာနိုင်ငံရေးအသိုက်အဝန်းအတွင်း “လူများစု” ဗမာတိုင်းရင်းသားများနေထိုင်ရာဒေသရှိ ပြည်သူများနှင့် “လူနည်းစု” တောင်တန်းသားများနေထိုင် ရာဒေသရှိ ပြည်သူများအကြား စုစည်းညီညွတ်မှုမရရှိစေရန်၊ ၎င်းတို့ကို ပုန်ကန်တော်လှန်မှုမပြုနိုင်ရန် ခွဲခြား ကျင့်သုံးသည့် ကိုလိုနီအင်္ဂလိပ်၏ “သွေးခွဲအုပ်ချုပ်ရေး” အဖြစ် အစဥ်အဆက် သတ်မှတ်ခဲ့ကြသည်။   

ထို့ကြောင့် အင်္ဂလိပ်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နှင့်အတူ ကိုလိုနီဥပဒေများ၏သက်ရောက်မှုကို အနီးဆုံး ခံစားရသော ပြည်မတွင် ခေတ်ပညာတတ် လူငယ်နိုင်ငံရေးအင်အားစုသည် ကိုလိုနီကျွန်ပညာရေးမှစ၍ ကိုလိုနီသက်ဆိုးရှည်မည့် စည်းမျဥ်းဥပဒေများကို ဆန့်ကျင်ရာမှ လွတ်လပ်သောအမျိုးသားနိုင်ငံတော်အတွက် လုံးဝ လွတ်မြောက်ရေးလှုပ်ရှားမှုများ ရန်ကုန်မြို့တွင် အားကောင်းစွာပေါ်ပေါက်ခဲ့သည်။ ရန်ကုန်သည် ၂၀ ရာစု အစောပိုင်း ကိုလိုနီ နယ်ချဲ့ဆန့်ကျင်ရေး နိုင်ငံရေးနိုးကြားမှုနှင့် လှုပ်ရှားမှုကြီးများ၏ ဗဟိုချက် ဖြစ်ခဲ့သည်။     

သို့ရာတွင် ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြီးမှ၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေး ရရှိချိန် အထိ ၂၈ နှစ်ကြာ ကိုလိုနီနယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်စနစ်ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက် ကြိုးပမ်းမှုခရီးတစ်လျှောက် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များ ပါဝင်ခဲ့သည်။ 

ထို့အချက်ကို အလေးထားလေ့လာသုံးသပ်ကြည့်လျှင် ရန်ကုန်သည် ကိုလိုနီလက်ထက်ကတည်းက တိုင်းရင်း သားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့၏ နိုင်ငံရေး လှုပ်ရှားမှုနယ်မြေ (Multiethnic and multiracial political landscape) ဖြစ်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန်ကျင့်သည့် လူထုလှုပ်ရှားမှုများအထိ ရန်ကုန်၏ လူမျိုးပေါင်းစုံတို့၏ နိုင်ငံရေးဗဟိုချက်နှင့် အရေးပါမှုကို မပြောင်းမလဲ တွေ့ရှိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်အတွင်း မြုပ်ထားသော နိုင်ငံရေး “ချုပ်ကွက်”  

ဒုတိယကမ္ဘာစစ်ကြီးအဆုံးသတ်မှုနှင့်အတူ ကိုလိုနီစနစ်ချုပ်ငြိမ်းမှုပါ တပါတည်းဖြစ်ပေါ်ခဲ့ပြီး နိုင်ငံအများအပြား လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံများ ဖြစ်လာခဲ့သည်။ ကမ္ဘာစစ်ထပ်မံမဖြစ်ပွားရန် ကာကွယ်သော အားဖြင့် အချုပ်အခြာအာဏာပိုင်နိုင်ငံ (Sovereign State) အချင်းချင်းအကြား တန်းတူရေး၊ အပြန်အလှန် အသိအမှတ်ပြုရေးနှင့် မကျူးကျော်ရေး စံတန်ဖိုးများကို နိုင်ငံတိုင်း လေးစားလိုက်နာမည့် နိုင်ငံတကာစနစ်၏ အခြေခံစည်းမျဥ်းများအဖြစ် ကျင့်သုံးပြဋ္ဌာန်းမည့် ကုလသမဂ္ဂအဖွဲ့ကြီး ပေါ်ပေါက်လာခဲ့သည်။ 

