သတင်း

မင်းအောင်လှိုင် စစ်အုပ်စုပြုတ်ကျမည်ကို တရုတ်ကမလိုလားကြောင်း လျှို့ဝှက်အစည်းအဝေးမှတ်တမ်းက ဖော်ပြနေ 

ကိုးကန့်တပ်များ လားရှိုးကဆုတ်ပေးရမည်၊ ကိုးကန့်နှင့်မဟာမိတ်တပ်များအား ဆက်လက်ထောက်ပံ့နေပါက “ဝ” တပ်ဖွဲ့ကိုလည်း အပြစ်ပေးမည်ဟု တရုတ်ကိုယ်စားလှယ်ခြိမ်းခြောက်

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အား ကိုးကန့်တိုင်းရင်းသား မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) နှင့် မဟာမိတ်တပ်များက ဇူလိုင်လအကုန်တွင် တိုက်ခိုက်သိမ်းယူပြီးနောက် မြန်မာစစ်တပ်သည် လုံးဝပြိုလဲမည့်အခြေအနေသို့ပင် ဆိုက်ရောက်ခဲ့သည်။ 

တရုတ်နိုင်ငံနှင့်  ၂၀၂၁ မြန်မာစစ်အာဏာသိမ်းဗိုလ်ချုပ်ကြီးများ ဆက်ဆံရေးချောမွေ့မှုမရှိသော်လည်း စစ်အာဏာရှင်ပြုတ်ကျပြီး ဒီမိုကရေစီအင်အားစုများ အားကောင်းလာမည်ကို မလိုလားသည့် တရုတ်အစိုးရသည် မဟာမိတ်တပ်များ လာရှိုးထိုးစစ်စတင်သည့်အချိန်မှစ၍ ယခုအချိန်ထိ MNDAA နှင့် ကိုးကန့်ဒေသတစ်ခုလုံးကို ဖြတ်ငါးဖြတ်စနစ်ဖြင့် ကျင့်သုံးပြီး အင်အားချိနဲ့သွားအောင်လုပ်ဆောင်နေကြောင်း မကြာသေးမီက  တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA) ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲက ဖော်ပြခဲ့သည်။ 

၂၀၁၉ ခုနှစ် ဧပြီလက ပန်ဆန်းမြို့တွင်ပြုလုပ်သော အခမ်းအနားတစ်ခုတွင် တွေ့ရသော UWSA တပ်ဖွဲ့ ဝင်များ။ (ဓာတ်ပုံ-AFP)

ဩဂုတ်လ ၂၇ ရက်နေ့၌ ယူနန်ပြည်နယ်တောင်ပိုင်း ဖူးအာမြို့ (Pu’er City) တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းသည် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA) ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး၊ MNDAA နှင့် ကိုးကန့်ဒေသကို တရုတ်အစိုးရ၏ အလုံးစုံပိတ်ဆို့အရေးယူမှုတွင် UWSA က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ဖိအားပေး ခဲ့သည်။ 

အစည်းအဝေးတက်ရောက်ခဲ့သည့် “ဝ” ခေါင်းဆောင်များမှာ UWSA ၏ ဒုတိယဥက္ကဌ ဦးကျောက်ကောအန်း၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဦးပေါက်အိုက်ခမ်းနှင့် ဗဟိုကော်မတီရုံး ဒုတိယဌာနကြီးမှူး မောဇစ်ရုန်တို့ဖြစ်ကြသည်။ 

Myanmar Now က ရရှိထားသည့် ထိုအစည်းအဝေးမှတ်တမ်း အထောက်အထားအရ တရုတ် အစိုးရသည် MNDAA နှင့် ကိုးကန့်ဒေသကို “ဖြတ် ၅ဖြတ်” ဖြစ်သည့် လျှပ်စစ်မီး၊ ရေ၊ အင်တာနက်၊ ထောက်ပံ့ရေးပစ္စည်းများ (လောင်စာဆီ၊ ဆေးဝါး နှင့် ဆန် အပါအဝင် လူသုံးကုန်ပစ္စည်းများ) ပိတ်ဆို့ခြင်းနှင့် နှင့် လူအဝင်အထွက်ကိုတားမြစ်ပိတ်ဆို့ နေကြောင်းနှင့် ကိုးကန့်ဒေသနှင့် ထိစပ်နေသော တရုတ်နယ်စပ်ဂိတ်များကို တင်းကျပ်စွာ ပိတ်ဆို့ထားသည်ဟု သိရှိရသည်။ 

MNDAA ပြည်လည်သိမ်းပိုက်ထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် သံလွင်မြစ်အရှေ့ဖက် ရှမ်းပြည်အရှေ့မြောက်စွန်းစွန်း တရုတ်နိုင်ငံနှင့် နယ်နမိတ်စပ်နေသော ဒေသတွင်တည်ရှိပြီး၊ ထိုဒေသရှိ လောက်ကိုင်နှင့် ချင်းရွှေဟော်မြို့တို့၌  တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များလည်းရှိသည်။

သိန္နီမြို့ဘက်သို့ ကွတ်ခိုင်မြို့ဘက်မှ လာသည့် MNDAA တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

မြန်မာစစ်တပ်သည် မြန်မာနိုင်ငံကို ထူထောင်ထားသူဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရသို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက စစ်တပ်ကို အစားထိုးဝင်ရောက်၍ မရနိုင်ကြောင်း၊ စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံများနှင့် နီးစပ်သည့် NUG နှင့် PDF အုပ်စုများ အနိုင်ရသွားမည်ကို တရုတ်ကလုံးဝလက်ခံ မည်မဟုတ်ကြောင်း နှင့် လားရှိုးမြို.မှ ကိုးကန့်တပ်များမဆုတ်သွားမခြင်း ကိုးကန့်ဒေသအား ပိတ်ဆို့ထားမှုကိုရုပ်သိမ်းပေးမည်မဟုတ်သည့်အပြင် ပိုမိုပြင်းထန်သည့် အရေးယူမှုများ တရုတ်နိုင်ငံက လုပ်ဆောင်သွားမည်ဟု တရုတ် အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက “ဝ” ခေါင်းဆောင်များအား ပြောကြားခဲ့သည်။ 

