စစ်ကောင်စီက အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲသို့ ဩဇာကြီးသော ပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။
ရွေးကောက်ပွဲကော်မရှင်၏ ဖိတ်ခေါ်မှုကို တက်ရောက်ခြင်းမပြုရန် ယနေ့ (ဖေဖော်ဝါရီ၂၄)တွင် ပြုလုပ်သည့် SNLDပါတီ ဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်လာသည့် ဗဟိုကော်မတီဝင်အားလုံး၏ ဆုံးဖြတ်ချက်အရ တွေ့ဆုံပွဲ မတက်ရောက်နိုင်ကြောင်း ဖုန်းဆက်ပြီး ငြင်းပယ်လိုက်သည်ဟု ပါတီအထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောသည်။
“ အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ဆောင်ပြုမူချက်တွေဟာ ကျွန်တော်တို့ SNLDရဲ့ နိုင်ငံရပ်တည်ချက်၊ နိုင်ငံရေးမျှော်မှန်းချက်နဲ့ ကွဲလွဲဆန့်ကျင်နေတယ်။ အဲဒါကြောင့်လည်း သူတို့ဖွဲ့စည်းထားတဲ့ UECရဲ့ ဖိတ်ခေါ်ချက်ကို လက်မခံတာပါ။ သူတို့လုပ်တဲ့ကိစ္စတွေကို သပိတ်မှောက်တယ်။ လက်မခံဘူး” ဟု စိုင်းလိတ်က ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့ ကောင်စီအဖွဲ့ဝင်နှင့် အခြားအဆင့်ကောင်စီများတွင် ပါဝင်လာစေရန် SNLDထံ ကမ်းလှမ်းမှုများကိုလည်း SNLD ပါတီက ငြင်းပယ်လျက်ရှိသည်။
စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို နေပြည်တော်၌ လာမည့် ဖေဖော်ဝါရီ ၂၆ တွင် ပြုလုပ်မည်ဖြစ်သည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆမ်မြို့အခြေစိုက် တအာင်း (ပလောင်) အမျိုးသားပါတီကလည်း စစ်ကောင်စီလက်ဝေခံ ရွေးကောက်ပွဲကော်မရှင်၏ ဖိတ်ခေါ်မှုကို တက်ရောက်မည်မဟုတ်ကြောင်း Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့က ဒီမိုကရေစီအပေါ်အခြေခံထားတဲ့ ပါတီဖြစ်တဲ့အတွက် တစ်ဦး၊ တစ်ဖွဲ့ လူနည်းစုလေးနဲ့ လုပ်လို့မရဘူးလေဗျ။ ဗဟိုကော်မတီဝင်အားလုံး တွေ့ဆုံဆွေးနွေးပြီးမှ တစ်စုံတစ်ရာ ဆုံးဖြတ်လို့ရတာပါ”ဟု တအာင်း(ပလောင်) အမျိုးသားပါတီ အတွင်းရေးမှူး တာကျော်အောင်က Myanmar Now ကို ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့် လုပ်ဖော်ကိုင်ဖက်များ တည်ထောင်ထားသည့် ပြည်သူ့ပါတီ၊ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် စသည့် ပါတီတို့ကလည်း တက်ရောက်မည်မဟုတ်ကြောင်း အသိပေးကြေညာထားသည်။
ဗိုလ်ချုပ်မှူးကြီးကို ရွေးကောက်ပွဲမတိုင်ခင် သြဂုတ် ၁၄ ရက်နေ့က နေပြည်တော်တွင် သွားရောက်တွေ့ခဲ့သည့် ၃၄ ပါတီထဲမှ အများစုသည် မနက်ဖြန်တွေ့ဆုံပွဲသို့ တက်ရောက်မည်ဟု အများက ယူဆနေကြသည်။
ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီငယ် လေးခုကို ပေါင်း၍ ဖွဲ့စည်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ကလည်း တွေ့ဆုံပွဲ တက်ရောက်ရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။
ဖိတ်ခေါ်ချက်ကြောင့် KSPP သည် ယမန်နေ့က အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကျင်းပ၍ ဆွေးနွေးခဲ့ရာ ဗဟိုကော်မတီဝင် ၁၂ ဦးတက်ရောက်ခဲ့ပြီး ထက်ဝက်ဝက်ကျော်က တက်ရောက်ရန် ဆန္ဒပြုခဲ့သည်ဟု ပါတီ ဒုတိယဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်း ပြောသည်။
