သတင်း

တရုတ်ကိုယ်စားလှယ်က KIO ဥက္ကဋ္ဌကိုတွေ့ဆုံပြီး စစ်ပွဲရပ်ရန်ဖိအားပေး 

စစ်ကောင်စီကိုဆန့်ကျင်တိုက်ခိုက်မှုများအား အဆုံးသတ်ရန် တရုတ်အစိုးရတာဝန်ရှိသူများက ကချင်တော်လှန်ရေးတပ်ဖွဲ့ KIO/KIA တာဝန်ရှိသူများ ကိုယမန်နေ့(အောက်တိုဘာ ၁၇) ရက်နေ့ကတွေ့ဆုံစဥ် ပြောကြားခဲ့ကြောင်း သိရှိရသည်။

တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့က ကချင်တော်လှန်ရေးတပ်ဖွဲ့  KIO/KIA ခေါင်းဆောင်ပိုင်းကို ယမန်နေ့(အောက်တိုဘာ ၁၇) ရက်နေ့က တွေ့ဆုံစဥ် စစ်ကောင်စီကို ဆက်လက် ဆန့်ကျင်တိုက်ခိုက်မှု မပြုရန်   ပြောကြားခဲ့ကြောင်း သိရှိရသည်။ 

တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းခေါင်းဆောင်သည့် သံတမန်များသည် KIO/KIA ယာယီဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့်  ယူနန်ပြည်နယ် ယင်ကျန်းမြို့တွင် တွေ့ဆုံခဲ့ပြီး တရုတ်အစိုးရ၏ သဘောထားကိုပြောကြားခဲ့ခြင်းဖြစ်ကြောင်း Myanmar Now ၏ သတင်းရင်းမြစ်တို့က ဆိုသည်။ 
ယင်ကျန်းမြို.သည် KIO/KIA ဌာနာချုပ်တည်ရှိရာ လိုင်ဇာမြို့နယ်နှင့်  နယ်မြေထိစပ်နေသည််။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း(ဓာတ်ပုံ- Xinhua)

ထိုးစစ်ဆင်နေမှုကို ရပ်တန့်ရန် တရုတ်ဘက်ကတောင်းဆိုသော်လည်း KIA က လက်ခံခဲ့ခြင်းမရှိဟု သိရှိရသည်။ နှစ်ဘက်တွေ့ဆုံနေစဥ်ပင်  ကချင်ပြည်နယ်အတွင်း တရုတ်မြန်မာနယ်စပ်မြို့များဖြစ်သည့်ပန်ဝါနှင့် ချီဖွယ်မြို့များရှိ စစ်ကောင်စီစခန်းများကို KIA က အရှိန်မပြတ််ထိုးစစ်ဆင်နေခဲ့သည်။ 

အာဏာသိမ်းစစ်ကောင်စီကိုအလျှော့ပေးရန် တရုတ်နယ်စပ်အခြေစိုက် လူမျိုးစုလက်နက်ကိုင်တပ်များကို တောက်လျှောက်ဖိအားပေးနေသည့် တရုတ်အစိုးရသည် KIA မတိုင်ခင် ကိုးကန့်တပ် MNDAA၊ ‘ဝ’ တပ် UWSA နှင့် တအာင်းတပ် TNLA တို့ကိုလည်း အလားတူဖိအားပေးခဲ့သည်။

တရုတ်အစိုးရ၏ယင်းဖိအားများသည် ပြီးခဲ့သည့်သြဂုတ်လလယ်က နေပြည်တော်သို့ရောက်လာသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏ခရီးစဉ်အပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။ 

တိန့်ရှီးကျွင်းသည် အခြားသော မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ယူနန်ပြည်နယ် ထိမ်ချုံးနှင့် ကူမင်းမြို.များတွင်မကြာမီရက်ပိုင်းအတွင်း ဆက်လက်၍ ဆွေးနွေးပွဲများပြုလုပ်မည်ဟု သတင်းရရှိသည်။ 

စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည်လည်း ၂၀၂၁ အာဏာသိိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခံထားရသည်ဟု သိရှိရသည်။ 