တရုတ်က နယ်စပ်ဂိတ်များတွင် ပိတ်ဆို့မှုများပြုလုပ်ထားသော်လည်း ကိုးကန့်ဒေသနှင့်  နယ်နမိတ်ချင်းစပ်နေသည့် “ဝ” ထိန်းချုပ်နယ်မြေနှင့် မိုင်းလားအထူးဒေသ (NDAA) နယ်ဖက်မှ ကုန်ပစ္စည်းများနှင့် လူများ ကိုးကန့်နယ်ထဲသို့ ဖြတ်သန်းမှုများဖြစ်ပေါ်နေခြင်းကြောင့် တရုတ်၏ MNDAA အပေါ် “ဖြတ် ၅ဖြတ်” ဖြင့် အရေးယူမှု ထိရောက်မှုမရှိဖြစ်နေကြောင်းလည်း တရုတ်ကိုယ်စားလှယ်အဖွဲ့က အစည်းအဝေးတွင် စောဒကပြုခဲ့သည်။ 

ထို့ ကြောင့် “ဝ” ခေါင်းဆောင်များ တရုတ်အစိုးရနှင့် ပိုမို ပူးပေါင်းဆောင်ရွက်မှုလုပ်ရန် တရုတ်က ဖိအားပေးခဲ့ကြောင်း အစည်းအဝေးမှတ်တမ်းကဖော်ပြနေသည်။ 

တရုတ်အစိုးရနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက “ဝ” ပြည်လည်း အလားတူ ပိတ်ဆို့အရေးယူ ခံရမည် ဖြစ်ကြောင်း တရုတ်အထူး ကိုယ်စားလှယ်က “ဝ” ခေါင်းဆောင်များကို ခြိမ်းခြောက်ဖိအားပေးခဲ့သည်။ 

ဩဂုတ်လ ၃ ရက်နေ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် လားရှိုးမြို့ကို MNDAA စီးနင်းသိမ်းပိုက်ခဲ့ပြီးနောက် တရုတ်အစိုးရအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းသည် ဩဂုတ်လ ၈ရက်နေ့တွင် နေပြည်တော်သို့လည်းကောင်း၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်အတူ ဒုတိယအကြိမ် နေပြည်တော်သို့ ထပ်မံ လိုက်ပါခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ 

အဆိုပါဆွေးနွေးမှုအပြီး တရုတ်အစိုးရသည် MNDAA နှင့် ကိုးကန့်ဒေသကို “ဖြတ် ၅ဖြတ်” ပိတ်ဆို့အရေးယူမှု များ ပြုလုပ်လာခြင်း ဖြစ်သည်။   

တရုတ်နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များအနက် အင်အားအကြီးဆုံးနှင့် ညီနောင်အဖွဲ့များကို လက်နက် ခဲယမ်း အဓိကထောက်ပံ့နေသူအဖြစ် တရုတ်အစိုးရက သတ်မှတ်ထားသော “ဝ” ခေါင်းဆောင်များကို MNDAA အား လက်နက်ခဲယမ်း လုံးဝမထောက်ပံ့ရန်၊ ရှမ်းမြောက်စစ်ပွဲထဲ မပါဝင်ရန် ဖိအားပေးခဲ့သည်။  

MNDAA သည် အထူးဒေသ (၁) ကိုးကန့်နယ်မြေကို ကျော်လွန်ပြီး၊ မြန်မာစစ်တပ် ထိန်းချုပ်နယ်မြေ ဖြစ်သော လားရှိုးမြို့ကို သိမ်းပိုက်ခဲ့ခြင်းကြောင့် တရုတ်-မြန်မာဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်စေခဲ့ပြီး၊ နယ်စပ် ကုန်သွယ်ရေးနှင့် တရုတ်-မြန်မာ ပိုးလမ်းမရပ်ဝန်းနှင့်လမ်းကြောင်း (BRI) စီမံကိန်းများကို ထိခိုက်စေကြောင်း၊ ထို့အပြင် အမေရိကန်နှင့် အနောက်အုပ်စုတို့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်လာစေရန် အခွင့်အလမ်းဖွင့်ပေး လိုက်ခြင်းဖြစ်ကြောင်း တိန့်ရှီကျွင်းက “ဝ” ခေါင်းဆောင်များကို ပြောကြားခဲ့ကြောင်း Myanmar Now က လက်ခံရရှိထားသော အထောက်အထားတွင် တွေ့ရှိရသည်။  

စစ်ကောင်စီတပ် ဗုံးကြဲခြင်းကြောင့် ပျက်စီးသွားသည့်နေအိမ်တချို့ကို စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ − ကိုးကန့်သတင်းအေဂျင်စီ)

တိန့်ရှီကျွင်းသည် “ဝ” ခေါင်းဆောင်များကို MNDAA နှင့်ပတ်သက်ပြီး တရုတ်အစိုးရ၏ သဘောထား (၄) ရပ်ကို ရှင်းလင်းရာတွင်

(၁) လားရှိုးမြို့ကို MNDAA သိမ်းပိုက်ခြင်းအား မည်သို့မျှ အသိအမှတ်မပြုနိုင်ကြောင်း၊

(၂) MNDAA သည် အမေရိကန်အစိုးရနှင့် အနောက်အုပ်စုက ထောက်ပံ့ထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် စစ်တပ်ကိုဆန့်ကျင်နေသော အခြားအင်အားစုများနှင့် ပူးပေါင်း နေပြီး၊ စစ်ကောင်စီပြုတ်ကျရေး ရှေ့တန်းတပ်ဦးအဖြစ် ဦးဆောင်နေကြောင်း၊

(၃) တရုတ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေသယောင် လိမ်ညာ၍ ‘ဟန်’ တရုတ်လူမျိုးများ လွတ်မြောက်ရေးအယူအဆကို ဖြန့်ချိနေပြီး၊ PDF များနှင့် လျှို့ဝှက်စွာပူးပေါင်းကာ မန္တလေးမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ကြံစည်နေကြောင်းနှင့်