“ဗဟိုကော်မတီအစည်းအဝေးမှာ သွားဖို့ အဆိုတင်သွင်းတဲ့ဟာတွေရှိသလို မသွားဖို့ အဆိုတင်သူလည်း ရှိပါတယ်။ သွားဖို့ဆိုတဲ့ဟာ အများစုဖြစ်သွားတာပေါ့။ ကျွန်တော်တို့ သွားမယ်။ ဘာမှဆုံးဖြတ်ခွင့်မရှိဘူး။ ပါတီကို ပြန်အကြောင်းကြားပါလို့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်အနေနဲ့ကတော့ မသွားသင့်ဘူးဆိုတာ ပြောပေမဲ့ အများက သွားမယ်ဆိုတာကြောင့် ကျွန်တော့်အဆိုက မအောင်မြင်ခဲ့ပါဘူး”ဟု ကွမ်ဂေါင်အောင်ခမ်းက ဆိုသည်။
စစ်ကောင်စီအစည်းအဝေးသို့ တက်ရောက်လိုသော သူများကြောင့် ပါတီအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
ကျွန်တော်တို့ဟာ ပြည်သူလူထုနဲ့ တစ်သားတည်းဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ တိုင်းရင်းသားတွေ၊ ကချင်တွေရဲ့ လမ်းစဉ်၊ မူဝါဒတွေအတိုင်းပဲ သွားနေပါမယ်။ ဒီတွေ့ဆုံပွဲ သွားခြင်း၊ မသွားခြင်း ဆိုတာထက် အမြဲတမ်း ပြည်သူလူထုနဲ့ တစ်သားတည်းဖြစ်တယ်။ အာဏာသိမ်းတဲ့ဟာကို အသိအမှတ်ပြုတာ မဟုတ်ဘူးဆိုတာ ပြည်သူလူထုကို ပြောချင်ပါတယ်”ဟု ကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
KSPPသည် စစ်ကောင်စီအဖွဲ့နှင့် စစ်ကောင်စီက ဖွဲ့စည်းသော ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတို့တွင် ပါဝင်ရန် စစ်ကောင်စီက နှစ်ကြိမ်ကမ်းလှမ်းခံရသော ပါတီတစ်ခုဖြစ်သည်။ သို့သော် KSPPသည် စစ်အာဏာသိမ်းမှုအပေါ် အသိအမှတ်မပြုသဖြင့် စစ်ကောင်စီ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။
စစ်တပ်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရွေးကောက်ခံအစိုးရ အဖွဲ့ဝင်များကို ဖမ်းဆီး၍ အာဏာသိမ်းယူခဲ့ပြီးနောက် တစ်ရက်အကြာမှာပင် ရွေးကောက်ပွဲကော်မရှင်ကို အသစ်ဖွဲ့စည်းခဲ့သည်။
ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်နေသည့် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်သစ်သည် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် ပထမဆုံးအကြိမ် ဖိတ်ကြားခြင်းဖြစ်သည်။
အရင်က ဦးလှသိန်း ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်လက်ထက်က ကျင်းပခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့သည်။
သို့သော် ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုရှိသည်ဟု စွပ်စွဲအကြောင်းပြ၍ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းယူပြီးနောက် စစ်တပ်သည် ရွေးကောက်ပွဲတစ်နေရာမှ အနိုင်မရသော ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီ ခေါင်းဆောင်များနှင့် ပူးပေါင်းကာ စစ်ကောင်စီဖွဲ့စည်းလိုက်သလို ရွေးကောက်ပွဲကော်မရှင်ကိုလည်း အသစ်ဖွဲ့စည်းထားခြင်းဖြစ်သည်။
စစ်တပ်၏ အာဏာသိမ်းမှုကို နိုင်ငံတစ်ဝန်းတွင် ပြည်သူများက ဆန့်ကျင်ဆန္ဒပြလျက်ရှိသည်။ ရွေးကောက်ပွဲပြန်လုပ်မည့် အစီအစဉ်ကို လက်မခံနိုင်ကြောင်းလည်း ဆန္ဒပြသူတို့က ပြောသည်။