ယူနန်ပြည်နယ်ကူမင်းမြို.တွင် နိုဝင်ဘာ ၆ မှ ၇ ရက်အတွင်း ကျင်းပမည့် မဲခေါင်မြစ်ဖြတ်သန်းရာ တရုတ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နှင့် လာအို တို့ပူးတွဲပြုလုပ်မည့် မဲခေါင်ဒေသနိုင်ငံ ခေါင်းဆောင်များအစည်းအဝေး ( Greater Mekong Subregion Summit) အစည်းအဝေးသို့ တက်ရောက်မည်ဟု သတင်းရင်းမြစ်များကဆိုသည်။ 

အိမ်ရှင်တရုတ်နိုင်ငံကအစည်းအဝေးကို ကမကထပြုကျင်းပသော်လည်း အစည်းအဝေးကို စီစဥ်သူမှာ အာရှဖွံဖြိုးရေးဘဏ် (ADB) ဖြစ်သည်။ အစည်းအဝေးအသေးစိတ်အခြေအနေအားသိရှိရန် Myanmar Now က ADB ကို စာပို့မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားမှုမရရှိသေးပေ။ 

ရှားပါးသတ္ထုတွင်းများကို KIA သိမ်းပိုက်နေ 

ကချင်အထူးဒေသ (၁) နယ်မြေများထဲတွင် ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့၊ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် ပန်ဝါမြို့ခွဲတို့ပါဝင်ပြီး စစ်ကောင်စီသစ္စာခံ  ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် ၏ ထိန်းချုပ်ရာနယ်မြေများဖြစ်သည်။ 

ပြီးခဲ့သည့် လကုန်ပိုင်းမှစ၍ KIAနှင့် ပူးပေါင်းအဖွဲ့သည် အထူးဒေသ ၁ နယ်မြေအတွင်းရှိ စစ်တပ်နှင့် ပြည်သူ့စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ပန်ဝါမြို့၏ အနောက်မြောက်ဘက် ၃၈ မိုင်ခန့် အကွာတွင်ရှိသည့် ချီဖွေမြို့ကို အောက်တိုဘာ ၁ တွင် သိမ်းပိုက်လိုက်ကြသည်။ ထို့နောက် အောက်တိုဘာ ၂ တွင်လည်း ဆော့လော်မြို့ရှိ စစ်တပ်နှင့်ပြည်သူ့စစ်အခြေစိုက်စခန်းများကို   သိမ်းပိုက်ခဲ့သည်။

ပြည်သူ့စစ်ခေါင်းဆောင် ဇခုန်တိန့်ယိန်း (အဖြူဝတ်စုံဖြင့်) (ဓာတ်ပုံ – Global Witness) 

ထို့အပြင် အောက်တိုဘာ ၁၅ တွင်လည်း KIAနှင့်ပူးပေါင်းအဖွဲ့သည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ပန်ဝါဒေသရှိ လုပြည်ကျေးရွာအနီးက စစ်တပ်နှင့် နယ်ခြားစောင့်တပ် အမှတ် (၁၀၀၂) ဌာနချုပ်ကို စစ်တပ်က လေကြောင်းပါအသုံးပြု၍ ခုခံနေသည့်ကြားမှ သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ 

နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ဝိုင်းမော်မြို.နယ်အတွင်းရှိ ကန်ပိုင်တည်မြို့နယ်အတွင်း၌လည်း  တိုက်ပွဲ ပြင်းထန်နေသည်ဟု KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

တိုက်ပွဲများမှာ ဆဒုံး-ကန်ပိုင်တည်အကြားရှိ ဝေါ့ချုံး ၊ စင်ကြိုင်( ရှန်ကျိုင် ) ရွာများအနီး၌ ဖြစ်ပွားနေခြင်း ဖြစ်ပြီး “ကာကင်း စခန်းငယ်အချို့ကို သိမ်းပိုက်နိုင်သည်ဟု သတင်းရသော်လည်း တိတိကျကျမသိရသေးကြောင်း ” ၎င်းကဆိုသည်။ 

“ပန်ဝါကတော့ မသိမ်းသေးဘူး။ ပတ်ဝန်းကျင်မှာပဲ တိုက်ပွဲဖြစ်နေတာ”

