
ယနေ့အချိန်အခါသည် မြန်မာ-တရုတ်ဆက်ဆံရေးအပေါ် အလေးအနက် ပြန်လည်သုံးသပ်ရန် အချိန်ဖြစ်သည်။
မကြာသေးခင်က တရုတ်အစိုးရ၏ ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုလာခဲ့သော စစ်ကောင်စီဖက် ရပ်တည်ချက်က တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် ကြီးမားသော နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပြီး၊ ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအမှားအတွက် တရုတ်အစိုးရသည် အဓိကတာဝန်ရှိသူ ဖြစ်လာပါလိမ့်မည်။
တရုတ်အစိုးရ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) အပေါ် ဆန့်ကျင်သော ရပ်တည်ချက်နှင့် စစ်ကောင်စီကို ထောက်ခံအားပေးကူညီမည့် ရပ်တည်ချက် ထွက်ပေါ်လာပြီး နောက် တရုတ်ခေါင်းဆောင်များသည် မြန်မာ့အခြေအနေကို မှန်ကန်စွာ သုံးသပ်နိုင်ခြင်း မရှိ၊ မြန်မာပြည်သူ များ၏ဆန္ဒသဘောထားကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်ခြင်းမရှိ၊ တရုတ်ဆန့်ကျင်ရေးနှင့် တရုတ် အကျိုးစီးပွားကို ခြိမ်းခြောက်နေသည်မှာ စစ်ခေါင်းဆောင်များသာ ဖြစ်သည်ကို မသိမြင်လေရော့လား စသည့် စိတ်ပျက်လက်ပျက် ဝေဖန်သံများ ထွက်ပေါ်လာပါသည်။
ထို့အတူ တရုတ်၏ဖိအားများကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့ပြီး၊ ယနေ့အထိ စစ်ရေးအောင်ပွဲအလီလီ ရရှိနေသော ညီနောင်မဟာမိတ် ၃ဖွဲ့ (ကိုးကန့် MNDAA ၊ တအာင်း TNLA နှင့် အာရက္ခ တပ်တော် AA) နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့၏ နိုင်ငံမြောက်ပိုင်း စစ်ဆင်ရေးကြီးများ လုံးဝ ရပ်တန့်သွားတော့မည်လားဟု စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ဆန္ဒပြင်းပြနေသော မြန်မာပြည်သူ များအကြား စိုးရိမ်သံများလည်း ထွက်ပေါ်လာပါသည်။
သို့ဖြစ်ရာ မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်အပေါ် တရုတ်နိုင်ငံသည် ဤမျှ ဩဇာလွှမ်းမိုး ချုပ်ကိုင်နေရော့သလား၊ အိမ်နီးချင်း အင်အားကြီးနိုင်ငံက မြန်မာ ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုပြီး ကိုယ့်ပြည်သူကို သတ်ဖြတ်နှိပ်စက်နေသော စစ်ကောင်စီကို ပြောင်ပြောင် တင်းတင်း ထောက်ခံလျက် မြန်မာ့အရေး ဝင်ရောက်စွက်ဖက်လာမှုအပေါ် တိုင်းရင်းသားပေါင်းစုံပါဝင်သော တော်လှန်ရေးအင်အားစုများအကြား တိကျပြတ်သားစွာ ဆန့်ကျင်သော မူဝါဒဖြင့် တရားဝင် တုန့်ပြန်ချက်မျိုး မရှိသင့်ဘူးလား ဟု မေးခွန်းများလည်း ထွက်ပေါ်လာပါသည်။