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းသစ်နှင့်အညီ လွတ်လပ်သော မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်မတိုင်မီက ကျင့်သုံးခဲ့သော သက်ဦးဆံပိုင်ဘုရင်စနစ်ကို လုံးဝအဆုံးသတ်ခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် (Constitutionalism)  ကို ကျင့်သုံးကာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ နိုင်ငံရေးစနစ်သစ်၊ သမိုင်းသစ်ကို စတင်ခဲ့သည်။ ယင်းသည် ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သော ဗမာတိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များ၏ ရဲရင့်ပြတ်သားသော ခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးဟု ဆိုနိုင်ပါသည်။ 

ထိုအခြေအနေသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ရာတွင်လည်း တိုင်းရင်းသားအများစု သတ်မှတ်ထားသော ဗမာလူများစုကြီးစိုးသည့် စစ်တပ်၏ စစ်အာဏာရှင်စနစ်ကို ဗမာလူများစုပြည်သူများ ကိုယ်တိုင်ဦးဆောင်ပြီး စနစ်ပြောင်းလဲရေး ခိုင်မာပြတ်သားသော စိတ်ဓာတ်၊ သန္နိဋ္ဌာန်တို့ဖြင့် အမြစ်ဖြတ် တိုက် ထုတ်ရန် ကြိုးပမ်းမှုနှင့် တူညီပါသည်။ 

ဤနေရာတွင် လွတ်လပ်သော မြန်မာနိုင်ငံခေတ်ရောက်မှ နိုင်ငံရေးပါတီစနစ်၊ ရွေးကောက်ပွဲစနစ်၊ လွှတ်တော် စနစ်တို့ကို တိုင်းရင်းသားပြည်နယ်များပါမကျန် တပြေးညီထူထောင်ပြီး လက်တွေ့ကျင့်သုံးခွင့်မှာ   ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်လာပြီးမှ  စတင်ရရှိခဲ့သည်ကို အလေးဂရုပြုသင့်သည်။ အကြောင်းမှ ထိုစနစ်များကို အင်္ဂလိပ်ကိုလိုနီခေတ်အတွင်း တောင်တန်းဒေသများတွင် မကျင့်သုံး၊ မထွန်းကားခဲ့ဘဲ လူမျိုးစု အကြီးအကဲ များ အုပ်ချုပ်ရေးစနစ်သာ ခိုင်ခိုင်မာမာ အမြစ်တွယ် ကြီးစိုးခဲ့သောကြောင့် ဖြစ်သည်။ 

ထို့ကြောင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုနှင့် ပြည်နယ်အစိုးရများ ပေါ်ပေါက်လာပြီး၊ အာဏာ ခွဲဝေကျင့်သုံးသော ပါလီမန်ဒီမိုကရေစီစနစ်ကို တစ်နိုင်ငံလုံးတွင် တပြေးညီ စတင်ကျင့်သုံးခဲ့သည်။ ထိုအချိန် ပြည်မရှိ နိုင်ငံရေးခေါင်းဆောင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကို ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သော်လည်း၊ တောင်တန်းဒေသမှ နိုင်ငံရေးခေါင်းဆောင်များသည် အစဥ်အလာအားဖြင့်ကျင့်သုံးခဲ့သော စော်ဘွား သို့မဟုတ် လူမျိုးစုအကြီးအကဲအုပ်ချုပ်ရေးစနစ်နှင့်သာ အကျွမ်းတဝင် ရှိနေဆဲ ဖြစ်သည်။  

ထိုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်အရ ပြည်မနှင့် တောင်တန်း သဟဇာတဖြစ်ဖြစ် အာဏာခွဲဝေအုပ်ချုပ်၍ အတူယှဥ်တွဲနေထိုင်နိုင်မည်ဟု နိုင်ငံရေးအင်အားစုများအကြား ယုံကြည်စိတ်ချနိုင်မှု မရှိခဲ့ခြင်းကြောင့် ၁၀ နှစ် ပြည့်သည့်အခါ ပြည်နယ်များသည် “ပြည်ထောင်စုမှ ခွဲထွက်ခွင့်” (Right of Secession) အချက်ကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) တွင် ထည့်သွင်းခဲ့သည်။ 

