သတင်း

ပြင်ဦးလွင်အနီး တိုက်ပွဲဖြစ်၊ ရှမ်းပြည်နှင့် ကူးသန်းသွားလာမှုကို စစ်ကောင်စီ ကန့်သတ်

နောင်ချိုနှင့် စစ်တက္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင်ကြား စစ်တပ်က ထိုးစစ်ဆင်နေသလို ရွာများကိုလည်း ဗုံးကြဲနေသည်၊ ရှမ်းပြည်နယ်ဘက် ထွက်ခွာမည့် ယာဉ်များကိုလည်း အထူး စစ်ဆေးနေသည်။

ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းနယ်စပ်တိုက်ပွဲများ  ရက်သတ္တပတ်တစ်ပတ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေပြီး  စစ်ကောင်စီက  ရှမ်းပြည်နယ်ဘက်သို့ အရပ်သားများ ထွက်ခွာခွင့်ကို တင်းကျပ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်အကြား ကျေးရွာများတွင် တိုက်ပွဲပြန်ဖြစ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်ကလည်း အတည်ပြုသည်။

တအာင်းတပ် (TNLA) နှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ထိုရွာများတွင် စစ်ကောင်စီ၏ထိုးစစ် ရှိနေသည်၊  ယနေ့ (အောက်တိုဘာ ၂၁) နံနက်တွင်လည်း နောင်ချိုမြို့နယ် အုမ္မတီး၊ အုမ္မခါးရွာများအနီးတွင် စစ်ကြောင်းထိုးနေသည်ဟုဆိုသည်။

“စစ်တပ်က မြေပြင်စစ်ကြောင်းထိုးလာတာရှိတယ်။ အဓိကနေရာကတော့ ဂန့်ကော်ကျေးရွာမှာ တိုက်ပွဲ ပြင်းထန်နေတယ်။ မနေ့ကအထိတော့ မြေပြင်နဲ့ဝေဟင်ရောပါ တိုက်ခိုက်တာရှိတယ်။ ဒရုန်း အသုံးပြုပြီး တိုက်ခိုက်တာရှိတယ်”ဟု သူက ဆိုသည်။

“စစ်ကောင်စီက တိုက်ပွဲမဖြစ်တဲ့နေရာတွေကို စစ်ရေးပစ်မှတ်လို့သတ်မှတ်ပြီးတော့မှ ရည်ရွယ်ချက်ရှိရှိ လူထုတွေကို ဦးတည်တိုက်ခိုက်နေတာတွေ ကြားသိရတယ်” 

တိုက်ပွဲအထိအခိုက်များနှင့်အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ပြောသည်။

 တိုက်ပွဲဖြစ်နေသောနေရာများပြမြေပုံ။

အဆိုပါနေရာများသည် မန္တလေး-လားရှိုးလမ်းနှင့် မန္တလေး-မိုးကုတ်လမ်း ဆုံရာအနီး တည်ရှိသည်၊ ဂုတ်တွင်း တံတားနှင့်လည်း အလှမ်းမဝေးသော နေရာဖြစ်ပြီး TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့၏ အနောက် တောင်ဘက် ၈ မိုင် ကျော်ခန့်သာ ကွာဝေးသည်။ 

ယမန်နှစ် နိုဝင်ဘာအတွင်းကလည်း ထိုနေရာများတွင် စစ်တပ်နှင့် TNLA,MDY-PDF ပူးပေါင်းတပ်များ တိုက်ပွဲများ ပြင်းထန်ခဲ့သေးသည်။

မြို့တောင်ဘက် ၂ မိုင်အကွာရှိ  အမှတ် (၆၀၆) ဒုံးတပ်ရင်းဌာနချုပ်ကို ဇူလိုင် ၁၀ ရက်နေ့  နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တအာင်းတပ် နှင့် MDY-PDF တို့က မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