အထူးသဖြင့် ယခုနှစ် ဇန်နဝါရီလတွင် မြန်မာပြည်သူများကိုကိုယ်စားပြုသော အစိုးရတစ်ရပ်အဖြစ် စစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်းရေး ဦးဆောင်တော်လှန်နေသော NUG သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်း တည်ဆောက်လိုသည့် ၎င်း၏ဆန္ဒ၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည် ဟု ကတိကဝတ်များပါဝင်သော “တရုတ်နိုင်ငံဆိုင်ရာ မူဝါဒ” ကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါလျက်၊ တရုတ်နိုင်ငံ၏ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်မှုများက ကုလသမဂ္ဂပဋိညာဥ်စာတမ်းအပါအဝင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်း ရေးကို ဝင်ရောက်မစွက်ဖက်ရေး ဆိုသည့် ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒကိုပါ တရုတ်ခေါင်းဆောင်များက မလေးမစား မှောက်ချီလှန်ချီလုပ်၍ ချိုးဖောက်နေပုံကို ထောက်ပြဝေဖန်သော ကြေညာချက်မျိုး မထုတ်ပြန်သင့်ဘူး လား ဟု မေးခွန်းများ ရှိလာပါသည်။

မူဝါဒ မျက်နှာစာ နှစ်ဖက်
မြန်မာ-တရုတ်ဆက်ဆံရေးကို ပြန်လည်ဆန်းစစ်ကြည့်သည့်အခါ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒတွင် အဓိက နှစ်ပိုင်းရှိကြောင်း လေ့လာတွေ့ရှိရသည်။ ပထမအပိုင်းမှာ “လက်ငင်းအကျိုး စီးပွားကြည့်မူဝါဒ” ဖြစ်ပြီး၊ ကီလိုမီတာ ထောင်နှင့်ချီသော မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် တည်ငြိမ်ရေး နှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖြင့် တရုတ်အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရေး မူဝါဒ ဖြစ်သည်။
ဒုတိယအပိုင်းမှာ “ရေရှည်အကျိုး စီးပွားကြည့်မူဝါဒ” ဖြစ်ပြီး နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေး၊ ယဥ်ကျေးမှုနှင့် ဘာသာရေး နယ်ပယ်ပေါင်းစုံ လွှမ်းခြုံပါဝင်သော မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး ထူထောင်၍ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် မဟာမိတ်များအဖြစ် ပူးပေါင်း ဆောင်ရွက်ရေး ဖြစ်သည်။
တနည်းအားဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုနှင့် အားပြိုင်ရန် ကြိုးပမ်းရာတွင် တရုတ်သည် ဒေသတွင်း ပထဝီနိုင်ငံရေး ဩဇာလွှမ်မိုးမှု ထူထောင်ရာ၌ မြန်မာကဲ့သို့ အိန္ဒိယသမုဒ္ဒရာအရှေ့ဘက်အခြမ်းကို မျက်နှာမူထားသော နိုင်ငံငယ်၏ မဟာဗျူဟာကျမှုကို အသုံးချရန် မြန်မာ ကို ၎င်း၏ဩဇာခံနိုင်ငံငယ်အဖြစ် ကျုံးသွင်းဆက်ဆံနေသော တရုတ်ခေါင်းဆောင်များ၏ အပြုအမူက တဖြည်းဖြည်းသိသာထင်ရှားလာပေသည်။
တရုတ်၏ လက်ငင်းအကျိုးစီးပွားကြည့် မူဝါဒသည် ယူနန်ပြည်နယ်အကျိုးစီးပွားနှင့် တိုက်ရိုက်ချိတ်ဆက်ထား ပြီး၊ မြန်မာ-တရုတ်ဆက်ဆံရေးတွင် ယူနန်အစိုးရ၏ အရေးပါသောအခန်းကဏ္ဍသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ရေရှည်အကျိုးစီးပွားကြည့် မူဝါဒသည် ဘေကျင်းရှိ တရုတ်အစိုးရ၏ မြန်မာ နိုင်ငံဆိုင်ရာမူဝါဒ တစ်စုံလုံးကို ကိုင်တွယ်ဆုံးဖြတ်သည့် နယ်ပယ်အဖြစ် ယေဘုယျ ရှုမြင်နိုင်ပါသည်။