စင်စစ် နိုင်ငံရေးပြဿနာကို အပြီးအပြတ် မဖြေရှင်းဘဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်အတွင်း “ချုပ်ကွက်” တစ်ခု မြုပ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုချုပ်ကွက်ကြောင့်ပင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကျင့်သုံးမှု ၁၀ နှစ်ပြည့် ချိန် ၁၉၅၈ ခုနှစ်တွင် နိုင်ငံရေးမတည်ငြိမ်မှု အထွတ်အထိပ်ရောက်လာသည်။  

ရလဒ်အားဖြင့် အခွင့်အခါကောင်းကို စောင့်စားနေသော ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် စစ်တပ်သည် တိုင်းပြည်ပြိုကွဲမည့်အကြောင်းပြချက်ဖြင့် ရွေးကောက်ခံအစိုးရထံမှ နိုင်ငံတော်အာဏာကို အတင်းအကျပ် အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီး၊ ဝန်ကြီးချုပ်ဦးနုက တိုင်းပြည်အတွက် အစဥ်အလာမကောင်းသော အာဏာသိမ်းမှုမပြုလုပ်ရန်နှင့် ပါလီမန်မှတစ်ဆင့် အာဏာလွဲပေးပြီး တိုင်းပြည်တည်ငြိမ်ရေးအတွက် အိမ်စောင့်အစိုးရ ဖွဲ့စည်းကာ ယာယီ အုပ်ချုပ်စေခဲ့သည်။ 

ထိုသမိုင်းဖြစ်စဥ်မှ သင်ခန်းစာယူနိုင်သော အချက်များစွာရှိသည့်အနက် နိုင်ငံရေးအင်အားစုအသီးသီးသည် ၎င်းတို့အကြားမှ နိုင်ငံရေးပြဿနာများကို မဖြေရှင်းဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်တွင် နိုင်ငံရေး “ချုပ်ကွက်” ထည့်သွင်းပြီး၊ ပြဿနာကို ယာယီကျော်လွှားသည့် အစဥ်အလာသည် ထိုအချိန်ကတည်းက စတင်ခဲ့သည်။ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်ပေါ်လာသည့်အခါ ရရှိထားသော နိုင်ငံရေးလွတ်လပ်ခွင့်များ ဆုံးရှုံးကာ တိုင်းပြည်ဒုက္ခ ရောက်ခြင်းနှင့် အဆုံးသတ်ခဲ့ရသည်။  

ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခွင့်မရှိသည့်အတွက် ပြည်နယ်များ ခွဲထွက်ခွင့်ကိုတားဆီးရန် ရှမ်းစော်ဘွားစနစ်ဖျက်သိမ်းမှုကို ၁၉၅၉ ခုနှစ်၌ အတင်းအကျပ် လုပ်ဆောင်ခဲ့သည်။ ထို့နောက် တိုင်းရင်းသားများအပေါ် ဖိနှိပ်မှုများ ပြင်းထန်လာသဖြင့်၊ “ဗမာလူမျိုးကြီးဝါဒ” (Burmanization) ဆိုသည့် လူမျိုးရေးမုန်းတီးမှုသည် တိုင်းရင်းသားများအကြား ကျယ်ပြန့်လာခဲ့သည်။

၁၉၅၉ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရလက်ထက် အာဏာစွန့်လွှတ်ခဲ့သော ရှမ်းစော်ဘွား ၃၄ ဦး တစ်လုံးတခဲတည်း ရရှိခဲ့သော ပင်စင်လျော်ကြေးငွေများ

ရင်းမြစ် – Sao Saimong Mangrai (1965) Shan States and the British Annexation: Cornell University, New York

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ “နိုင်ငံရေးချုပ်ကွက်”

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပါတီစုံဒီမိုကရေစီစနစ်ကို ဖျက်သိမ်းခဲ့၍၊ ဒီမိုကရေစီ ဆိတ်သုဥ်းသွား ခဲ့သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တစ်ပါတီ ဆိုရှယ်လစ်အာဏာရှင်စနစ်ကို ကျင့်သုံးပြီး၊ ရွေးကောက်ပွဲစနစ်နှင့် လွှတ်တော်စနစ်များ ရှိသော်လည်း၊ ပါတီတစ်ခုတည်းက ကိုယ်စားလှယ်ကို မဲပေးရ သောစနစ် ဖြစ်လာသည်။