(၄) ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှိမ်နှင်းရေး တရုတ်အစိုးရနှင့်ပူးပေါင်းသည်ဟု အကြောင်းပြလိမ်ညာပြီး၊ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ကာ လောက်ကိုင်နှင့် ကိုးကန့်ဒေသတစ်ခုလုံးကို  သိမ်းပိုက်ရုံမျှမက လားရှိုးမြို့ကိုပါ ကျူးကျော်သိမ်းပိုက်ခဲ့ကြောင်းတို့ ပါဝင်သည်။ 

တိန့်ရှီကျွင်းက လောက်ကိုင်မြို့မှ အချမ်းသားဆုံး ကိုးကန့်မိသားစုလေးစု ခြေမှုန်းခံခဲ့ရသည် အဓိကအကြောင်း ရင်းမှာ တရုတ်နိုင်ငံကို ဆန့်ကျင်၍ဖြစ်ကြောင်း၊ ထိုဖြစ်စဥ်ကို သင်ခန်းစာယူရန် လိုအပ်ကြောင်း၊ ထိုမိသားစုလေးစု မရှိတော့သော်လည်း ကိုးကန့်ဒေသ ရှင်သန်နိုင်သေးကြောင်း၊ သို့သော် “ဖုန်” မိသားစုမရှိလျှင် ကိုးကန့်ဒေသ ရှင်သန်ရန် မဖြစ်နိုင်တော့ကြောင်း၊ ၎င်းကိုယ်တိုင် MNDAA ခေါင်းဆောင်ကို ကိုယ်တိုင်တွေ့ဆုံပြောကြားခဲ့ပြီး ဖြစ်ကြောင်း “ဝ” ခေါင်းဆောင်များကို ပြောဆိုခဲ့သည်။ 

တရုတ်၏ သဘောထားဖြစ်သည့် MNDAA က လားရှိုးမြို့မှ ချက်ချင်းဆုတ်ခွာရမည်ဆိုသည်ကို ဆန့်ကျင်လျှင် “ဖုန်” မိသားစုသည် ကိုးကန့်ဒေသ၏ ငါးခုမြောက် မိသားစုအဖြစ် ချေမှုန်းခြင်းခံရမည် ဟု “ဝ” ခေါင်းဆောင်များကို တိန့်ရှီကျွင်းက ပြောဆိုခဲ့သည်။ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကိုလည်း တရုတ် အစိုးရက အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်မည်ဟုလည်း Myanmar Now က ရရှိထားသော အထောက် အထားတွင် တွေ့ရှိရသည်။

“ဝ”ခေါင်းဆောင်များ၏ အကျပ်အတည်း 

ကိုးကန့်ဒေသကို တရုတ်အစိုးရ၏ တရုတ်နည်းတရုတ်ဟန် အရေးယူပိတ်ဆို့မှု (China-style Sanction) သည် MNDAA ကိုသာမက ကိုးကန့်ဒေသက “ဟန်” တရုတ်အနွယ်အများစုဖြစ်သော ကိုးကန့်တိုင်းရင်းသားများကိုပါ အငတ်ဘေးဆိုက်ရောက်စေရန် လုပ်ဆောင်ချက်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ 

ကိုးကန့်ဒေသသည် ဆန်စပါး စိုက်ပျိုးနိုင်ခြင်းမရှိဘဲ၊ တရုတ်နိုင်ငံဖက်မှ တင်သွင်းသည့် ဆန်ကို အားထားနေရ ခြင်း ဖြစ်သည်။ ကိုးကန့်ဒေသကို ဆန်တင်သွင်းမှု ပိတ်ပင်ခြင်းဖြင့် အငတ်ဘေးဆိုက်နိုင်ခြင်း၊ ဆေးဝါးတင်သွင်း မှု ပိတ်ပင်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခက်ခဲလာခြင်း၊ လျှပ်စစ်မီး၊ ရေနှင့် လောင်စာဆီ ပိတ်ပင်ခြင်း ဖြင့် အသက်ရှင်သန်ရပ်တည်ရေး ခက်ခဲလာခြင်း စသည်တို့ကို ကိုးကန့်ဒေသခံပြည်သူများ စတင်ကြုံတွေ့နေ ရပြီး ဖြစ်သည်။ 

တရုတ်အစိုးရသည် MNDAA ကို အရေးယူပိတ်ဆို့သည် ဆိုသော်လည်း ကိုးကန့်ဒေသတွင် နေထိုင်ကြသော သာမန်ပြည်သူများ အသက်ရှင်ရပ်တည်ရန် ခက်ခဲအောင်လုပ်ဆောင်ခြင်းသည် နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားခြင်းစာနာထောက်ထားမှုဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်သည်။ 

၂၀၂၃ အောက်တိုဘာ နောက်ဆုံးပတ်က ၁၀၂၇ စစ်ဆင်ရေးတွင် တွေ့ရသော MNDAA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- The Kokang)

ကိုးကန့်ဒေသပတ်ပတ်လည်ကို “ဖြတ် ၅ဖြတ်” အလုံးစုံဖြတ်တောက်ပိတ်ဆို့အရေးယူမှုဖြင့် MNDAA သည် တရုတ်အစိုးရ အပေါ် ကျိုးနွံဝပ်တွားလာစေရန် “ဝ” နှင့် အထူးဒေသ ၄ မိုင်းလား (NDAA) တွင် တာဝန်ရှိသည် ဟု တိန့်ရှီကျွင်းက “ဝ” ခေါင်းဆောင်များကို ဖိအားပေးနေခြင်းသည် UWSA နှင့် MNDAA အကြား စစ်ရေး တင်းမာလာစေရန် ဖန်တီးနေခြင်းဖြစ်သည်။  

“ဝ” ခေါင်းဆောင်များကလည်း မြေပြင်အခြေအနေများ တိန့်ရှီကျွင်း နားလည်စေရန် ကြိုးစားရှင်းပြခြင်း၊ အချို့ အချက်များကို အခြေအမြစ်မရှိသော ကောလဟာလများအဖြစ် ငြင်းဆိုခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော် ၎င်းတို့အနေဖြင့် တရုတ်အစိုးရ၏ မူဝါဒများကို အတိအကျလိုက်နာ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ “ဝ” ပြည်မှ ကိုးကန့်နယ်မြေနှင့်ထိစပ်နေသော နယ်စပ်ဂိတ်စခန်းများအားလုံးကို အဝင်အထွက် ယာဥ်များအား တင်းကျပ်စွာစစ်ဆေးမှုများ ပြုလုပ်ရန် ညွန်ကြားထားပြီးဖြစ်ကြောင်း၊ “ဝ” ပြည်ထဲမှ ကိုးကန့်နယ်မြေထဲသို့ ဆန်၊ ဆေးဝါး၊ လောင်စာဆီ၊ လက်နက်ခဲယမ်းနှင့် မည်သည့်ပစ္စည်းမျှ သယ်ဆောင်ခွင့် မရှိကြောင်း တု့န်ပြန် ရှင်းလင်းခဲ့သည်။ 