ထိုမူဝါဒနှစ်ခုကို ဟန်ချက်ညီအကောင်အထည်ဖော်ရာတွင် တရုတ်အစိုးရသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေ သော အခြေအနေကိုလိုက်၍ နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များတွင် ယူနန် ပြည်နယ်အစိုးရမှတစ်ဆင့် အဓိကထား ကိုင်တွယ်လေ့ရှိပြီး၊ နယ်စပ်လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် မြန်မာနိုင်ငံ အတွင်းက တရုတ်၏ မဟာဗျူဟာမြောက် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များတွင် ဘေကျင်းရှိ တရုတ်အစိုးရက အလေးထားကိုင်တွယ်တတ်သည်ကို လေ့လာတွေ့ရှိရသည်။

ကွန်မြူနစ်တရုတ်အစိုးရသည် ပြည်နယ်အစိုးရများကို လုပ်ပိုင်ခွင့်အာဏာ ခွဲဝေပေးထားသော်လည်း၊ ပြည်နယ် အစိုးရ မူဝါဒတိုင်းသည် ဗဟိုရှိဘေကျင်းအစိုးရ၏ မူဝါဒများနှင့် ဆန့်ကျင်၍မရ၊ ထပ်တူအကောင်အထည်ဖော်ရ သဖြင့်၊ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနယ်ပယ်နှစ်ရပ်လုံးကို ကိုင်တွယ်ရာတွင် ဘေကျင်းအစိုးရနှင့် ယူနန်ပြည်နယ် အစိုးရတို့အကြား တာဝန်ခွဲဝေမှုသာရှိပြီး၊ ကွဲပြားမှုမရှိပါ။
ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ မဟာဗျူဟာမြောက်စီမံကိန်းများကို ပထဝီနိုင်ငံရေးမူဝါဒများနှင့် ချိတ်ဆက်ထားခြင်းကြောင့် ဘေကျင်းအစိုးရကသာ အဓိကကိုင်တွယ်ဆုံးဖြတ်သည့် မူဝါဒနယ်ပယ် ဖြစ်သည်။ သို့သော် ဘေကျင်းအစိုးရသည် ယူနန်အစိုးရ၏ သဘောထားကို အလေးထား ထည့်သွင်းစဥ်းစား ဆုံးဖြတ်လေ့ရှိ သည်ကို လေ့လာတွေ့ရှိရသည်။
ဥပမာ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးစီမံကိန်းကို ဘေကျင်းအစိုးရက စတင်စဥ်းစားခဲ့ခြင်း မဟုတ်ပါ။ ယူနန်တက္ကသိုလ်မှ ပါမောက္ခသုံးဦး ၏ ကနဦးလေ့လာချက်မှ ဖြစ်ပေါ်လာသော ထိုစီမံကိန်းကို ယူနန်အစိုးရက ဘေကျင်းအစိုးရထံ ထပ်ဆင့်တင်ပြခဲ့ရာမှ စီမံကိန်း အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုစီမံကိန်းကို ၂၀၁၃ ခုနှစ်မှ တရုတ်သမ္မတ ရှီကျင့်ဖျင် တရားဝင်ကြေညာခဲ့သော ပိုးလမ်းမရပ်ဝန်းနှင့် လမ်းကြောင်း (BRI) စီမံကိန်းမတိုင်မီ လေးနှစ်ခန့်စော၍ အကောင်အထည်ဖော်ခဲ့သော်လည်း၊ ယခုအခါ တရုတ်-မြန်မာ ပူးတွဲအကောင်အထည်ဖော်မည့် BRI စီမံကိန်းများ၏ ဦးဆောင်စီမံကိန်း (Flagship Project) အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်။ ထို့အပြင် စစ်ကိုင်းတိုင်းမုံရွာရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် မကြာသေးမီက NUG လက်အောက်ခံ PDF များ ထိန်းချုပ်မှုအောက် ရောက်ရှိသွားသော တကောင်းတောင် နီကယ်စီမံကိန်းတို့သည် တရုတ်၏ မြန်မာနိုင်ငံရှိ မဟာဗျူဟာစီမံကိန်းများတွင် ပါဝင်သည်။