ဆိုရှယ်လစ်အာဏာရှင်စနစ်ကို ကျောင်းသားများဦးဆောင်သော ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးက ဆန္ဒပြတော်လှန် ဖြိုချခဲ့သော်လည်း၊ စစ်တပ်က အာဏာသိမ်းမှုထပ်မံကျူးလွန်ခဲ့ပြီး၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးမည်၊ နိုင်ငံရေးပါတီများ ထူထောင်ခွင့်ပေးမည်၊ ရွေးကောက်ပွဲကျင်းပပေးမည် စသည့် ကတိများပေးခဲ့ သည်။ 

သို့သော် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိ၍ အာဏာမလွှဲနိုင်ဟု အကြောင်းပြကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်၏နိုင်ငံရေး တွင် ဆက်လက်ကြီးစိုး ခြယ်လှယ်ရေးအတွက် စိတ်တိုင်းကျရေးဆွဲခဲ့သည်။  

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ တိုင်းရင်းသားခေါင်းဆောင်များက ၁၀ နှစ်ပြည့်လျှင် ခွဲထွက်ခွင့် ဆိုသော နိုင်ငံရေး “ချုပ်ကွက်” ထည့်သွင်းသကဲ့သို့ပင်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ စစ်တပ်က နိုင်ငံရေး “ချုပ်ကွက်” များ ထည့်သွင်းရေးဆွဲပြန်သည်။ ၎င်းချုပ်ကွက်များထဲမှ လွှတ်တော်အသီးသီးတွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရယူပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရေးကြီးသောပုဒ်များကို ပြင်ဆင်၍မရစေရန် အမတ်ဦးရေ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်ဆင်ခွင့်ရှိသည့် “ချုပ်ကွက်” ကို ထည့်သွင်းခဲ့သည်။ 

ထို့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်သယောင် စစ်တပ်သည် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်ရှိသည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည် ဆိုသည့် ပြဋ္ဌာန်းချက်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာခဏကိုးကားပြောဆိုလျက် ရှိသည်။ ထိုအချက်များသည် စစ်ခေါင်းဆောင်များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လိုသလိုအဓိပ္ပာယ်ဖွင့် အသုံးချရန် မြှုပ်ထားခဲ့သော “ချုပ်ကွက်” များဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးခဲ့သော သင်ခန်းစာ

ယခင် စစ်အာဏာရှင်ဟောင်း သန်းရွှေသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၉၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ စိတ်တိုင်းကျ အချိန်ယူရေးဆွဲခဲ့ပြီး၊ နိုင်ငံတော်အာဏာကို စစ်တပ်က ရေရှည်ချုပ်ကိုင်ရန် ရည်မှန်းချက်ကြီးကြီး ပြင်ဆင်ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် လူထု၏ဆန္ဒကိုလျှော့တွက်ခဲ့မှုကြောင့် ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲတွင် ပြည်သူ့ဆန္ဒမဲများဖြင့် ဒဏ်ခတ်အရေးယူမှုအောက်တွင် စစ်တပ် အာဏာလက်လွှတ်ခဲ့ရသည်။

ထို့အပြင် အမျိုးသားနိုင်ငံရေးတွင် စစ်တပ်၏ဦးဆောင်မှုအခန်းကဏ္ဍကို ရယူရန် သေချာစီစဥ်ပြဋ္ဌာန်းခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရ လက်ထက်တွင် ထိုပြဋ္ဌာန်းချက်သည် အသက်ဝိညာဥ်ကင်းမဲ့ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခေါင်းဆောင်မဖြစ်ရေး စစ်ခေါင်းဆောင်များ စနစ်တကျကန့်သတ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ “ချုပ်ကွက်” ပုဒ်မ ၅၉ (စ) ကို ဒေါ်အောင်ဆန်း စုကြည်က ကျော်လွှားပြနိုင်ခဲ့ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးဖြင့် ကမ္ဘာပတ်၍ နိုင်ငံတကာခေါင်းဆောင် များက ကော်ဇောနီ (Red Carpet) ခင်းပြီး၊ ဂုဏ်ပြုတပ်ဖွဲ့များဖြင့် ကြိုဆိုခြင်းကို ခံယူနိုင်ခဲ့သည်။  