သို့သော် “ဝ” တပ်ဖွဲ့အားလုံးကို စည်းကမ်းအတိုင်းလိုက်နာရန် ထိန်းချုပ်ထားနိုင်သော်လည်း နေ့စဥ်ကူးသန်း သွားလာနေကြသော သာမန်ပြည်သူများကိုပါ ၁၀၀ ရာခိုင်နှုန်း အလုံးစုံပိတ်ဆို့ ထိန်းချုပ်၍ မဖြစ်နိုင်ကြောင်း၊ အချို့ပြည်သူများ တစ်နိုင်တစ်ပိုင် သယ်ယူမှုများရှိနိုင်ပြီး၊ ယင်းသည် မပြောပလောက်သောပမာဏဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

ထိုအချက်ကို တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက လက်မခံပါ။ “ဝ” ခေါင်းဆောင်များ၏ ရှင်းပြချက်က ဆင်ခြေပေးခြင်းသက်သက်ဖြစ်ပြီး၊ ၉၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီး ၁၀ ရာခိုင်နှုန်း မထိန်းချုပ်နိုင်လျှင် “ဖြတ် ၅ ဖြတ်” သည် ထိရောက်မည်မဟုတ်ကြောင်း၊ အကယ်၍ တရုတ်အစိုးရက လုပ်ချင်သောကိစ္စကို တရုတ်ပြည်သူ များက မလုပ်ချင်ဘူး၊ ထိုပြည်သူတွေကို မထိန်းချုပ်နိုင်ဘူးဆိုလျှင် ထိုအစိုးရမျိုးသည် မည်ကဲ့သို့သော် အစိုးရ မျိုး ဖြစ်မည်နည်း ဟု တိန့်ရှီကျွင်းက ဥပမာပေး၍ “ဝ” ခေါင်းဆောင်များကို ပြန်လည်မေးခွန်းထုတ်ခဲ့သည်။ 

တရုတ်အထူးကိုယ်စားလှယ်၏ သဘောထားတင်းမာသော အပြုအမူနှင့် ဆင်ခြေများကို လက်မခံဘဲ ၎င်းပြော သည့်အတိုင်း အတိအကျ လိုက်နာလုပ်ဆောင်ရမည် ဟု “ဝ” ခေါင်းဆောင်များကို အမိန့်ပေးခိုင်းစေဟန် အပြု အမူတို့ကိုလည်း လေ့လာတွေ့ရှိရသည်။ ထို့အပြင် “ဝ” ပြည်နှင့် ကိုးကန့်ဒေသအကြား ကူးသန်းသွားလာမှု များကို ဂြိုလ်တုပုံရိပ် (Satellite Image) မှတစ်ဆင့် အချိန်ပြည့်စောင့်ကြည့်နေကြောင်းလည်း ခြိမ်းခြောက် ပြောဆိုသည်။ 

“ဝ” ခေါင်းဆောင်များကလည်း တရုတ်အစိုးရအနေဖြင့် အဆိုပါ ဂြိုလ်တုပုံရိပ်နှင့် အချက်အလက်များ မျှဝေပေး မည်ဆိုပါက ပို၍ထိရောက်စွာ အရေးယူလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း တောင်းဆိုသည်။ ထို့အပြင် တရုတ် အစိုးရ၏ အရေးယူပိတ်ဆို့မှုများကြောင့် လျှပ်စစ်မီးမရရှိသဖြင့် ဒီဇယ်ဖြင့် မီးထွန်းနေရသော နေရာများတွင် လောင်စာဆီရှားပါးမှုကို “ဝ” တပ်ဖွဲ့များနှင့် မိသားစုများပါ ဒုက္ခခံစားနေရကြောင်း၊ ထိုအချက်ကို ထည့်သွင်း စဥ်းစားပေးရန်ကိုလည်း “ဝ” ခေါင်းဆောင်များက တုန့်ပြန်ပြောကြားခဲ့သည်။

မြန်မာ့ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ပါ ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ နိုင်ငံတကာကို လူသိ ရှင်ကြား ပြောကြားခဲ့သော စကားနှင့် MNDAA ကို အလုံးစုံပိတ်ဆို့အရေးယူသော တရုတ်အစိုးရ၏ လုပ်ရပ်များ၊ “ဝ” ခေါင်းဆောင်များကို ဖိအားပေးအကျပ်ကိုင်နေသော လုပ်ရပ်များမှာ အပြောနှင့်လက်တွေ့ လုံးဝ ကွဲပြား ခြားနားနေပြီး၊ တရုတ်အစိုးရသည် မြန်မာအရေးတွင် နက်ရှိုင်းစွာ ဝင်ရောက်စွက်ဖက်နေကြောင်း တိန့်ရှီကျွင်း နှင့် “ဝ” ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုမှတ်တမ်းများတွင် ပေါ်လွင်ထင်ရှားနေသည်။

လားရှိုးမြို့မှ ချက်ချင်းပြန်လည်ဆုတ်ခွာရန်နှင့် မြန်မာစစ်တပ်ကို ဆန့်ကျင်နေသော NUG/PDF အဖွဲ့များနှင့် မပူးပေါင်းရန် MNDAA အပေါ် တရုတ်အစိုးရက အကျပ်ကိုင်ဖိအားပေးရာတွင် UWSA အား အတင်းအကျပ် ပူးပေါင်းပါဝင်ရန် ဖိအားပေးနေမှုသည် မည်သည့်ဖက်မှ မပါဝင်ဘဲ ကြားနေမည်ဆိုသည်မူကို ထိခိုက်လာပြီဖြစ်ကြောင်း “ဝ” ခေါင်းဆောင်များ စိုးရိမ်းကြောင့်ကြဖြစ်နေပုံကိုလည်း လေ့လာတွေ့ရှိရသည်။ 