ဤနေရာတွင် စာရေးသူ ယူနန်ပြည်နယ်အခြေစိုက် တက္ကသိုလ်နှင့် သုတေသနအင်စတီကျုများမှ တရုတ် ပညာရှင်များနှင့် ထိတွေ့ဆက်ဆံခဲ့သော ကိုယ်တိုင်အတွေ့အကြုံအရ ၎င်းတို့၏ တရုတ်-မြန်မာဆက်ဆံရေး အပေါ် ရှုမြင်ပုံမှာ မြန်မာအစိုးရဘက်မှ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အဆင့်ပုဂ္ဂိုလ်မဆို ယူနန်ပြည်နယ်နှင့် ကနဦးဆွေးနွေးညှိနှိုင်းပြီးမှသာ ဘေကျင်းရှိ တရုတ်အစိုးရနှင့် ဆက်လက်ဆွေးနွေးသင့်သည် ဆိုသည့် သဘောထားများ ရှိကြကြောင်း လေ့လာတွေ့ရှိရသည်။
အလားတူ တရုတ်နိုင်ငံ၏ အခြား ကုန်းတွင်းပိတ်ပြည်နယ်များသည် ယူနန်ပြည်နယ်ကို ကျော်၍ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ဆက်သွယ်ဆက်ဆံခြင်းကို မလိုလားကြပါ။ ယူနန်ပြည်နယ်အစိုးရနှင့် ပထမဆုံး ဆွေးနွေးညှိနှိုင်း ရမည် ဆိုသည့် သဘောထားရှိကြသည်။

ထိုသဘောထားသည် ပညာရှင်များ၏ သဘောထားသက်သက်မျှမဟုတ်ဘဲ ယူနန်အစိုးရ၏သဘောထားကို ထင်ဟပ်ခြင်း ဟု ယူဆပါသည်။ တနည်းအားဖြင့် ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆက်ဆံရေး တံခါးပေါက် (Gateway) ဖြစ်ပြီး၊ ယူနန်ပြည်နယ်ကိုကျော်၍ ဘေကျင်းအစိုးရနှင့် သော်လည်းကောင်း၊ အခြား ပြည်နယ်များနှင့် သော်လည်းကောင်း တိုက်ရိုက်ဆက်ဆံခြင်းကို မကြိုက်သော အထက်စီးဆန်သည့် သဘော ထား ဖြစ်သည်။
ထိုသဘောထားများ၏ ရောင်ပြန်ဟပ်မှုဟု ယူဆပါသည်။ တရုတ်အစိုးရသည် မြန်မာနိုင်ငံကို ယူနန်ပြည်နယ် အဆင့်နှင့်သာ တန်းတူထားဆက်ဆံသည့် တစ်ဆင့်နိမ့် သံတမန်ဆက်ဆံရေး သို့မဟုတ် လက်အောက်ခံ အိမ်နီးချင်းနိုင်ငံငယ်အဖြစ် သဘောထားသည့် ဆက်ဆံရေးကိုသာ ကျင့်သုံးသည်ဟု လက်တွေ့ မြန်မာ-တရုတ် ဆက်ဆံရေးကို စောင့်ကြည့်လေ့လာသူများက မကြာခဏ မကြေမနပ် ဝေဖန်ပြောဆိုလေ့ ရှိကြသည်။
သို့ရာတွင် မြန်မာ-တရုတ်ဆက်ဆံရေးကို ပြင်ဆင်မည်ဆိုပါက မကျေမနပ် ဖြစ်နေရုံမျှဖြင့် မပြီးဘဲ၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေး ကြိုးပမ်းမှုဖြစ်စဥ်တွင် လက်ရှိ တော်လှန်ရေးအင်အားစု အသီးသီး အကြား လက်တွေ့ကျသော စဥ်းစားပြင်ဆင်မှုများ စတင်လုပ်ဆောင်သင့်ပါသည်။
သံတမန်ဆက်ဆံရေး ပုံသဏ္ဌာန်ကွဲပြားမှု
အာဏာရှင်ဟောင်း ဦးနေဝင်း၏ ဆိုရှယ်လစ်ခေတ်တွင် မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများအကြား တရားဝင် နယ်စပ်ကုန်သွယ်ရေးစနစ် မရှိပါ။ သို့သော် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများ ထိုင်းနှင့် တရုတ်နယ်စပ်ဒေသ များတွင် ရှိနေပြီး၊ ယင်းကို ဆိုရှယ်လစ်အစိုးရက မှောင်ခိုစီးပွားရေးအဖြစ်သတ်မှတ်ကာ ဖမ်းဆီးနှိမ်နှင်းမှုများပင် ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ထိုစဥ်က မြန်မာအစိုးရနှင့် ယူနန်ပြည်နယ်အဆင့် အစိုးရအကြား တရားဝင် ဆက်ဆံရေး မရှိသလောက်ဟု ဆိုရပါလိမ့်မည်။ ဘေကျင်းအစိုးရနှင့် တိုက်ရိုက် ဆက်ဆံရေးသာ ရှိခဲ့သည်။
သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အာဏာရှင်ဟောင်း သန်းရွှေလက်ထက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်လာပြီး၊ ယူနန်ပြည်နယ်၏အခန်းကဏ္ဍ ပေါ်ထွက်လာခဲ့သလို နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပုံသဏ္ဌာန် ကွဲပြားခြားနားချက်များကို စတင် တွေ့မြင်လာရသည်။
ယခင်စစ်အစိုးရ ခေါင်းဆောင်များ၏ တရုတ်နိုင်ငံခရီးစဥ်တိုင်းကို တရုတ်အစိုးရဘက်က လက်ခံစီစဥ်ရာတွင် ယူနန်ပြည်နယ်အစိုးရနှင့် ပထမဆုံးတွေ့ဆုံပြီးမှသာ ဘေကျင်းသို့ ခရီးဆက်ပြီး တရုတ်အစိုးရခေါင်းဆောင်များ နှင့် တွေ့ဆုံရသည့် အစဥ်အလာကို တရုတ်အစိုးရဘက်က စတင်ကျင့်သုံးခဲ့သည်ကို လေ့လာတွေ့ရှိရသည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ပေါ်ပေါက်လာသော ရွေးကောက်ခံအစိုးရလက်ထက် ရောက်လာသည့်အခါ တရုတ်အစိုးရခေါင်းဆောင်များသည် စစ်အစိုးရလက်ထက် အစဥ်အလာအတိုင်း ဆက်လက်ကျင့်သုံးကြသည်။ သို့သော် တရုတ်ခေါင်းဆောင်များ၏ မြန်မာနိုင်ငံခရီးစဥ်များတွင် ကချင် သို့မဟုတ် ရှမ်းပြည်နယ်သို့ ဦးစွာ သွားရောက်လည်ပတ်ခြင်း၊ ပြည်နယ်အစိုးရနှင့် တွေ့ဆုံခြင်းမျိုး မရှိဘဲ၊ နေပြည်တော်ရှိ မြန်မာအစိုးရ အကြီး အကဲများနှင့် တွေ့ဆုံသည့် အစဥ်အလာသာ ရှိခဲ့သည်။
ထို့အတူ ဘေကျင်းအစိုးရအတိုင်း ယူနန်ပြည်နယ်အစိုးရအဆင့် ခေါင်းဆောင်များ မြန်မာနိုင်ငံသို့လာသည့်အခါ ကချင် သို့မဟုတ် ရှမ်း ပြည်နယ်အစိုးရများနှင့် ဦးစွာတွေ့ဆုံမှုမျိုးမလုပ်ဘဲ နေပြည်တော်သို့ တိုက်ရိုက်လာ ရောက် တွေ့ဆုံလေ့ရှိသည်။
ထိုဖြစ်စဥ်များကို အုပ်ချုပ်ရေးအာဏာခွဲဝေမှု ရှုထောင့်မှကြည့်လျှင် တရုတ်အစိုးရသည် ကွန်မြူနစ်အာဏာရှင် အစိုးရ ဖြစ်သော်လည်း၊ ပြည်နယ်အစိုးရများကို အုပ်ချုပ်မှုအာဏာ ခွဲဝေအပ်နှင်းရာ၌ နိုင်ငံတကာဆက်ဆံရေး ကဏ္ဍပါ ပါဝင်သည်။

ထို့ကြောင့် တရုတ်နိုင်ငံ၏ ပြည်နယ်အစိုးရဖွဲ့စည်းပုံတွင် နိုင်ငံခြားရေးဌာနများ ပါဝင် ဖွဲ့စည်းထားမှုကို တွေ့မြင် ရသည်။ ထို့အချက်က တရုတ်-မြန်မာဆက်ဆံရေးတွင် ယူနန်ပြည်နယ်အစိုးရသည် နေပြည်တော်အစိုးရနှင့် ဆက်သွယ်ဆက်ဆံမှုများ ပြုလုပ်ခွင့်ရှိနေပြီး၊ နေပြည်တော်အစိုးရအကြီးအကဲများ တရုတ်နိုင်ငံခရီးစဥ်တိုင်း ယူနန်ပြည်နယ်အစိုးရနှင့် ဦးစွာတွေ့ဆုံရသည့်အစဥ်အလာက ဘေကျင်းအစိုးရ၏ ပါးနပ်သည့် ဆောင်ရွက်ချက် ဖြစ်သည်။
