သတင်း

သံလွင်လမ်း ပြည်ခိုင်ဖြိုးရုံးတွင် တပ်ထောက်ခံသူများ နေ့စဉ်ဝင်ထွက်သွားလာနေ 

ရန်ကုန် ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် တပ်ထောက်ခံသူများ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်များ နေ့စဉ်၀င်ထွက်သွားလာနေကြောင်း ပြည်သူတစ်ဦးက သတင်းပေးပို့လာသည်။

ယခုတစ်ပတ်အတွင်း တပ်ထောက်ခံပွဲများတွင် ပါဝင်သူများ လိုက်ပါလာသည့် အဆိုပါမော်တော်ယာဉ်များ အဝင်အထွက်ပိုမိုများပြားလာပြီး နေ့စဉ်အနည်းဆုံး ၁၀ စီးခန့် ရှိသည်ကို တွေ့ရသည်ဟု  သတင်းပေးလာသူက ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီရုံးချုပ်တွင် ဝင်ထွက်သွားလာနေသည့် မော်တော်ယာဥ်များအနက် တပ်ထောက်ခံပွဲပါဝင်ခဲ့သည့် ယာဉ်နံပါတ်ပြားတူ မော်တော်ယာဉ်တစ်စီးကို တွေ့ရစဉ်။

“ဒီမနက်ဆို (ဖေဖော်ဝါရီ ၂၅) ၄ နာရီလောက်ကတည်း။ ၅၀၀၀ စားတွေ (တပ်ထောက်ခံပွဲများတွင် ပါဝင်လေ့ရှိသူများ) တင်လာတဲ့ လိုက်ထရပ် (Light Truck) တွေ ပါသလို လူကြီးပိုင်းတွေ ပါတယ်လို့ ထင်ရတဲ့ Pajero, SUV, KIA တို့လို ကားကောင်းတွေ လည်းပါတယ်” ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။

ယမန်နေ့တွင် စစ်ကောင်စီထောက်ခံပွဲ ပါဝင်သူများ စီးနင်းလိုက်ပါလာသည့် Light Truck ကား တစ်စီးသည် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးရပ်ကွက် ဝင်ရောက်ရန်ပြုတိုက်ခိုက်ခဲ့ရာ ရပ်ကွက်နေပြည်သူများက ၎င်းတို့ကို တားဆီးထိန်းသိမ်းခဲ့သည်။

ကန်တော်လေးရပ်ကွက်အတွင်း စစ်ကောင်စီထောက်ခံသူများ စီးနင်းလာသည့် Light Truck ယာဉ် နံပါတ် 2M/9216 ကို ထိုနေ့ နံနက်အစောပိုင်း၌ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှ ထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ရသည်ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။

ကန်တော်လေးရပ်ကွက်အတွင်း စစ်ကောင်စီထောက်ခံသူများ စီးနင်းလာသည့် Light Truck ယာဉ် နံပါတ် 2M/9216 ။ (ဓာတ်ပုံ − RFA)

လုံခြုံရေးအခြေအနေအရ အဆိုပါမျက်မြင်သက်သေက နံမည်ထုတ်ဖော်ပြောဆိုရန်ခြင်း မပြုရန် မေတ္တာရပ်ခံထားသည်။ 

လွန်ခဲ့သည့် သုံးရက်ခန့်ကလည်း သံလွင်လမ်း ခြံအမှတ် (၁၃၂၊ ဘီ) ရှိ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှ နေ၍ သံတုတ်များနှင့် အကြမ်းဖက်လူမိုက်များသဖွယ် အင်အား ၁၅၀ ခန့်သည် ၁၄ ပေရှိ ကားများဖြင့်  မြေနီကုန်းဘက်သို့  ထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။ 

ထိုနေ့တွင် ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှ ထွက်ခွာသွားသည့် ၁၄ ပေအရှည်ရှိ ကားသုံးစီးမှာ ယာဉ်အမှတ် 7J/8377, 8J/8323 နှင့် 4H/8320 တို့ဖြစ်ပြီး အဆိုပါကားများကို ဦးဆောင်သည့် မော်တော်ယာဉ်မှာ အပြာနုရောင် 7I/2298 နံပါတ်ပြားပါ Honda Fit ကားဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုတစ်ပတ်အတွင်း ပြည်ခိုင်ဖြိုးပါတီရုံးချုပ်တွင် ဝင်ထွက်သွားလာနေသည့် မော်တော်ယာဉ်များမှာ 9F/4587 (Honda Fit), 9P/5115, 8J/8629 (Light Truck), 9F/4587 (Mazda Bongo), 4E/6093 (Toyata Wish), 1R/9927 (Toyata Majesty), 7N/7275 (Suzuki Carry), 8J/8383 (Truck), 8J/8375 (Truck), 1J/7390 (Mazda Saloon), 8J/8323, 7J/8377, 4H/8320, 7I/2298, 1R/9927 (Alphard), 4L/4949 (Alphard), 8J/8377, 8J/8323 နှင့် fir 7I/2298 တို့ဖြစ်သည်ဟု အဆိုပါမျက်မြင်သက်သေက မှတ်တမ်းများနှင့်တကွ ဆိုသည်။ 