စက်တင်ဘာလ ၄ ရက်နေ့တွင် တရုတ်ကျေနပ်ဖွယ်ရှိသည့် ကြေညာချက်တစ်စောင်ကို MNDAA ထုတ်ပြန် ခဲ့ရာ “ဝ” ခေါင်းဆောင်များကို တရုတ်အထူးကိုယ်စားလှယ်၏ ရှင်းပြခဲ့သည့် တရုတ်အစိုးရ၏ ရပ်တည်ချက်များ အတိုင်း အတိအကျ တုန့်ပြန်ထားသည်ကို လေ့လာတွေ့ရှိရသည်။ 

MNDAA ၏ ကြေညာချက်သည် တရုတ်အစိုးရ ဖိအားပေးမှုကို လိုက်လျောတုန့်ပြန်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့်ကို ဆုပ်ကိုင်ထားပြီး၊ တရုတ်အစိုးရ တောင်းဆိုသဖြင့် အရင်းအနှီးများစွာ ပေးဆပ်ပြီးမှ ရရှိထားသော လားရှိုးမြို့မှ ဆုတ်ခွာပေးလိုက်လျှင်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လားရှိုးကို ပြန်လည် ရရှိပြီးသည်နှင့် ကိုးကန့်ထိုးစစ်ကို သေချာပေါက် ဆက်လက်လုပ်ဆောင်မည်ကို MNDAA ခေါင်းဆောင်များ တွက်ဆထားပုံရှိသည်။  

မကြာသေးခင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များ လက်နက်စွန့်ပြီး၊ ပါတီထောင်ကာ၊ ရွေးကောက်ပွဲဝင်ရန် ကမ်းလှမ်းချက်ကို တရုတ်နယ်စပ်အခြေစိုက်အဖွဲ့များ က တုန့်ပြန်ခြင်းမရှိခဲ့ပါ။ အဆိုပါ ကမ်းလှမ်းချက်ကို ဆန်းစစ်လေ့လာကြည့်လျှင် စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို လက်နက်ချရန် ပြောဆိုခြင်းမှတစ်ပါး အခြားရွေးချယ်စရာမပေးခြင်းနှင့် ယင်းသည် လက်တွေ့ပကတိအရှိတရားနှင့် လွန်စွာဝေးကွာလျက်နေသည်။ 

“ဝ” တပ်ဖွဲ့များ၏ လှုပ်ရှားမှုကို တရုတ်အစိုးရ သတိထားစောင့်ကြည့်နေ 

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းသည် မိုင်းလား (NDAA) ခေါင်းဆောင် စိုင်းလင်း၏ ဈာပနအခမ်းအနား သို့ ထိုင်းနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းများထဲမှ တတ်ရောက်လာသော ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်း ရှိမရှိ၊ အဆိုပါအဖွဲ့များနှင့် UWSA အကြား မဟာဗျူဟာမြောက် ဆက်ဆံရေး ရှိမရှိ၊ UWSA မှ ထိုင်းနယ်စပ် အခြေစိုက်အဖွဲ့များကို လက်နက်ခဲယမ်းထောက်ပံ့နေခြင်းအား မေးမြန်းခဲ့သည်။

“ဝ” ခေါင်းဆောင်များက ဈာပနအခမ်းအနားသို့ တတ်ရောက်လာသူများအထဲ KNU ကို မတွေ့ရှိကြောင်း၊ KNDF ဒု-ခေါင်းဆောင်ကို တွေ့ကြောင်း၊ လားရှိုးတိုက်ပွဲတွင် KNDF ပါဝင်ကြောင်း၊ ယင်းအဖွဲ့များကို ကောင်းစွာ သိရှိသော်လည်း တွေ့ဆုံခဲ့ခြင်း မရှိကြောင်း၊ UWSA နှင့် ဆန့်ကျင်ဖက်ဖြစ်သော ရွက်ဆစ်အဖွဲ့မှ ကိုယ်စားလှယ် တစ်ဦး တတ်ရောက်လာသည်ကိုသာ တွေ့ရကြောင်း၊ အွန်လိုင်းပေါ်မှ အခြေအမြစ်မရှိသော သတင်းအချက် အလက်များသာဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။ 

၂၀၂၁ အောက်တိုဘာ ဒုတိယပတ်က ဒီးမော့ဆိုမြို့နယ်အတွင်း တွေ့ရသော KA နှင့် KNDF တပ်ဖွဲ့ဝင် နှစ်ဦး။ (ဓာတ်ပုံ-AFP)

MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်နေချိန် “ဝ” တပ်ဖွဲ့များ သံလွင်မြစ်ဖြတ်ကူးပြီး တန်ယန်းမြို့ သို့ ချီတတ်သွားသည့်ဖြစ်စဥ် အသေးစိတ်ကို တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက “ဝ” ခေါင်းဆောင် များအား အလေးထားမေးမြန်းခဲ့သည်။ 

ထိုဖြစ်စဥ်တွင် “ဝ” ဖက်က အစပြု ညှိုနှိုင်းခဲ့ခြင်းလော၊ သို့မဟုတ် စစ်တပ်ဖက်မှ အစပြုညှိနှိုင်းခဲ့ခြင်းလော ဟု မေးမြန်းရာ၊ “ဝ” ခေါင်းဆောင်များက နှစ်ဖက်ညှိနှိုင်းသဘောတူညီမှုဖြစ်သည် ဟု ပါးနပ်စွာ ဖြေဆိုခဲ့ကြသည်။ 

“ဝ” တပ်ဖွဲ့များသည် တန့်ယန်းကို လျှို့ဝှက်စွာသွားခဲ့ခြင်းမဟုတ်ဘဲ၊ “ဝ” စစ်တပ် ယူနီဖောင်များ ဝတ်ဆင်ပြီး၊ အလံထောင် သွားခဲ့ခြင်းဖြစ်ကြောင်း၊ “ဝ” တပ်ဖွဲ့များကို စစ်တပ်နှင့် MNDAA နှစ်ဖက်လုံးက လက်ခံသဖြင့် စစ်ပွဲ များ တန့်ယန်းမြို့သို့ ကူးစက်မလာစေရန် အတားအဆီး ဖြစ်ခဲ့ကြောင်း တရုတ်အထူးကိုယ်စားလှယ်ကို ရှင်းပြခဲ့ ကြသည်။