တစ်ဖက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတကာဆက်ဆံရေးကို နေပြည်တော်ရှိ ဗဟိုအစိုးရကသာ ချုပ်ကိုင်သောစနစ် ကျင့်သုံးသဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများတွင် နိုင်ငံခြားရေးဌာန ပါဝင်ခြင်း မရှိပါ။ ထို့ကြောင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများမှ အစိုးရများ၏ မြန်မာနိုင်ငံခရီးစဥ်များကို နေပြည် တော် နိုင်ငံခြားရေးဝန်ကြီးဌာနကသာ တိုက်ရိုက်ကိုင်တွယ်ပြီး၊ တရုတ်နှင့် နယ်စပ်ထိစပ်နေသော ပြည်နယ် အစိုးရများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများကို မမြင်တွေ့ရခြင်း ဖြစ်သည်။
တနည်းအားဖြင့် တရုတ်ဖက်က မြန်မာနှင့်ဆက်ဆံရာတွင် နေပြည်တော်နှင့်သာ တိုက်ရိုက်ဆက်ဆံပြီး၊ မြန်မာ ဖက်က တရုတ်နှင့်ဆက်ဆံရာတွင် ယူနန်အစိုးရနှင့် ဘေကျင်းအစိုးရ ဟူ၍ နှစ်ဆင့် ဆက်ဆံရေး လုပ်ဆောင်ရ ခြင်းမှာ နှစ်နိုင်ငံ၏ အုပ်ချုပ်ပုံစနစ်နှင့် အာဏာခွဲဝေမှုစနစ် မတူညီခြင်းက အဓိကအကြောင်းရင်း တစ်ခုအဖြစ် တွေ့ရှိရသည်။

အိမ်နီးချင်းအင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးပြင်ဆင်ရန် လိုအပ်ချက်
ဤသို့ သံတမန်ဆက်ဆံရေး ပုံသဏ္ဌာန်ကွဲပြားမှုကို လေ့လာတင်ပြရခြင်းမှာ ယခုအခါ NUG နှင့် တော်လှန်ရေး အင်အားစုများ၏ “ဖက်ဒရယ် ဒီမိုကရေစီ စနစ်” တည်ဆောက်ရေး ကြိုးပမ်တိုက်ပွဲဝင်လျက်ရှိသော ကာလ ကတည်းက စဥ်းစားလုပ်ဆောင်သင့်သော အချက်များကို အကြံပြုလို၍ ဖြစ်သည်။
ယခုအခါ NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့အပါအဝင် တော်လှန်ရေးအင်အားစုများ သည် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (Transitional Constitution) ရေးဆွဲရေး ဆွေးနွေး မှုများ စဥ်ဆက်မပြတ် လုပ်ဆောင်နေသည်ဟု ကြားသိရသည်။
ထိုလုပ်ငန်းစဥ်တွင် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့် အရေးကိစ္စရပ်များတွင် အိမ်နီးချင်း အင်အား ကြီး တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ ဗဟိုနှင့် ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေကျင့်သုံးမှု ပုံသဏ္ဌာန်များကို လေ့လာပြီး၊ အထက်က တင်ပြခဲ့သော လက်ရှိဖြစ်ပေါ်နေသော မြန်မာ-တရုတ်ဆက်ဆံရေးကိုပါ လေ့လာ သုံးသပ်လျက် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအဆင့်တွင် နိုင်ငံခြားဆက်ဆံရေးဌာနများ ထူထောင်ရန် လိုအပ် ချက်နှင့် ထိုဌာနများနှင့် ဗဟိုအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနအကြား အာဏာခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆွေးနွေးရန် လိုပါလိမ့်မည်။
တနည်းအားဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်အောက်တွင် တရုတ်နယ်စပ်နှင့်ထိစပ်နေ သော ကချင်နှင့် ရှမ်းပြည်နယ်များ၏ ပြည်နယ်အစိုးရများကို ယူနန်ပြည်နယ်အစိုးရနှင့် တန်းတူဆက်ဆံရေး ထားရှိပြီး၊ ယူနန်ပြည်နယ်နှင့် တိုက်ရိုက်ဆက်သွယ်လုပ်ဆောင်ရန် နိုင်ငံခြားရေးဌာနများထားရှိ ပြင်ဆင်သင့် သည်။ ထို့အတွက် ကချင်နှင့် ရှမ်းပြည်နယ် ပြည်သူများ၏ ထောက်ခံမှုပါသော အစိုးရအသီးသီး ပေါ်ပေါက်လာ ရန် လိုအပ်ချက်သည် ပထမ ဖြစ်ပေလိမ့်မည်။
