သတင်း

နောင်ချိုတွင် TNLA/ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီ တိုက်ပွဲဆက်ဖြစ်နေ

နောင်ချိုမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများ နေရာယူထားသော အုမ္မသီးရွာနှင့် အုမ္မခါးရွာအကြားတွင် ရှမ်းမြောက်သို့ စစ်ကူတက်လာသော စစ်တပ်ယာဉ်တန်းနှင့် တိုက်ပွဲများ ဆက်ဖြစ်နေသည်။

တအာင်းတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ နေရာယူထားသည့် ပြင်ဦးလွင်အစပ် နောင်ချိုမြို့နယ်အတွင်း ယနေ့ (နိုဝင်ဘာ ၆) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်ဖြစ်နေသည်ဟု သိရသည်။

အောက်တိုဘာ ၂၇ ရက်နေ့တွင် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ စစ်ကူရောက်လာနိုင်မည့် လမ်းကြောင်းများကို ဖြတ်တောက်ထားရာ ရှမ်းပြည်နယ်မြောက်ပိုင်းအဝင် နောင်ချိုမြို့နယ်တွင်လည်း တိုက်ပွဲဆက်ဖြစ်နေခြင်းပင်။

ယခုလ ၁ ရက်နေ့ကတည်းက ပြင်ဦးလွင်မှ နောင်ချိုဘက် ဦးတည်လာသည့် စစ်တပ်ယာဉ်တန်းနှင့် TNLA/MDY-PDF ပူးပေါင်းတပ်များ ထိပ်တိုက်တွေ့နေခြင်းဖြစ်ကာ ယနေ့ နံနက်ပိုင်းတွင် နောင်ချိုမြို့နယ်အတွင်း ရွှေညောင်ပင်ကျေးရွာအနီး တွင် တိုက်ပွဲဖြစ်သည်ဟု သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်များက နောင်ချိုမြို့နယ် ဆမ္မဆယ်၊ အုမ္မသီး၊ အုမ္မခါး ကျေးရွာများအနီးတွင် နေရာယူထားပြီး စစ်တပ်က လက်နက်ကြီးအပြင် လေကြောင်းပစ်ကူပါ ပေးနေသည်ဟု သိရသည်။

ပြင်ဦးလွင် – မိုးကုတ်လမ်းခွဲ မရောက်မီ အုမ္မသီးကျေးရွာနှင့် အုမ္မခါးရွာအကြား ရွှေညောင်ပင်ရွာအနီး စစ်ယာဉ်တန်းရောက်ရှိနေပြီး ထိုနေရာတွင် တိုက်ပွဲဖြစ်သည်ဟု ရွာသားတစ်ဦးက Myanmar Now ကို ယနေ့ နံနက်တွင် ပြောသည်။

“တိုက်ပွဲတွေကတော့ မနက် အလင်းရောင်မြင်ရင် ဖြစ်နေတာပဲ။ ဒီနေ့မနက်လည်း ဖြစ်နေပြီ။ ရဟတ်ယာဉ်ကလည်း အတော်နိမ့်နိမ့်မှာ ပျံနေတယ်။ စစ်တပ်ယာဉ်တန်းက ရွှေညောင်ပင်ရွာနားကို ရောက်နေပြီ”

ယနေ့နံနက် ၉ နာရီဝန်းကျင်ခန့်တွင် ဂုတ်ထိပ်ဒေသနှင့် ရွှေညောင်ပင်ရွာတို့အနီး ရောက်ရှိနေသည့် စစ်တပ်ကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ TNLA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း ထုတ်ပြန်ထားသည်။

သံချပ်ကာယာဉ်နှစ်စီး၊ စစ်ကား (FAW) ဆယ်စီးခန့်နှင့် တွဲကားနှစ်စီး ပါဝင်သော စစ်ယာဉ်တန်းသည် မိုးကုတ်လမ်းခွဲသို့ ရောက်ကတည်းက တိုက်ပွဲဖြစ်နေရာ ထိုလမ်းခွဲ၏ ဘယ်ဘက် မန္တလေး -မိုးကုတ် ကားလမ်းပေါ်တွင် ဆမ္မဆယ်ကျေးရွာရှိပြီး တော်လှန်ရေးတပ်များက နေရာယူထားကာ ထိုနေရာ၏ အရှေ့မြောက်ဘက် အဖြောင့်တိုင်းပါက ၂ မိုင်ခန့် အကွာတွင် တိုက်ပွဲဖြစ်နေသော ရွှေညောင်ပင်ရွာ တည်ရှိသည်။