တန်ယန်းမြို့တွင် ဧကထောင်နှင့်ချီသော “ဝ” တပ်ဖွဲ့၏ ဟုန်ပန်းကုမ္ပဏီပိုင် သစ်သီးစိုက်ခင်းများနှင့် မွေးမြူရေး ခြံများ၊ အစာစက်ရုံနှင့် အုတ်စက်ရုံတို့ ရှိပြီး၊ ကြက်အများအပြားမွေးမြူထားကြောင်း၊ ထွက်ကုန်များကို “ဝ” ပြည်နယ်ထဲ တင်ပို့ရောင်းချ၍ တပ်ဖွဲ့ဝင်များကို ပြန်လည်ထောက်ပံ့နေရသဖြင့် အဆိုပါ အကျိုးစီးပွားများကို ကာကွယ်ရန် “ဝ” တပ်ဖွဲ့များ ဝင်ရောက်တပ်စွဲခြင်းဖြစ်သည်။  

တိန့်ရှီကျွင်းက လားရှိုးမြို့တွင် “ဝ” တပ်ဖွဲ့များ တပ်စွဲထားမှုအခြေအနေနှင့် MNDAA တပ်များ တပ်စွဲထားမှု အခြေအနေများကိုပါ မေးမြန်းရာတွင်၊ လားရှိုးမြို့ရှိ “ဝ” တပ်ဖွဲ့၏ ဆက်ဆံရေးရုံးကို ကာကွယ်ရန် တပ်ဖွဲ့ဝင် အနည်းငယ်သာ တပ်စွဲထားကြောင်း၊ ဆက်ဆံရေးရုံးသည် စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် ကပ် လျက်တွင်ရှိသည် ဟု သိရသည်။

MNDAA တပ်ဖွဲ့များသည် မြို့တွင်းနေရာအနှံ့နှင့် မြို့အပြင်ဖက် ကုန်းမြင့်နေရာများတွင် တပ်ရင်းများ ဖြန့်ကျက် တပ်စွဲထားပြီး၊ စစ်တပ်မှ သေချာပေါက် ပြန်လည်တိုက်ခိုက်လာမည်ကို တွက်ဆထားပြီး ပြင်ဆင်ထားကြောင်း၊ မြို့တွင်လုံခြုံရေးကို MNDAA ရဲတပ်ဖွဲ့က တာဝန်ယူထားကြောင်း “ဝ” ခေါင်းဆောင်များက တိန့်ရှီကျွင်းကို ရှင်းပြကြသည်။ 

“ဝ” အဖွဲ့အနေဖြင့် စစ်ကောင်စီကို တိုက်ခိုက်မှုများတွင် ပါဝင်လိုက်မည်ဆိုပါက စစ်ကောင်စီသည် ခြောက်လတာအတွင်းပင် ပြုတ်ကျနိုင်သော်လည်း ၎င်းတို့အနေဖြင့် ထိုသို့ပြုလုပ်ဆောင်ရွက်ခြင်း မရှိကြောင်းကိုလည်း “ဝ”တပ်ဖွဲ့ခေါင်းဆောင်များက တရုတ်ကိုယ်စားလှယ်အဖွဲ့က ရှင်းပြခဲ့သည်။

တရုတ်အစိုးရ၏ မပြောင်းလဲသော မြန်မာစစ်တပ်ဖက်မှ ရပ်တည်ခြင်း 

စစ်တပ်သည် မြန်မာနိုင်ငံကို ထူထောင်သူ (The Founder of the State) ဖြစ်ပြီး၊ မြန်မာ့နိုင်ငံရေးတွင် အရေး အပါဆုံး နိုင်ငံရေးအင်အားစု ဖြစ်ကြောင်း၊ NUG ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဖြစ်စေ၊ မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် စစ်တပ်၏အရေးပါမှုကို အစားထိုး၍ မရနိုင်ကြောင်း၊ ယင်းကို မြန်မာသမိုင်းက ပြဌာန်းထားပြီး ဖြစ်ကြောင်း တိန့်ရှီကျွင်းက UWSA ခေါင်းဆောင်များကို ပြောကြားခဲ့ သည်။ 

တရုတ်အစိုးရ သံတမန်တစ်ဦး၏ အဆိုပါ ပြောဆိုချက်သည် တရုတ်အစိုးရ၏ရပ်တည်ချက် အစစ်အမှန်ဆိုလျှင် တရုတ်နိုင်ငံသည် မြန်မာပြည်သူလူထု၏ဆန္ဒကို လုံးဝလစ်လျူရှုခြင်း၊ နိုင်ငံတော်အာဏာကို မည်သည့်နည်း လမ်းဖြင့် ရယူသည်ဖြစ်စေ အာဏာလက်ဝယ်ရှိသူကိုသာ အသိအမှတ်ပြုခြင်း၊ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် နိုင်ငံတကာဥပဒေများနှင့် စံနှုန်းများကို တာဝန်သိစွာ လေစားလိုက်နာမှုမပြုခြင်းပင် ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် သြဂုတ်လနေပြည်တော်ခရီးစဉ်အတွင်း အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေနှင့်လည်း တွေ့ဆုံခဲ့သည် (ဓာတ်ပုံ-ဆင်ဟွာ)

ယနေ့ တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်များအကြား ဖုံးဖိမရသောစိုးရိမ်မှုမှာ တစ်ချိန်က ဗမာပြည်ကွန်မြူ နစ်ပါတီ (BCP) ကို ချေမှုန်းတိုက်ထုတ်နိုင်ခဲ့သည့် သမိုင်းအစဥ်အလာရှိခဲ့သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နှင့် လားရှိုးမြို့ကို MNDAA က အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့သည့် ဖြစ်စဥ်တွင် မြန်မာစစ်တပ် ပြိုလဲသွား နိုင်သည့် အခြေအနေကို မြင်တွေ့လာရခြင်း ဖြစ်သည်။ ထိုအချက်ကို တိန်ရှီကျွင်း၏ ပြောဆိုချက်များထဲမှ လေ့လာတွေ့ရှိရသည်။ 