အလားတူ အိန္ဒိယနှင့် နယ်စပ်ချင်းထိစပ်နေသော ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအဆင့် အစိုးရများတွင်လည်း မီဇိုရမ်၊ မဏိပူပြည်နယ်အစိုးရများနှင့် ဆက်သွယ်ဆောင်ရွက်ရန် နိုင်ငံခြားရေးဌာနများ ထားရှိသင့်သည်။ သို့မှသာ အိမ်နီးချင်းအင်အားကြီး တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် ဗဟိုအစိုးရအချင်းချင်း သို့မဟုတ် ပြည်နယ်အစိုးရအချင်းချင်း တန်းတူဆက်ဆံရေးကို ပြင်ဆင်ဖော်ဆောင်နိုင်မည် ဖြစ်သည်။
လတ်တလော တော်လှန်ရေးကာလအတွင်း၌ပင် တိုင်းရင်းသားတော်လှန်ရေးအင်အားစု အသီးသီးအကြား အမြော်အမြင်ရှိစွာဖြင့် စုစည်းညီညွတ်မှုကို ရယူလျက် ပြည်နယ်အစိုးရများ ပေါ်ပေါက်လာစေရန် ကြိုးပမ်းသင့် ပြီး၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာပြည်နယ်အတွင်းရှိ ပြည်သူလူထု၏ ထောက်ခံမှု၊ အင်အားစုအသီးသီး ၏ ထောက်ခံမှုဖြင့် ပြည်သူ့တရားဝင်မှု (Public Legitimacy) ရယူရန် အရေးကြီးလှပေသည်။
ထိုသို့မဟုတ်ဘဲ စစ်ရေးအရ ပြည်နယ်အတွင်း အဓိက အင်အားစုကြီးဖြစ်ရုံမျှ၊ နယ်မြေများ သိမ်းပိုက်ထိန်းချုပ် ထားရုံမျှဖြင့် ပြည်နယ်အစိုးရဖွဲ့စည်းမည်ဆိုလျှင် Public Legitimacy မပါသော ပြည်နယ်အဆင့် စစ်အစိုးရ ပုံသဏ္ဌာန်မျိုး (State-level Military Regime) သာ ဖြစ်လာပါလိမ့်မည်။ ထိုအချက်ကို တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ သတိပြု ရှောင်ကျဥ်ရမည် ဖြစ်သည်။
သို့မဟုတ်ပါက ဗမာလူမျိုးကြီးဝါဒ ချုပ်ငြိမ်းရေး နှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ကြွေးကြော်သံ ဖြင့် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲပြီး၊ ဒေသန္တရစစ်အစိုးရများ ပြန်လည်ထူထောင်သည့် အဆိုးသံသရာ တစ်ပတ်ပြန်လည်ရုံသာ ရှိပေတော့မည်။

တရုတ်စွက်ဖက်မှုကို ခုခံရန် စစ်ရေးမဟာမိတ်ဖွဲ့မှုကိုကျော်လွန်သော နိုင်ငံရေးညီညွတ်မှုလိုအပ်
တော်လှန်ရေးကာလ လေးနှစ်မြောက်ထဲ ချင်းနင်းဝင်ရောက်လာချိန်တွင် တရုတ်နိုင်ငံ၏ စစ်ကောင်စီဘက်မှ အတိ အလင်း ရပ်တည်ချက်ကို လျှော့မတွက်သင့်ပါ။ တရုတ်ခေါင်းဆောင်များသည် အဖက်ဖက်မှ ရရှိထားသော သတင်းအချက်အလက်များအပေါ်အခြေခံ၍ မဟာဗျူဟာစဥ်းစားတွက်ချက်မှုများ လုပ်ပြီးမှ စစ်ကောင်စီဘက် ရပ်တည်ချက်ကို တိုး၍ လုပ်ဆောင်လာခြင်းဖြစ်သည်။
ယခုအခါ တရုတ်အစိုးရသည် ကချင်နှင့် ရှမ်းပြည်နယ်ရှိ ၎င်းတို့၏နယ်စပ်ဂိတ်များကို ပိတ်ဆို့ပြီး၊ KIA, MNDAA နှင့် TNLA တို့ကို ဖိအားပေးလုပ်ဆောင်လာပြီ ဖြစ်သည်။ တရုတ်အစိုးရ၏ ထိုလုပ်ဆောင်ချက်သည် ယူနန်ပြည် နယ်၏ အကျိုးစီးပွားကိုလည်း တန်ပြန်ထိခိုက်မှုများ များစွာရှိပါလိမ့်မည်။