လွှတ်တော်စနစ်အတွင်း အတင်းအဓမ္မရယူထားသည့် ၂၅ ရာခိုင်နှုန်းသော စစ်သားကိုယ်စားလှယ်များသည် လွှတ်တော်စနစ်အတွင်း “ထိုင်၊ ထ” လုပ်ရုံမှတစ်ပါး မည်သည့်ဩဇာအာဏာမှ မရှိဘဲ၊ အရှက်ရရုံသက်သက် ဖြစ်ခဲ့ရသည်။ 

ထိုအချင်းအရာများက ပြသခဲ့သော သင်ခန်းစာမှာ စစ်ခေါင်းဆောင် သန်းရွှေသည် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် နှင့် တွဲဆက်ပါလာသော ရွေးကောက်ပွဲစနစ်၊ လွှတ်တော်စနစ်တို့ကို အမှန်တကယ် နားလည်ခြင်းမရှိခဲ့ဘဲ ကျဥ်းမြောင်းသော တစ်စုတစ်ဖွဲ့၏ ကိုယ်ကျိုးစီးပွားအတွက် စိတ်ကူးဖြင့်တွက်ချက်ပုံဖော်ခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားစေခဲ့သည်။

အာဏာရှင်ဟောင်း သန်းရွှေ စိတ်ကူးယဥ်ခဲ့သော “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” (Genuine, disciplined multi-party democratic system) ဆိုသည်မှာ နိုင်ငံရေးအတွေးခေါ် လုံးဝမဟုတ်ဘဲ၊ မည်သည့် ဒဿနအတွေးအခေါ်ပေါ်တွင်မှ အခြေခံထားခြင်းမရှိခဲ့ပါ။ ပြည့်စုံသောအဓိပ္ပာယ်တစ်ခုကို လက်တွေ့ ကျကျ ဖော်ကျူးနိုင်ခဲ့ခြင်းလည်း မရှိခဲ့ပါ။ အာဏာရှင်တို့၏ အကျင့်စရိုက်အတိုင်း မလိုအပ်သော နာမဝိသေသန များဖြင့် ပြည်သူများ၏ လွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ခြယ်ရန် လှည့်စားခဲ့ခြင်းသာ ဖြစ်သည်။ 

ဒီမိုကရေစီတွင် ပြီးပြည့်စုံသော အဓိပ္ပာယ်ပါဝင်နေပြီး၊ နာမဝိသေသန မလိုအပ်ပါ။ ထိုအဖြစ်အပျက်သည် မြန်မာ ပြည်သူများ၏ မျက်မှောက်တွင် လက်တွေ့ “ဖြစ်၊ ပျက်” ခဲ့သည်ကို ယနေ့ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင် အသီးသီးက သင်ခန်းစာယူပြီး၊ အနာဂတ် နိုင်ငံတော်စနစ်အတွက် အမြော်အမြင်ရှိရှိ စဥ်းစားလုပ်ဆောင်သင့်ပါသည်။

အနာဂတ် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်၏ “နိုင်ငံရေးချုပ်ကွက်” အသစ်   

၁၉၄၇ နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ နိုင်ငံရေး “ချုပ်ကွက်” များကို ရှင်းလင်းဆွေးနွေးရခြင်းသည် စက်တင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်လိုက်သော တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီများ၏ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် သဘောထားထုတ်ပြန်ကြေညာချက်ကြောင့် ဖြစ်သည်။ ထိုကြေညာချက်ကို ကရင်အမျိုးသား အစည်း အရုံး (KNU) က ထိပ်ဆုံးမှဦးဆောင်ပြီး၊ အဖွဲ့အစည်း (၉) ဖွဲ့က ထုတ်ပြန်ခဲ့သည်။ 

ထိုကြေညာချက်တွင် သတိပြုစရာအကောင်းဆုံး အချက်မှာ “ပြည်နယ်များ အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး” (Bottom-up Federalism) ဆိုသည့် အသုံးအနှုန်းသစ်နှင့် နိုင်ငံတော်၏အချုပ်အခြာအာဏာကို အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း ဖြစ်သည်။ ယင်းမှာ “အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များသည် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များနှင့် ၎င်းပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်းရှိ ပြည်သူလူထုများဖြစ်သည်” ဟု ဆိုသည်။

ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်ကို သာမန်သဘော မဖတ်ရှုသင့်ဘဲ၊ နိုင်ငံသားတစ်ဦးချင်းစီ၏ ကံကြမ္မာနှင့် တိုက်ရိုက် ပတ်သက်ဆက်နွယ်နေသော၊ နိုင်ငံသားတိုင်းအတွက် အလွန်အရေးကြီးသည့် “နိုင်ငံရေးစီရင်ချက်” ဟု နားလည်လိုက်သည်။ အကြောင်းမှာ အချုပ်အခြာအာဏာ ဆိုသည်မှာ နိုင်ငံသားတိုင်းထံမှ ဆင်းသက်သည့် အယူအဆကို လက်ခံလျှင် အဆိုပါ အချုပ်အခြာအာဏာကို တစ်စုတစ်ဖွဲ့က အဓိပ္ပာယ်ဖွင့်ဆိုခွင့်မရှိဘဲ နိုင်ငံသားတိုင်း လက်ခံသော အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်ရန် လိုအပ်သောကြောင့်ဖြစ်သည်။  

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃) တွင် “ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် နိုင်ငံသားတို့၌ တည်သည်” ဟူ၍လည်းကောင်း၊ တော်လှန်ရေးအင်အားစုများက ဖျက်သိမ်းခဲ့ပြီဖြစ်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄) တွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” ဟူ၍ လည်းကောင်း အဓိပ္ပာယ်ဖွင့်ခဲ့ကြသည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်ခုသည် အချိန်ကာလအားဖြင့်လည်းကောင်း၊ နိုင်ငံရေးပတ်ဝန်းကျင်အရ လည်းကောင်း ဆန့်ကျင်ဖက်အခြေအနေတွင် ပေါ်ပေါက်ခဲ့သော်လည်း၊ နိုင်ငံတော်အချုပ်အခြာအာဏာကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ ပိုင်းခြားသတ်မှတ်ထားသော နယ်မြေဒေသကို ညွှန်းဆိုခြင်းမရှိဘဲ “နိုင်ငံသားတို့၌ တည်သည် သို့မဟုတ် ဆင်းသက်သည်” ဟုသာ ဖော်ပြခဲ့သည်။ 

သို့သော် KNU ဦးဆောင်သော ၉ ဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ အချုပ်အခြာအာဏာသက်ဆင်းမှုကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ “ပြည်နယ်/ဖက်ဒရယ်ယူနစ်” ဟု ပိုင်းခြားသတ်မှတ် ထားသောနယ်မြေဒေသ နှင့် ထိုနယ်မြေဒေသများ တွင် နေထိုင်ကြသော “ပြည်သူလူထု” ဟူ၍ နှစ်မျိုးခွဲခြား ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရသည်။ 

ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်ကြောင့် အနာဂတ်မြန်မာနိုင်ငံ၏ “ဗဟိုအစိုးရ” သို့မဟုတ် “ဖက်ဒရယ်အစိုးရ” သည် ၎င်း၏အာဏာ တိုက်ရိုက်သက်ရောက်နိုင်သော အချုပ်အခြာအာဏာပိုင်နယ်မြေ မရှိတော့ဘဲ၊ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များမှ ခွဲဝေအပ်နှင်းသော ကျွင်းကျန်အာဏာကိုသာ ကျင့်သုံးနိုင်မည် ဖြစ်သည်။ 

ယင်းသည် “ပြည်နယ်များအားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး” (Bottom-up Federalism) ဟု ကြေညာချက်တွင် ဖော်ပြထားသည့်အတိုင်း ပြည်ထောင်စုအားကောင်းရေးသို့ မဦးတည်ဘဲ၊ ပြည်ထောင်စု အာဏာကို ကန့်သတ်ခြင်း၊ အားနည်းအောင်ဆောင်ရွက်ခြင်းသာ ဖြစ်ပါလိမ့်မည်။ အဆိုပါ အချင်းအရာသည် ဖက်ဒရယ်စနစ် (Federalism) ကို “အောက်ခြေမှစတင်ခြင်း” (Bottom-up) ဆိုသည့် နာမဝိသေသနပြုခြင်းတွင် အခြေခံပြီး၊ အနာဂတ် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်၏ “နိုင်ငံရေးချုပ်ကွက်” အသစ် ဖြစ်လာပေလိမ့်မည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကို နိုင်ငံရေးအသာစီးရလိုမှုအတွက် အသုံးမချသင့်

