သတင်း

တရုတ် ကျေနပ်ဖွယ်ရှိသည့် ကြေညာချက် MNDAA ထုတ်ပြန်

ရှမ်းမြောက်တွင်စစ်ပွဲရပ်ရန်ကြိုးစားမည်ဟု တရုတ်က ပြောကြားပြီးနောက် MNDAA ကလည်း တိုက်ပွဲ ရှေ့ဆက်မည်မဟုတ်၊ ခုခံကာကွယ်ရေးသာ ဆက်လုပ်မည်၊ NUG နှင့် မပူးပေါင်းဟု ထုတ်ပြန်လာသည်။

မြန်မာ့အရေးဝင်ရောက်စွက်ဖက်ခြင်းမပြုကြရန် မကြာခဏ သတိပေးနေသည့် တရုတ်နိုင်ငံ သဘောကျစေမည့် ကြေညာချက်တစ်စောင်ကို  ၁၀၂၇ စစ်ဆင်ရေးဦးဆောင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ကိုးကန့်တပ် MNDAA က ထုတ်ပြန်လိုက်သည်။

စက်တင်ဘာ ၄ ရက်စွဲတပ် ကြေညာချက်တွင်  အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းမည်မဟုတ်ဟု ဖော်ပြထားသည်။ ထို့အပြင်  မန္တလေး နှင့် တောင်ကြီးမြို့များကို ထိုးစစ်ဆင်မည်မဟုတ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

MNDAA သည် မြန်မာ-တရုတ်နယ်စပ် ကိုးကန့်ဒေသမှ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးအထိ သိမ်းပိုက်ထားသည်။

၁၀၂၇ စစ်ဆင်ရေးတွင်ပါဝင်သည့် MNDAA နှင့် တအာင်းတပ် TNLA တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း ရှိ မြို့အားလုံးနီးပါးကို သိမ်းပိုက်ခဲ့ပြီးနောက် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ကြိုးစားနေသည်ဟု တရုတ်အစိုးရက ပြီးခဲ့သည့်သြဂုတ်လကုန်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။  

MNDAA ၏ ထုတ်ပြန်ချက်သည် တရုတ်ဘက်က ရှမ်းမြောက်အရေး ထုတ်ဖော်ပြောဆိုအပြီး ရက်အနည်းငယ်အကြာတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။    ထုတ်ပြန်ချက်ကို စက်တင်ဘာ ၄ ရက်နေ့က ၎င်းတို့၏Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့ သော်လည်း မိနစ်ပိုင်းအတွင်း ပြန်လည်ဖြုတ်ချခဲ့သည်။ 

ထို့နောက်သီတင်းနှစ်ပတ်အကြာ စက်တင်ဘာ ၁၈ ရက်နေ့တွင် နောက်တကြိမ် ထပ်မံလွှင့်တင်ခဲ့ခြင်း ဖြစ်သည်။  

ကိုးကန့်တပ်၏ သဘောထားထုတ်ပြန်ချက်သည် တရုတ်နိုင်ငံ၏ ဖိအားများကြောင့်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က Myanmar Now ကို ပြောသည်။ 

၁၀၂၇ စစ်ဆင်ရေးအတွင်း ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသော တချို့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် MNDAA ကြား ဆက်ဆံရေးကို အနည်းငယ်ထိခိုက်နိုင်သော်လည်း ရှမ်း-မန်း စစ်ဆင်ရေးကဲ့သို့ နွေဦးတော်လှန်ရေးတိုက်ပွဲများအပေါ်ကိုမူ သက်ရောက်မှုမရှိနိုင်ကြောင်း  သူက သုံးသပ်သည်။

“လားရှိုးမှာပဲ စစ်ရပ်လိုက်တော့မယ်လို့ (MNDAA က) ပြောတဲ့ သဘောပါပဲ။ MNDAA ကတော့ သူရဲ့ပထဝီနိုင်ငံရေး၊ စီးပွားရေးကြောင့် သူ့အကျပ်အတည်းကြောင့် တရုတ်က ဖိအားပေး စွက် ဖက်လာတဲ့အတွက် ဒီလိုစစ်ရေးဆိုင်းငံ့လိုက်ရတာလည်းဖြစ်ပါတယ်” ဟု သူက ပြောသည်။  