ထို့ကြောင့် စစ်တပ်ပြိုလဲသွားပါက နိုင်ငံတစ်စစီပြိုကွဲပြီး ဝရုန်းသုန်းကားဖြစ်သွားနိုင်ခြေရှိကြောင်း တရုတ် ခေါင်းဆောင်များ သုံးသပ်ထားကြပြီး၊ စစ်တပ်မပြိုလဲအောင် တရုတ်က ကျားကန်ပေးရန် လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း အထင်အရှားတွေ့ရှိရလာသည်။ 

လားရှိုးမြို့ကျဆုံးပြီး ရက်ပိုင်းအတွင်း နေပြည်တော်သို့ ရောက်ရှိလာသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တစ်သားတည်းဖြစ်တည်မှုနှင့် တည်တံမှုကို အခိုင်အမာထောက်ခံကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ 

ဝမ်ယိ၏ အဆိုပါပြောဆိုချက်က ညီနောင်မဟာမိတ် ၃ဖွဲ့ ဖြစ်သော ကိုးကန့် (MNDAA) တအာင်း (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့က လားရှိုးမြို့သာမက ရှမ်းပြည်နယ်မြောက်ပိုင်း တစ်ခုလုံးနီးပါးကို သိမ်းပိုက်ထား ခြင်းအပေါ် တရုတ်အစိုးရက မထောက်ခံ အသိအမှတ်မပြုကြောင်း အဓိပ္ပါယ်ရသည်။ 

နိုင်ငံတကာဥပဒေများ အရလည်း မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်တွင် အိမ်နီးချင်းနိုင်ငံတစ်ခုက မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့တစ်ခုကို အသိအမှတ်ပြုလိုက်ပါက နိုင်ငံပြိုကွဲသွားနိုင်သည်။ ထိုအချက်ကို ကောင်းစွာသိရှိထားသော စစ်ကောင်စီက တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကို တရုတ်အစိုးရက အကူအညီမပေးရေး၊ အကာအကွယ်မပေးရေးနှင့် တရုတ်၏ဩဇာအာဏာကို အသုံးချ ၍ ထိုအဖွဲ့များအကြား အချင်းချင်းဖိအားများဖြစ်ပေါ်စေရန်နှင့် စည်းလုံးမှုပြိုကွဲလာစေရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။  

လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် MNDAA နှင့် TNLA တို့သည် PDF များနှင့်ပူးပေါင်းပြီး ပြင်ဦးလွင်နှင့် မန္တလေး မြို့အထိ ချီတတ်သိမ်းပိုက်မည့်အရေးနှင့် တပြိုင်နက်ထဲမှာ UWSA သည် စစ်ပွဲအတွင်း ပါဝင်လာပြီး ရှမ်းပြည် နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့များကို သိမ်းပိုက်ကာ နှစ်ခြမ်းကွဲနေသော “ဝ” နယ်မြေများကို တစ်ဆက်တည်းဖြစ်သွားရန် လုပ်ဆောင်လာမည့်အရေး တရုတ်အစိုးရစိုးရိမ်နေကြောင်း တွေ့ရှိရသည်။ 

မင်းအောင်လှိုင်နှင့် ဝမ်ယိတို့ သြဂုတ်လအတွင်းက နေပြည်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ – ဆင်ဟွာ)

ထို့ကြောင့် တိန့်ရှီကျွင်းက လားရှိုးသိမ်းပြီးနောက် ညီနောင်မဟာမိတ် ၃ဖွဲ့၏ နောက်ထပ်စစ်ရေးခြေလှမ်းကို “ဝ” ခေါင်းဆောင်များ ထံမှ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ “ဝ” ခေါင်းဆောင်များကလည်း MNDAA သည် စစ်ရေးနှင့်ပတ်သက်ပြီး သူတို့ကို အသိပေးခြင်းမရှိကြောင်း၊ ယခုအခါ MNDAA သည် သိမ်းပိုက်နယ်မြေ ပိုမို ကျယ်ဝန်းသွားပြီဖြစ်၍ ယုံကြည်မှုများ မြင့်မားနေပြီး၊ သူတို့ကိုပင် အထင်အမြင်သေးသည့် အရိပ်လက္ခဏာများ ရှိလာနေကြောင်း၊ စစ်ပွဲအတွင်း UWSA ပါဝင်မည်မဟုတ်ဘဲ ကြားနေမည်သာဖြစ်ကြောင်း တရုတ်အထူး ကိုယ်စားလှယ် မေးမြန်းမှုကို ပြန်လည်တုန့်ပြန်ခဲ့သည်။

UWSA ကိုထိန်းချုပ်နိုင်လျှင် တော်လှန်ရေးဦးကျိုးမည်ဟု တရုတ်အစိုးရ ယုံကြည်ထား

တိန့်ရှီကျွင်း၏ဆွေးနွေးချက်များကို လေ့လာသုံးသပ်ရာတွင် ညီနောင်မဟာမိတ် ၃ဖွဲ့၏ ခြေလှမ်းများကို တရုတ် ခေါင်းဆောင်များ တွက်ဆနိုင်ခြင်းမရှိ ဖြစ်နေပြီး၊ ကြားနေမည် ဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားသော UWSA၊ မိုင်းလား (NDAA) နှင့် ရှမ်းပြည်တပ်မတော် (SSA-N) တို့ကိုပါ သတိထားစောင့်ကြည့် နေပုံရသည်။

တရုတ်ခေါင်းဆောင်များအကြား ထိုကဲ့သို့စိုးရိမ်းချက်များ မြင့်တက်လာစေရန် စစ်ကောင်စီသည် တရုတ်ဖက် ကို သတင်းအချက်အလက်များ စနစ်တကျ ဖန်တီးပေးပို့နေခြင်းလည်း ဖြစ်နိုင်ပါသည်။ “ဝ” ခေါင်းဆောင်များ က တိန့်ရှီကျွင်း၏ မေးမြန်းချက်များကို အင်တာနက်ပေါ်က မဟုတ်မမှန်သော စွပ်စွဲချက်များအား မယုံကြည် ရန် ပြောဆိုတုန့်ပြန်ခဲ့သည်။ 