ကမ္ဘာပေါ်ရှိ အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်းသည် တည်ငြိမ်သော နိုင်ငံရေးစနစ်၊ တည်ငြိမ်သောအစိုးရ နှင့် တည်ငြိမ်သော လူမှုစနစ်များ ရှင်သန်ဖွံ့ဖြိုးရေးကို အလိုရှိကြသည်။ အဆိုပါတည်ငြိမ်မှုများကို အာမခံနိုင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်၏အခန်းကဏ္ဍသည် အရေးပါသည်။ 

ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ဆိုင်ရာ ပြဿနာ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကို လူတစ်စု တစ်ဖွဲ့က နိုင်ငံရေးအသာစီးရလိုမှုအတွက် အသုံးချနေသော ပြဿနာ ဖြစ်ပွားနေပြီး၊ ထိုပြဿနာသည် ၁၉၄၈ ခုနှစ်ကတည်းက စတင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ 

ယနေ့အချိန်ထိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃ခု ရှိခဲ့ပြီး၊ ၎င်းတို့သည် ကာလရှည်ကြာ တည်ငြိမ်သော နိုင်ငံရေး စနစ်ကို မဖော်ဆောင်ပေးနိုင်ခဲ့ရခြင်း အကြောင်းရင်းမှာ အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေစနစ်အတွင်း “နိုင်ငံရေး ချုပ်ကွက်” များကို စနစ်တကျ ထည့်သွင်းနေကြခြင်းတို့ကြောင့် ဖြစ်သည်။ အဆိုပါ “နိုင်ငံရေးချုပ်ကွက်” ကို ဖန်တီးသူတို့၏ လိုချင်သော နိုင်ငံရေးရလဒ် မရရှိလာသည့်အခါ နောက်ဆက်တွဲဖြစ်ပေါ်လာသော လူမှုဒုက္ခ ဆင်းရဲမှုများက လွန်စွာကြီးမားလှပါသည်။ ထိုအချက်ကို နိုင်ငံရေးအစုအဖွဲ့အားလုံးက သတိပြုသင့်ပါသည်။ 

ယနေ့အချိန်သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ကြိုးပမ်းမှုသက်သက်ဖြင့် မလုံလောက်ဘဲ၊ နှစ်ပေါင်း ၇၆ နှစ်ကျော်လာပြီဖြစ်သော နိုင်ငံရေးပဋိပက္ခသံသရာ ချုပ်ငြိမ်းရေးကိုပါ တန်းတူအလေးထား လုပ်ဆောင်ရန် အရေးကြီးလှပါသည်။ အဆိုပါ နိုင်ငံရေးပဋိပက္ခသံသရာ အဆုံးသတ်ရန် မကြိုးပမ်းနိုင်ပါက နောင်မျိုးဆက်များ အထိ နိုင်ငံရေးကြောင့် ရင်ဆိုင်ရသော ဒုက္ခသံသရာ ချုပ်ငြိမ်းရန် မဖြစ်နိုင်ပါ။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခ အတိတ်သမိုင်း သင်ခန်းစာများမှာ အလုံအလောက်ရှိနေပြီဖြစ်ပြီး၊ အဆိုပါ သင်ခန်းစာများကို နိုင်ငံရေးခေါင်းဆောင်အသီးသီးက မှန်ကန်စွာ သုံးသပ်ဆင်ခြင်၍ အမြော်အမြင်ရှိရှိ ဆုံးဖြတ် နိုင်မှုသာ လိုအပ်နေကြောင်း လေ့လာတွေ့ရှိရသည်။ သမိုင်းသင်ခန်းစာထဲတွင် အရေးအကြီးဆုံးအချက်မှာ “ပြည်သူကို လျှော့မတွက်ကြရန်” ဖြစ်ပါသည်။

Related Articles

Back to top button