အလားတူ တိုက်ပွဲဖြစ်နေသော ထိုရွာသည် နောင်ချိုမြို့တောင်ဘက် ၁၀ မိုင်အကွာတွင် ရှိသည်။

တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။

ယနေ့နံနက် နောင်ချိုတိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး MDY-PDF သို့ ဆက်သွယ်မေးမြန်းထားသော်လည်း လတ်တလော ဆက်သွယ်မရသေးပေ။

ယမန်နေ့ (နိုဝင်ဘာ ၅) ကလည်း ရွှေညောင်ပင်၊ ဆမ္မဆယ်၊ အုမ္မသီး၊ အုမ္မခါးနှင့် ဂုတ်ထိပ်နှင့် နောင်ချိုမြို့တို့အကြားတွင် တစ်နေကုန်နီးပါး တိုက်ပွဲများပြင်းထန်ခဲ့ပြီး လေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့တစ်ရက်အတွင်း စစ်တပ်က လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၅၀ ခန့်အထိ ရှိခဲ့ပြီး၊ ညနေ ၆ နာရီခန့်တွင် ဆမ္မဆယ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုများရှိခဲ့ရာ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့သည်ဟု TNLA က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

စစ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသော်လည်း အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။

နိုဝင်ဘာ ၁ ရက်နေ့ နောင်ချိုတိုက်ပွဲအတွင်း ဒဏ်ရာနှင့် ဖမ်းဆီးရမိခဲ့သော စစ်သားနှစ်ဦးကို ဆေးကုသပေးထားသည်ဟု MDY-PDF ကလည်း ထုတ်ပြန်ထားသည်။

ဆမ္မဆယ်ကျေးရွာအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့သည်။ (ဓာတ်ပုံ-TNLA)

“၁၀၂၇” စစ်ဆင်ရေးစတင်ကတည်းက မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးကို ကိုးကန့်တပ် (MNDAA) က သွားလာခွင့် ပိတ်ပင်ထားရာ ထိုတားမြစ်ချက်ကို အလေးအနက်ထား လိုက်နာပေးရန် MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက တိုက်တွန်းထားသည်။

“စစ်ကောင်စီတွေက ပြည်ထောင်စုလမ်းမတစ်လျှောက်မှာ တပ်အင်အားဖြည့်ဖို့ သူတို့ ကြိုးစားနေတယ်။ သူတို့ စစ်ယာဉ်နဲ့မလာဘဲ အရပ်သားရဲ့ယာဉ်တန်းတွေနဲ့ လာကြတာရှိတယ်။ အဲဒီအချိန်ကျရင် အရပ်သားရဲ့ယာဉ်လား၊ စစ်ကောင်စီလို့ ဟန်ဆောင်ထားတဲ့ ထောက်ပို့ယာဉ်လားဆိုတာကိုတော့ ကျွန်တော်တို့က ခွဲခွဲခြားခြား သိဖို့က ခက်သွားပြီ။ ဆိုတော့ မကောင်းတဲ့အခြေအနေ ဖြစ်မှာစိုးလို့ပါ။ အဲဒါ ပန်ကြားချင်ပါတယ်”

ကိုးကန့်၊ တအာင်း၊ ရက္ခိုင့်တပ်တော် တို့ပါဝင်သော မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ရှမ်းမြောက်စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ကတည်းက စတင်တိုက်ခိုက်နေရာ ယနေ့ နိုဝင်ဘာ ၆ ရက် နံနက်အထိ စခန်း အကြီး၊ အသေး ၁၂၀ ကျော် သိမ်းယူရရှိထားပြီး စစ်သုံ့ပန်း ၁၀၀ ကျော်နှင့် လက်နက်ခဲယမ်းအများအပြား ရရှိထားသည်ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ယနေ့ နံနက်က ပြောသည်။

“၁၀၂၇” စစ်ဆင်ရေး လေးရက်မြောက်နေ့ဖြစ်သော အောက်တိုဘာ ၃၀ ကတည်းက စစ်တပ်နယ်မြေ ပြင်ဦးလွင်မြို့နှင့် အလွန်နီးကပ်နေသော နောင်ချိုမြို့နှင့် ဂုတ်ထိပ်တံတားတို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားခြင်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button