ဝေါ့ချုံးမြို့သည် အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ် အထိုင်ချထားသည့် နေရာဖြစ်ပြီး ထိုတပ်ရင်းဌာနချုပ် မှာ တရုတ်ကုန်သွယ်ရေးဂိတ် ကံပိုင်တည်မြို့ကို အဓိက လုံခြုံရေးယူပေးသည့် စစ်တပ်နှင့် ပြည်သူ့စစ် အခြေစိုက်စခန်းဖြစ်သည်။ 

တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်၍ အသေးစိတ်အခြေနေကို မေးမြန်း၍ မရသေးပေ။ ကချင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) က  KIA နှင့် အတူ ပူးတွဲ တိုက်ပွဲဝင်နေသည်။ 

တိုက်ပွဲများမှာ ပန်ဝါမြို့နှင့် အနီးဆုံးရွာများဖြစ်သည့် ချန်းယင်းကူး၊ ကျီကျားရွာများအထိပါ ရောက်ရှိလာပြီဖြစ်ကြောင်း မြို့ခံတို့ကဆိုသည်။ 

စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့သည် ၎င်းတို့ အကျိုးအမြတ်များစွာရရှိနေသည့် မြေရှားသတ္တု ထွက်ရှိရာ ပန်ဝါဒေသကို ကာကွယ်ရန် မြို့ပေါ်တွင် အခိုင်အမာအထိုင်ချထားသလို တပ်သားသစ် စုဆောင်းနေကြသည်ဟု သိရှိရသည်။ 

ချီဖွေ၊ ဆော်လော်မြို့များကို KIAထံ လက်လွှတ်လိုက်ရပြီးကတည်းက  လူသစ်စုနေခြင်းဖြစ်ကြောင်း၊ ပန်ဝါမြို့စောင့်တပ်ဖြစ်သော အမှတ် (၁၀၀၂ )နယ်ခြားစောင့်တပ်ဌာနချုပ်ကိုပါ လက်လွှတ်လိုက်ရချိန်တွင်  ပြည်သူ့စစ်အဖွဲ့က လူသစ် ပိုမို ရရှိရန် တွေ့သမျှ အမျိုးသားတိုင်းနီးပါးကို  ဖမ်းနေခြင်းဖြစ်သည်ဟု သိရှိရသည်။ 

“ဆွဲချင်တဲ့အခါ ထွက်ဆွဲတာ။ ကျွန်တော်က တစ်ခါတလေထွက်ဖြစ်တယ်။ ဖမ်းတာဆီးတာရော၊ တခြားအန္တရာယ်လည်းရှိနိုင်တော့ လိုအပ်မှာပဲ ထွက်တော့တယ်”ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ 

မြို့ပေါ်တွင်သာမက ၎င်းတို့ ဒေါ်လာ သန်းနှင့်ချီ အကျိုးအမြတ်ရနေသည့် မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်များ၌ လုပ်ကိုင်နေသည့် လုပ်သားများကိုပါ လိုက်လံဖမ်းဆီးခံနေရခြင်းဖြစ်သည်ဟု အခြားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

“ပြီးခဲ့တဲ့လတုန်းကတည်းက ဖမ်းတာတော့ရှိတယ်။ ကြားထဲမှာတော့ ခဏနားတယ်။ အခုပန်ဝါမှာ (တိုက်ပွဲ)ဖြစ်တော့မှာ ပြန်ဖမ်းနေတာ။ တော်တော်ဆိုးဆိုးပဲ။ ပန်ဝါမြို့ထဲမှာသွားလာနေတဲ့သူတွေကို ကြိုက်ရင်း ဖမ်းသွားတာ။ အလုပ်ဆိုက်(မြေရှားတူးဖော်ရေးလုပ်ကွက်)ထဲမှာလည်း ညဘက်တွေ ဝင်ဖမ်းတယ်”ဟု ၎င်းက ဆိုသည်။  

“မြေရှားဆိုက်ထဲက အလုပ်သမားတွေတောင် ညညဆို အဆောင်မှာ မအိပ်ရဲကြဘူး။ တောင်တွေပေါ် သွား, သွားအိပ်နေကြတာ။ ပြည်သူစစ်တွေက နေ့ရော၊ ညရော ကြုံသလိုဝင်ဆွဲနေလို့”