သို့သော် တရုတ်ခေါင်းဆောင်များ သည် ၎င်းတို့၏ဖိအားကို မခံနိုင်၍ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ အချိန်တိုအတွင်း တရုတ်အလိုကျ လိုက်ပါဆောင်ရွက်လာလိမ့်မည်ဟု မျှော်လင့်ထားပုံရသည်မှာ ထင်ရှား ပါသည်။ ထိုသို့မဟုတ်ဘဲ နယ်စပ်ဂိတ်များ ပိတ်ထားမှုသည် ရေရှည်ဖြစ်သွားပါက ယူနန်ပြည်နယ်အကျိုးစီးပွား ထိခိုက်မှုသည် ဘေကျင်းအစိုးရခေါင်းဆောင်များ မခန့်မှန်းနိုင်အောင် ကြီးမားသွားပါလိမ့်မည်။
ထိုအချိန်ထိ တရုတ်အစိုးရ၏ဖိအားကို တစ်ဖွဲ့ချင်း ရင်ဆိုင်ခြင်းမျိုးမဟုတ်ဘဲ၊ တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး လက်ချင်းချိတ်၍ ရင်ဆိုင်မည်ဆိုလျှင် တရုတ်ဖိအားကို သေချာ ပေါက် ကျော်လွှားနိုင်မှာဖြစ်ပြီး၊ သို့မှသာ အင်အားကြီးတိုင်း အနိုင်ကျင့်ဗိုလ်ကျခွင့်မရှိဆိုသည့် ကြီးမားသော သင်ခန်းစာကို တရုတ်ခေါင်းဆောင်များအား ပြန်လည်ပေးအပ်နိုင်ပေလိမ့်မည်။

နိဂုံးချုပ်အနေဖြင့် တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ် ဖွဲ့ဖြင့် စုစည်းထားသော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (Federal Political Negotiation and Consultative Committee – FPNCC) သည် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အစိုးရနှင့်ဆွေးနွေးညှိနှိုင်းရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့သော်လည်း၊ လက်ရှိ တရုတ်နယ်စပ်တွင် ကြုံတွေ့ နေရသော အခြေအနေများအရ တရုတ်ဖိအားကို ခုခံရင်ဆိုင်ရန် စုစည်းညီညွတ်စွာ ဆွေးနွေးညှိနှိုင်းမည့် ယန္တရားအဖြစ် ပြောင်းလဲကျင့်သုံးသင့်ချိန် ရောက်နေပြီး၊ မြန်မာ့သမိုင်းတွင် မဖြစ်ပေါ်ဖူးသော သမိုင်းသစ်ကို အတူတကွ ရေးထိုးရန် အခွင့်အလမ်းကြီး ၎င်းတို့လက်ထဲ ရောက်ရှိနေပြီ ဖြစ်သည်။ အသုံးချရန်သာ လိုသည်။
၁၉၈၈ ခုနှစ်မှ စတင်ခဲ့သော မြန်မာ-တရုတ်နယ်စပ် အပြောင်းအလဲများနှင့်အတူ ပေါ်ပေါက်လာသော မြန်မာ- တရုတ်ဆက်ဆံရေးကို ပြင်ဆင်နိုင်ခွင့်သည် မြန်မာသမိုင်းတွင် တစ်ကြိမ် တစ်ခါမျှ မပေါ်ပေါက်ဖူးသေးသော အခွင့်အလမ်းသစ် ပေါ်ပေါက်နေပြီဖြစ်သည်။
ထိုအခွင့်အလမ်းသစ်ကို တစ်စိတ်တစ်ပိုင်း အသုံးချခြင်းမျိုးထက်၊ တစ်စုံလုံး ရယူအသုံးချရန် ပြင်ဆင်သင့်ပြီး၊ ယခုအချိန်သည် NUG နှင့် FPNCC အကြား နိုင်ငံရေးအရ စတင်တွေ့ဆုံညှိနှိုင်းရန် အကောင်းဆုံးအချိန်ဖြစ်ပြီး၊ အဆိုပါ သမိုင်းစာမျက်နှာကို ဖွင့်လှစ်လိုက်နိုင်လျှင် စစ်ကောင်စီကိုသာမက၊ ၎င်းကို ကျောထောက်နောက်ခံပေးရန် ခြေလှမ်းပြင်ဆင်လာသော တရုတ်အစိုးရကိုပါ တစ်ပြိုင်နက်ထဲ ထိထိရောက်ရောက် တုံ့ပြန်လိုက်နိုင်ခြင်း ဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ရပါသည်။