“ ဒါပေမဲ့ အဲဒီသဘောထား ဟာလည်း သူရဲ့ သဘောထားမဟုတ်ပါဘူး၊ တရုတ်ရဲ့ သဘောထားပါ။ ဘာလို့ဆိုရင် တရုတ်က နှပ်ကြောင်းပေးထားတဲ့ လမ်းကြောင်းကို သူတို့ ထုတ်ပြန်တာပဲလေ”  

တိုက်ပွဲများကြောင့် ရပ်တန့်နေသော တရုတ်-မြန်မာ အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သော မန္တလေး – မူဆယ်ကုန်သွယ်လမ်းကြောင်းကိုလည်း တရုတ်အလိုကျ ဖွင့်ပေးရန်လည်း စီစဉ် ထားပုံရသည်ဟု ဦးသန်းစိုးနိုင်က ပြောသည်။   

ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Myanmar Now က ကိုးကန့်တပ် MNDAA နှင့် NUG ထံ သဘောထား မှတ်ချက်တောင်းခံရန် ကြိုးစားနေဆဲဖြစ်သည်။ 

စစ်မြေပြင်များချဲ့ထွင်ခြင်းမပြုဟု ဆိုသော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင် သွားပါမည်ဟု MNDAA က ထုတ်ပြန်ချက်တွင် ရေးထားသည်။ “မြန်မာနိုင်ငံ၏ အခြေအနေကို ကြားဝင်စေ့စပ် ဖြေရှင်းပေးပါရန်” မေတ္တာရပ်ခံသည်ဟုလည်း ထုတ်ပြန််ချက်က ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်များကို တကျော့ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ သော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း) တွင် စစ်ကောင်စီ၏ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA နှင့် မဟာမိတ်ပူးပေါင်း တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်သည်။ 

အဆိုပါ တိုင်းစစ်ဌာနချုပ်ကြီး တစ်ခုလုံး လက်လွှတ်ကျရှုံးမှုသည် မြန်မာစစ်တပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ခဲ့သည်။ 

ထိုသို့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်စခန်းအများအပြားကို ကိုးကန့်တိုင်းရင်းသားတပ် MNDDA ထံသို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အခြေအနေသည် တရုတ်နိုင်ငံ၏ ပယောဂမကင်းကြောင်း ဩဂုတ်လ ၅ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းထွက်ပြောခဲ့သည်။ 

ယင်းသို့ မိန့်ခွန်းထွက်ပြောပြီး နောက်တစ်ရက်မှာပင် စစ်ကောင်စီ၏ ကမကထဖြင့် တပ်ထောက်ခံသူများ နှင့် အမျိုးသားရေး အစွန်းရောက်ဝါဒများက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ရပ်ကို ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့နှင့် နေပြည်တော်တွင် တစ်ပြိုင်နက် ပြုလုပ်ခဲ့ကြသည်။  

ထို့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဩဂုတ်လ ၁၄ ရက်နေ့တွင် နေပြည်တော်သို့ ရောက် လာခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့သည်။

 “တရုတ်နိုင်ငံသည် မြန်မာနိုင်ငံက မတည်မငြိမ် ဖြစ်မှုနှင့် စစ်ပွဲဖြစ်ပွားမှုကို ဆန့်ကျင်ပါကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသည့် တရုတ် နိုင်ငံကို အမည်ဖျက်အပုပ်ချသည့် မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ပါကြောင်း”  ပြောဆိုဆွေးနွေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ 

ဩဂုတ်လ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်ကျင်းပသော ၉ ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက   မြန်မာ့အရေးတွင် ကျော်လွန်၍မရသော “စည်း သုံးခု” ရှိပြီး ခိုင်မာစွာ ထိန်းသိမ်းရမည်ဟု နိုင်ငံတကာကို သတိပေးခဲ့သည်။ 

အဆိုပါ “စည်း ”သုံးခု မှာ မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ် ဖြစ်ပွား၍ မရခြင်း၊ အာဆီယံ မိသားစု၏လမ်းကြောင်းမှ ကင်းကွာသွား၍ မရခြင်း၊ ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ ဖြစ်သည်။ 

တရုတ်အစိုးရသည် စစ်ကောင်စီကို တိုက်ခိုက်နေသည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ထိုးစစ်များ မရပ်ပါက ကြောက်ရွံ့အောင် ဆုံးမမည်ဟုလည်း စာပို့ခြိမ်းခြောက် ခဲ့သည်။

Show More

Related Articles

Back to top button