သို့ရာတွင် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းသည် “ဝ” ခေါင်းဆောင်များ လိုက်နာရမည့် အချက် (၄) ချက်ကို တင်းတင်းမာမာ ပြောဆိုခဲ့သည်။ ယင်းတို့မှာ (၁) MNDAA ကို လက်နက်ရောင်းချခြင်း လုံးဝမပြုလုပ်ရ၊ (၂) “ဝ” ပြည်မှ ကိုးကန့်ဒေသထဲသို့ သွားရောက်သည့် ယာဥ်မှန်သမျှ လက်နက်၊ စစ်အသုံးအဆောင်ပစ္စည်း၊ လောင်စာဆီ၊ ဆေးဝါး၊ ရိက္ခာ လုံးဝသယ်ဆောင်ခြင်းကို ခွင့်မပြုရ၊ (၃) ကိုးကန့်ဒေသကို အဝင်အထွက်လုပ် သော လူပုဂ္ဂိုလ်တိုင်း၏ အချက် အလက်များကို သေချာစိစစ်ပြီး၊ စစ်ရေးနှင့် နည်းပညာကျွမ်းကျင်းသူများ “ဝ” ပြည်ထဲမှတစ်ဆင့် မဝင်ရောက် နိုင်ရန် ပိတ်ပင်ရေးနှင့် (၄) PDF ၊ ကရင်နီ နှင့် တောင်ပိုင်းက လက်နက်ကိုင်အဖွဲ့ များကို လက်နက်ရောင်းချခြင်း လုံးဝမပြုလုပ်ရ ဟု တားမြစ်သည်။

အဆိုပါ တားမြစ်ချက်များကို မလိုက်နာဘဲ UWSA အနေဖြင့် MNDAA ကို ဆက်လက်ထောက်ပံ့ကူညီနေလျှင် တရုတ်အစိုးရကို ထိပ်တိုက်ရင်ဆိုင်ခြင်း ဖြစ်သည် ဟု သတိပေးသည်။ ရလဒ်အနေဖြင့် တရုတ်အစိုးရသည် “ဝ” ပြည်ကို ပေးအပ်နေသော သက်မွေးဝမ်း ကြောင်းမှုဆိုင်ရာ အထောက်အပံ့အားလုံး ရပ်ဆိုင်းမည်၊ “ဝ” ပြည်နှင့် ကုန်သွယ်မှု၊ အကန့်အသတ်မရှိ ရပ်ဆိုင်းမည်၊ သတ္တုမိုင်းလုပ်ငန်း၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုနှင့် ရေအားလျှပ်စစ် စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုများ အားလုံး ရပ်ဆိုင်းမည် ဟု “ဝ” ခေါင်းဆောင်များကို ခြိမ်းခြောက် အကျပ် ကိုင်ခဲ့သည်။  

ခြုံ၍လေ့လာရလျှင် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်တော်လှန်နေသည့် အဖွဲ့များက စစ်တပ်ကို အင်အားကောင်းစွာ တိုက်ခိုက်နိုင်ခြင်းသည် UWSA ထံမှ လက်နက်ခဲယမ်းများ ရောင်းချနေခြင်း ကြောင့် ဟု တရုတ်အစိုးရက သုံးသပ်ထားသည်။ UWSA သည် ၎င်းတို့၏ ညီနောင်မဟာမိတ်အဖွဲ့များဖြစ်သော တရုတ်နယ်စပ်အခြေစိုက် MNDAA ၊ TNLA ၊ AA တို့ကိုသာမက ထိုင်းနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များ ကိုပါ လက်နက်ရောင်းချနေသည်ဟု တရုတ်အစိုးရက ယုံကြည်ထားသည်။

တရုတ်အစိုးရအထူးကိုယ်စားလှယ် တိန့်ရှီကျွင်း၏ ပြောဆိုချက်များအားလုံးသည် စစ်ကောင်စီက မကြာခဏ ပြောဆိုနေသော အချက်အလက်များနှင့် ထပ်တူကျနေသည်ကိုလည်း သတိပြုလေ့လာတွေ့ရှိရသည်။ တရုတ် အစိုးရ၏ “ဝ” ခေါင်းဆောင်များကို ဖိအားပေးမှုအတိုင်း ဖြစ်လာခြင်းရှိမရှိ စောင့်ကြည့်ရပေလိမ့်မည်။ 

၁၉၈၈ ခုနှစ်တွင် တရုတ်ခေါင်းဆောင်များသည် မြန်မာပြည်သူများ၏ဆန္ဒကို လုံးဝလစ်လျှူရှု့ခဲ့ပြီး၊ ထိုစဥ်က အာဏာသိမ်းခေါင်းဆောင် အာဏာရှင်ဟောင်း သန်းရွှေကို ကူညီခဲ့ပြီး မြန်မာစစ်တပ် ကြီးထွားလာရန် ဘီလီယံ ချီသော စစ်လေယာဥ်များ၊ စစ်ရေယာဥ်များ၊ လက်နက်ကြီးများ ရောင်းချခဲ့သည်။ မြန်မာ့သယံဇာတများကို လက်ဝါးကြီးအုပ်ထုတ်ယူ အကျိုးအမြတ်ရယူခဲ့ကြသည်။ မြန်မာပြည်သူများ ထိုဖြစ်ရပ်များကို မမေ့ကြပါ။ 

ယခုတစ်ကြိမ် ပြည်သူများ၏ဆန္ဒကို ထပ်မံလစ်လျှူရှု့၍ ၂၀၂၁ ခုနှစ် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အာဏာတည်မြဲရေး ကူညီနေသည်ကို ထင်ရှားစွာတွေ့မြင်လာရသည်။ “တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူကြောင်း” တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ ပြောကြားချက်နှင့် တရုတ်အစိုးရ၏ လက်တွေ့လုပ်ဆောင်ချက်သည် လုံးဝကွာခြားနေသည်ကို တွေ့ရှိရသည်။

Show More

Related Articles

Back to top button