ရှမ်းမြောက်အဝင်သို့ ကန့်သတ်မှု

တိုက်ပွဲများကြောင့် မန္တလေး၊ ပြင်ဦးလွင်မြို့တို့ဘက်မှ ရှမ်းမြောက်ဘက်သို့ သွားမည့် ကုန်တင်ကားများ နှင့် ခရီးသွားယာဉ်လိုင်းများ၊ အိမ်စီးကားများပါမချန် ပြင်ဦးလွင်မြို့အထွက် ဝက်ဝံစစ်ဆေးရေးဂိတ်မှ စ၍ အဝင်အထွက်ကန့်သတ်လိုက်ကြောင်း ပြင်ဦးလွင်မြို့ပြင်ရှိ ကျေးရွာတစ်ရွာမှ ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

“(လက်နက်ကြီး) အသံတွေကတော့ အရင်လို ဒီဘက်(ပြင်ဦးလွင်မြို့ပြင်) က လှမ်းထုတဲ့အသံတွေ မကြားရဘူး။ မြောက်ဘက်(နောင်ချိုဘက်)ကပဲ သဲ့သဲ့ကြားရတယ်။ တိုက်ပွဲက နောင်ချိုအထွက် ရွာတွေ မှာ ဖြစ်နေတာလို့ ကြားတယ်” ဟု သူက ဆိုသည်။

“နောင်ချိုဘက်ကိုသွားတဲ့ ဟင်းသည်(ဆိုင်ကယ်အသည်)တွေဆိုလည်း ဂိတ်ကနေ ပေး မဖြတ်တော့ဘူး။ ဝက်ဝံဘက်လောက်ကို ဈေးသွားရောင်းဖို့ကို ဒီဘက်ကလူတွေကို ခွင့်မပြုတော့ဘူး။ ကားတွေလည်း ပေးမဖြတ်တော့ဘူး ပြောကြတယ်”

တိုက်ပွဲဖြစ်ရာနေရာများနှင့် နီးကပ်လာသည့် စစ်ဗိုလ်ချုပ်ကြီးများနေထိုင်ရာ၊ စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့ကို စစ်ကောင်စီက လုံခြုံရေးပြင်ဆင်မှုများပိုလုပ်လာပြီး မြို့အပြင် မြို့တွင်း စစ်ဆေးရေး ဂိတ်များကို အင်အားတိုးချဲ့ထားသည်ဟု ဒေသခံများထံက သိရသည်။

“သံမဏိစက်ရုံရှေ့ စစ်ဆေးရေးဂိတ်မှာလည်း ဘန်ကာတွေတိုးချဲ့ဆောက်ထားတယ်။ အင်အား ပိုချလာ တယ်။ မန္တလေးအဆင်း ဇီးပင်ကြီးဂိတ်၊ ၁၆ မိုင်ဂိတ်တို့မှာလည်း ပိုပြီးအစစ်အဆေးကြမ်းလာတယ်”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ဆိုသည်။

မန္တလေးနှင့်ပြင်ဦးလွင်မြို့အကြား ၁၆ မိုင်စစ်ဆေးရေးဂိတ်တွင်လည်း ယခင်ကထက် အင်အား ၃ ဆခန့် တိုးချဲ့ကာ အစစ်အဆေးပြုလုပ်သည်။

ပျူစောထီး ခေါ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စစ်သားနှင့်ရဲများက   ၄ နေရာခန့်ခွဲကာ အတက်အဆင်းယာဉ်များကို တားဆီးစစ်ဆေးလျက်ရှိသည်။