တပ်သားသစ် စုဆောင်းခံရသူတို့မှာ အများဆုံး ၂ ရက်ကြာ စစ်သင်တန်း တက်ရပြီး ရှေ့တန်းထွက် စစ်တိုက်နေရသူများရှိသလို နေ့ချင်းရှေ့တန်းပို့ခံရသူများလည်းရှိနေသည်ဟု မြို့ခံတို့က ပြောသည်။ 

တိုက်ပွဲများနှင့်အတူ လက်ပမ်းဆက်သွယ်ရေးအခက်အခဲများကြောင့် ပန်ဝါမြို့ခံများနှင့် သတ္တုရှာဖွေရေး လုပ်သား ထောင်နှင့်ချီ ပိတ်မိနေကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း တပ်သားသစ်အဖြစ် ဖမ်းဆီးခံရသူဦးရေ ရာဂဏန်းအနည်းဆုံးရှိနိုင်သည်ဟု မြို့ခံများက ပြောသည်။ 

ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင်း အသေးစိတ်အခြေနေကို Myanmar Now အနေဖြင့် စုံစမ်းနိုင်ခြင်းမရှိသေးပေ။  

တိုက်ပွဲများဖြစ်ပွားနေသော်လည်း စစ်တပ်နှင့်ပြည်သူ့စစ်အဖွဲ့တို့၏ ကြီးကြပ်မှုအောက်၌ တူးဖော်နေသည့် မြေရှားသတ္တု ရှာဖွေရေးလုပ်ငန်းများမှာ ဆက်လက်လည်ပတ်နေဆဲဖြစ်ပြီး နေ့စဉ် အလုပ်ခေါ်ယူနေမှုများလည်း ရှိနေကြောင်း မြို့ခံတို့က ပြောသည်။  

ချီဖွေ၊ ပန်ဝါမြို့များသည် မြေရှားသတ္တုကို အလွန်အကျွံတူးဖော်ထုတ်လုပ်နေသည့် နယ်မြေများဖြစ်ပြီး တရုတ်နိုင်ငံသည် မြေရှားသတ္တုအများဆုံးတင်ပို့ရသည့်နိုင်ငံဖြစ်သည်။ 

ချီဖွေနှင့် ပန်ဝါမြိုတို့၌ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင် ၃၀၀ ကျော်ရှိသည်ဟု လန်ဒန်အခြေစိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သော Global Witness ၏ မေ ၂၃ တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြေရှားသတ္တုသည် ပြည်သူ့စစ်အဖွဲ့အတွက် အကြီးဆုံးဝင်ငွေရလမ်းကြောင်းတစ်ခုဖြစ်နေသည်၊ ၂၀၂၃ ခုနှစ်တွင် မြေရှားသတ္တုတင်ပို့ရောင်းချမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံအထိ ရှိခဲ့သည်ဟု Global Witness၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

 ပြည်သူ့စစ်အဖွဲ့၏ ကြီးကြပ်မှုအောက် တူးဖော်နေသည့် မြေရှားသတ္တုကို တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နှစ်ဆနီးပါး မြင့်တက်လာသည်။ ပြီးခဲ့သည့် ၂၀၂၁ တွင် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ တန်ချိန် ၁၉,၅၀၀ ရှိခဲ့ပြီး ၂၀၂၃ တွင်မူ တင်ပို့မှုပမာဏမှာ တန်ချိန် လေးသောင်းကျော် (၄၁,၇၀၀) ရှိသည်။  

၂၀၂၄ ခုနှစ်တွင်လည်း  ဇန်နဝါရီမှ သြဂုတ်အထိ ရှစ်လတာကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် တန်ဖိုးရှိသည့် မြန်မာ့မြေရှားသတ္တုတန်ချိန်ပေါင်း ၂၆,၈၉၂ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည် တရုတ် အကောက်အခွန်ဌာနကို ကိုးကား၍ RFA သတင်းဌာနက အောက်တိုဘာ ၄ တွင် ရေးသားထားသည်။

Show More

Related Articles

Back to top button