အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်မတော်နှင့်အဖွဲ့အစည်းများ၏ Facebook နှင့် Instagram များ ရက်အကန့်အသတ်မရှိ အပိတ်ခံရ

တပ်မတော်နှင့် တပ်မတော်အောက်ရှိ အဖွဲ့အစည်းများ၏ Facebook နှင့်  Instagram (အင်စတာဂရမ်) တို့ကို ရက်အကန့်အသတ်မရှိ တားမြစ်ပိတ်ပင်လိုက်ကြောင်း Facebook မှ ယနေ့ ထုတ်ပြန်လိုက်သည်။ 

“ အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီ ၁ နောက်ပိုင်း လူသေဆုံးမှုတွေ ပါဝင်လာခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့်  ဒီတားမြစ်ပိတ်ပင်မှုကို လုပ်ဆောင်ရန်အတွက် လိုအပ်လာပါတယ်။ တပ်မတော်ကို Facebook နဲ့ Instagram မှာ ဆက်လက်ထားရှိစေဖို့ဆိုတာ အင်မတန်အန္တရာယ်များတဲ့ အခြေအနေတစ်ရပ်လို့ ယုံကြည်ပါတယ်” ဟု Facebook ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါ ဖယ်ရှားမှုတွင် တပ်မတော်နှင့် တပ်မတော်၏ တိုက်ရိုက်စီမံမှုရှိသည့် အစိုးရအဖွဲ့အစည်း၊ သတင်းနှင့်ပြန်ကြားရေးအဖွဲ့အစည်းများ ပါဝင်မည် ဖြစ်သည်။ 

ထို့ကြောင့်  ဆိုရှယ်လူမှုကွန်ရက် ပလက်ဖောင်းဖြစ်သော Facebook နှင့် Instagram တို့တွင် မြန်မာ့တပ်မတော်နှင့် သက်ဆိုင်သောအကြောင်းအရာများကို လုံးဝတွေ့မြင်ရမည် မဟုတ်တော့ပေ။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့ပြင် အဆိုပါ ပလက်ဖောင်းများ၌ တပ်မတော်၏ စီးပွားရေးလုပ်ငန်းများ ကြော်ငြာခွင့် ကိုလည်း ပိတ်ပင်လိုက်ကြောင်း ပါရှိသည်။ 

သို့ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနကဲ့သို့ အများပြည်သူဝန်ဆောင်မှု ပေးရသော အစိုးရဌာနအဖွဲ့အစည်းများ မပါဝင်ပေ။ 

ထိုသို့ မြန်မာ့တပ်မတော်နှင့်ဆိုင်သော အကြောင်းအရာများကို ဖယ်ရှားရန်  အချက် ၄ ချက်ပေါ် မူတည် ဆုံးဖြတ်ခဲ့သည်ဟု Facebook က ဆိုသည်။ 

တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် အကြမ်းဖက်မှုများ၊ တပ်မတော်၏ Facebook တွင် မျှဝေသည့်အကြောင်းအရာများသည် လူမှုအသိုင်းအဝိုင်းကာကွယ်ရန် ချမှန်ထားသည့် မူဝါဒများအား အကြိမ်ကြိမ် ချိုးဖောက်ခြင်း၊ ပုံမှန်မဟုတ်သည့် စုပေါင်းလှုံ့ဆော်မှု အပြုအမူ (CIB) ကွန်ရက်များ လှုပ်ရှားလာပြီး အကြမ်းဖက်မှုလှုံ့ဆော်ခြင်းနှင့် ထိခိုက်မှုဖြစ်အောင် ကြံစည်ခြင်း အစရှိသော Facebook စံနှုန်းများ ချိုးဖောက်ခြင်း တို့ကို တပ်မတော်အကောင့်များမှ တင်နေ၍ ဖယ်ရှားခဲ့ရခြင်း၊ အွန်လိုင်းမှာ ခြိမ်းခြောက်မှုများက ပြင်ပမှာပါ အန္တရာယ် ဖြစ်စေနိုင်ခြင်း  အစရှိသည့် အချက်  ၄ ချက်ကြောင့် ဖြစ်သည်ဟု ဆိုသည်။ 

အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁ နောက်ပိုင်းကတည်းက တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာ၊ MRTV နဲ့ MRTV Live စာမျက်နှာများကို သတ်မှတ်ထားသော စံနှုန်းများနှင့် မကိုက်ညီဘဲ အကြမ်းဖက်မှုများကို လှုံ့ဆော်သောကြောင့် ဖယ်ရှားခဲ့ကြောင်း Facebook ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ရဲတပ်ဖွဲ့ဝင်တို့သည်လည်း အင်အားသုံးဖြိုခွင်းမှုများ လုပ်ဆောင်နေသည်။ (ဓာတ်ပုံ- Myanmar Now)

ထို့ပြင် တပ်မတော်က စီမံထိန်းချုပ်နေသည့် စာမျက်နှာနှင့် အကောင့် ၂၃ ခု၏ အကြောင်းအရာများ ကို အသုံးပြုသူများ မြင်နိုင်မှု လျော့အောင် လုပ်ဆောင်ခဲ့ကြောင်း ပါရှိသည်။ 

အမေရိကန်အခြေစိုက် အဖွဲ့တစ်ခုဖြစ်သော Business for Social Responsibility (BSR) အဖွဲ့က Facebook သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေရေးအတွက် အားပေးသည့် နေရာတစ်ခု ဖြစ်နေသည်ဟု ၆၂ မျက်နှာပါ အစီရင်ခံစာတစ်စောင် ၂၀၁၈ တွင် ပေါ်ထွက်လာခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တပ်မတော်နှင့်ပတ်သက်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် အစရှိသော ၂၀ ကျော်ကို လူ့အခွင့်အရေး ချိုးဖောက်မှုဖြင့် Facebook မှ ဖယ်ရှားခဲ့သည်။ 

၂၀၁၈ မှ ၂၀၂၀ အတွင်း ပုံမှန်မဟုတ်သည့် စုပေါင်းလှုံ့ဆော်မှု အပြုအမူ (CIB) ကွန်ရက် အနည်းဆုံး ၆ ခုကို ဖယ်ရှားခဲ့ကြောင်း Facebook က ဆိုသည်။ 

လတ်တလောတွင် မြန်မာနိုင်ငံ၌ Facebook,Instagram,Youtube,Twitter,Google အသုံးပြုမှုများ ပိတ်ပင်ခံထားရပြီး VPN ကဲ့သို့ တည်နေရာပြ ကြားခံအက်ပလီကေးရှင်းဖြင့် လူထုက သုံးစွဲနေရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button