“၁၆ မိုင်ဂိတ်က အဆိုးဆုံးပဲ။ ပါဆယ်ထုပ်တွေကအစ အကုန်ဖောက်စစ်တယ်။ ယာဉ်ပေါ်ပါသူတွေ မှတ်ပုံ တင်ကိုင်ပြီး လမ်းဆင်းလျှောက်ပြီး တန်းစီ အစစ်ခံကြရတယ်။ ဆိုင်ကယ်တွေပါမကျန် စစ်ဆေး တယ်” ဟု ပြင်ဦးလွင်မြို့ခံက ဆိုသည်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာတချို့တွင် နောင်ချိုမြို့၏မြောက်ဘက် မိုင်၂၀ ခန့်အကွာ ပြင်ဦးလွင်မြို့နယ်၏အရှေ့ဘက်ရှိ တောင်ခမ်းကျေးရွာတွင် ယနေ့ နံနက် ၆ နာရီကတည်းက တိုက်ပွဲပြင်းထန်နေကြောင်း ရေးသားနေကြသည်။

အောက်တိုဘာ ၁၉ ရက်က နောင်ချိုမြို့လေကြောင်းဗုံးကြဲမှုမှ ဗုံးစထိမှန်သူတစ်ဦးကို သယ်ဆောင် လာစဉ်။ (ဓာတ်ပုံ-TNLA)

အောက်တိုဘာ ၁၉ ရက်နေ့ကလည်း တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ရှိ ရပ်ကွက်အချို့ကို လေကြောင်းမှ အနည်းဆုံး ၂ ကြိမ် ဗုံးကြဲခဲ့ရာ ကလေးနှစ်ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။ နေအိမ် ၁၇ လုံးခန့် ပျက်စီးကာ ဒဏ်ရာ ရသူ ၃ ဦးရှိခဲ့သည်။ 

သေဆုံးသူများမှာ နောင်ချိုမြို့ တောင်ရပ်ကွက် မှ ဦးကျော်နှင့် ၎င်း၏သမီးနှစ်ဦးဖြစ်သည့် မကျော်စု ဝေနှင့် မခင်နဒီကျော်တို့ဖြစ်ကြသည်။

ယင်းအပြင် အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့ကလည်း နောင်ချိုမြို့အတွင်း ဗုံးကြဲမှု ကြောင့် အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့သည်။

ယနေ့  နံနက် ၁း၁၀ အချိန်က နောင်ချိုမြို့ သပြေရပ်ကွက်ကို လေတပ်က ဗုံး ၈ လုံးခန့် ကြဲချရာ  ဒေသခံတစ်ဦး ဒဏ်ရာရသည်၊ နေအိမ်နှင့် ဆိုင်ခန်းတချို့ ပျက်စီးသည်ဟု TNLA  က ထုတ်ပြန်ထားသည်။ 

အလားတူ ယမန်နေ့ (အောက်တိုဘာ၂၀) ညပိုင်းကလည်း နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာတွင် စစ်ကောင်စီ လေတပ်က ပေါင်၅၀၀ဗုံးနှစ်လုံးကြဲချသွားပြီး ဘုန်းတော်ကြီးကျောင်းအတွင်း ကျရောက် ပေါက်ကွဲကာ ကျောင်းဆောင်တချို့ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်ကောင်စီတပ်သည် မူဆယ်မြို့မှအပ ရှမ်းမြောက်ရှိမြို့များအားလုံး လက်လွှတ်ဆုံးရှုံးပြီးနောက် ရှုံးမဲ မဲကာ စစ်ရေးပစ်မှတ်မဟုတ်သော်လည်း ဒေသခံတို့၏ အသက်အိုးအိမ်ပျက်ပြား စေရန် ရည်ရွယ်ချက်ရှိရှိ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန် နေသည်ဟု TNLA က ဆိုသည်။ 

လက်ရှိတွင် နောင်ချိုမြို့နယ်နှင့်ပြင်ဦးလွင်မြို့နယ်ထိစပ်နေသည့် ကျေးရွာများတွင် နေထိုင်သူဒေသခံများ အမြန်ဆုံးစစ်ဘေးရှောင်ရှားကြရန်လည်း အွန်လိုင်းလူမှုကွန်ရက်တွင် သတိပေး ရေးသားနေကြသည်ကိုတွေ့ရသည်။

Show More

Related Articles

Back to top button