“သူတို့အများဆုံး သုံးတာက 8J/8377 နဲ့ 8J/8383 (Light Truck) တွေပဲ” ဟုလည်း ၎င်းက ပြောသည်။ 

တပ်မတော်ထောက်ခံသူများ မြို့တွင်း လှည့်လှည်ခဲ့သည့် မော်တော်ယာဉ်အများစုတွင် ယာဉ်နံပါတ်များ ဖုံးအုပ်ထားသော်လည်း အဆိုပါမျက်မြင်သက်သေ ပေးပို့လာသည့် ကားနံပါတ်များအနက်မှ တပ်ထောက်ခံပွဲ မော်တော်ယာဉ်အချို့နှင့် နံပါတ်များ တူညီနေသည်ကို ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။ 

ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများအပေါ် တန်ပြန်လှုပ်ရှားသူများ အပြည့် လိုက်ပါလာသော Light Truck ကားများ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှ ဝင်ထွက်သည်ကို တွေ့ရှိခဲ့ရသည်ဟု  သံလွင်လမ်းတွင် နေထိုင်သူ အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးကလည်း ဖေဖော်ဝါရီ ၁၁ ရက်တွင် Myanmar Now ကို ပြောကြားထားသည်။ 

တပ်ထောက်ခံပွဲလာသူများ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်တွင် အဝင်အထွက်ရှိနေခြင်း နှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးကျော်စိုးက ဆက်သွယ်မေးမြန်း ရာတွင် “ကျွန်တော် အဲဒါတွေ မသိဘူး။ နယ်ရောက်နေတာ” ဟု ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီဝင် ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစံကျော်ကလည်း “အဲဒါတွေကို တို့မသိဘူး။ အားလုံးဟာ ပြည်သူတွေပဲ။ ကိုယ်တို့မြင်တာတော့ ပြည်သူတွေပဲမြင်တာ။ ပါတီရုံးနဲ့မဆိုင်ဘူး။ လူတိုင်းပြောနေတာ ပါတီ ပါတီလျှောက်ပြောနေ တာ။ အကုန်လုံးက ပြည်သူတွေချည်းပဲ” ဟု ပြောသည်။ 

သို့သော် ယမန်နေ့ (ဖေဖော်ဝါရီ ၂၅) တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လျက်ရှိသော မီးရထားဝန်ထမ်းများကို ရန်ပြုတိုက်ခဲ့သော တပ်ထောက်ခံသူ ၁၈ ဦးကို ဖမ်းဆီးရမိခဲ့ရာ ပြည်ခိုင် ဖြိုးပါတီဝင်များ ပါဝင်နေကြောင်း အထောက်အထားများ တွေ့ရှိခဲ့ရသည်။

ထို့ပြင် အဆိုပါ ဖမ်းဆီးရမိသူများကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဆိုသူက လာရောက်ခေါ် ဆောင်သွားခဲ့သည်။ 

မီးရထားဝန်ထမ်းများကို ရန်ပြုတိုက်ခိုက်ခဲ့သော တပ်ထောက်ခံပွဲလာ ပြည်ခိုင်ဖြိုးပါတီ ဝင်အချို့။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၈၃ ရာခိင်နှုန်းအနိုင်ရရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ တွင် စစ်တပ်ကျောထောက်နောက်ခံ ပြုထားပြီး စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီက ၇ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့သည်။ 

ရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက် စစ်တပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့၏ ရွေးကောက်ပွဲရလဒ်အပေါ် ဆန့်ကျင်သော ထုတ်ပြန်ချက်များ၊ သတင်းစာရှင်းလင်းပွဲများ ဆက်တိုက်ကျင်းပခဲ့သည့်နည်းတူ  ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကန့်ကွက်ခြင်းနှင့် တပ်မတော်ကိုထောက်ခံပွဲများလည်း ဆက်တိုက်ဖြစ်ပွားခဲ့သည်။ 

Show More

Related Articles

Back to top button